သူက အနုပညာကို ဉာဏ်ရဲ့ အရှေ့မှာ ထားတယ်။

ဖြူဖြူကျော်သိန်းကတော့ ကိုယ်ပိုင်သီချင်း အသစ်လေးထွက်ရှိလာတဲ့ ဘန်ဂျမင်ရဲ့ ဂီတဖန်တီးမှုအပေါ် ချီးကျူးစကားတွေ ပြောထားပါတယ်။ 

Photo: Dior



Myanmar idol (Season-4) ကနေ ပရိသတ်အခိုင်အမာရရှိထားတဲ့ ဘန်ဂျမင်ဆွန်ရဲ့ " ပြန်တွေ့မယ့်ရက်" သီချင်းအသစ်လေးအပေါ် ဖြူဖြူကျော်သိန်းက ချီးကျူးစကားဆိုထားပါတယ်။ " ပြန်တွေ့မယ့်ရက်" သီချင်းလေးနဲ့ ပတ်သက်ပြီး သူမရဲ့ ခံစားချက်ကို Duwun Media ကနေ ပြောပြလာပါတယ်။ 

" ဒီသီချင်းလေးကို တေးရေး ဆီက စရကတည်းက ဖြူဖြူနားထောင်ရပါတယ်။ ဘန်က သူဘယ်လို ဖြစ်ချင်တယ်၊ လုပ်ချင်တယ်ဆိုတာကို ပြောပြပြီး တိုင်ပင်ပါတယ်။ ဒီသီချင်း တီးတာ၊ ဆိုတာ၊ Music Video ရိုက်တာ၊ Editing လုပ်တာ၊ Mixing ၊ Mastering၊ Album art ၊ Taser နောက်ဆုံး ထွက်လာတာအထိ အစအဆုံး သိနေတော့ အခုလို Covid-19 ကာလမှာ သူဘယ်လောက်ထိ ခက်ခက်ခဲခဲ အများကြီး ကြိုးစားပြင်ဆင်ထားရလဲဆိုတာ သေချာသိနေတယ်။ သူ့ရဲ့ ပထမဆုံး ထွက်တဲ့ ကိုယ်ပိုင်သီချင်း၊ ကိုယ်ပိုင်သံစဉ်သီချင်း၊ မြန်မာလိုဆိုတဲ့ သီချင်း၊ သူ့ မွေးရပ်မြေမှာ သူ့ သူငယ်ချင်း Local Talents ချင်းလူမျိုးတွေနဲ့ ဖန်တီးထားတဲ့ သီချင်း၊ ချင်းတောင်တန်း ရှုခင်းနောက်ခံနဲ့ ရိုက်ထားတဲ့ သီချင်း၊ သူ့ရဲ့ ကိုယ်ပိုင် ထူးခြားတဲ့ အသံ၊ ဆိုဟန်စတိုင်လ် ကို ဖော်ပြနိုင်တဲ့ သီချင်း၊ အရသာအသစ်တစ်ခုကို ခေါ်ဆောင်လာနိုင်တဲ့ သီချင်းဖြစ်တာကြောင့် သူ့အတွက် ဂုဏ်ယူတယ်။ ထပ်တူဝမ်းသာတယ်။ ဒါကြောင့် ဖြူဖြူ့ Facebook Page မှာ Crossposting လုပ်ပြီးတင်ဖြစ်တာပါ။ သူ့ ပရိသတ်တွေလည်း ဖြူဖြူ့ လိုပဲ ဂုဏ်ယူဝမ်းသာမယ် ထင်ပါတယ်” လို့ သူကဆိုပါတယ်။ 

Photo: Dior

Myanmar idol(Season-4) သီချင်းဆိုပြိုင်ပွဲကြီး ပြီးသွားတဲ့ (၆) လအတွင်းမှာ ပြိုင်ပွဲဝင်တွေဟာ ကိုယ်ပိုင်သံစဥ်သီချင်းလေးတွေ ထွက်လာနိုင်ကြတယ်လို့ ဖြူဖြူကျော်သိန်းက ပြောပါတယ်။ ဘန်ဂျမင်ကတော့ ၄ ယောက်မြောက် သီချင်းထွက်တဲ့သူပါ။ အရှေ့မှာတော့ ၃ ယောက်ထွက်ထားကြတယ်။ နောက်ထပ်လည်း သီချင်းတွေ ထွက်လာကြဖို့ ရှိပြီး ဘန်ဂျမင်ရဲ့ ဂီတဖန်တီးမှုတွေအပေါ် အခုလို သုံးသပ်ပြောပြလာပါတယ်။ 

"တကယ်တော့ ဘန့်သီချင်း မတိုင်ခင် အရှေ့မှာ ၃ ယောက်လောက် ကိုယ်ပိုင် သီချင်းလေးတွေ ထွက်ထားပြီးသွားပြီ။ ဘန်က ၄ ယောက်မြောက်ထွက်တာပါ။ ကလေးတွေက အရမ်းကြိုးစားကြတယ်။ ပြိုင်ပွဲအပြီး (၆) လ အတွင်းမှာ ကိုယ်ပိုင် သီချင်းလေးတွေ ထွက်လာနိုင်ကြတယ်။ တခြားကလေးတွေလည်း ထွက်လာကြဦးမှာပါ။ ဘန်က သူ့ရဲ့ ဂီတဖန်တီးတဲ့ အခါမှာ အနုပညာကို ဉာဏ်ရဲ့ အရှေ့မှာ ထားနိုင်တဲ့သူလို့ သုံးသပ်မိတယ်။ အနုပညာဖန်တီးတဲ့အခါ အနုပညာနဲ့ အတူ ဉာဏ်လိုတာမှန်တယ်။ ဉာဏ်မပါရင် ရေရှည်မခံပဲ ပရမ်းပတာဖြစ်ပြီး မြန်မြန် ပျက်ဆီးသွားနိုင်တယ်။ ဒါပေမယ့် ဉာဏ်ကို အနုပညာရှေ့မှာ ထားလွန်းရင် အနုပညာအစစ်တွေ ခေါင်းပါးကုန်ရော။ အခုခေတ်ကြီးက ဉာဏ်ရှိရင်၊ Strategy တွေကို သိရင်၊ Net Working တွေကို သိရင် အနုပညာရှိချင်ယောင်ဆောင်လို့ရတယ်လေ။ အဲဒါမျိုးကို ဖြူဖြူ သဘောမကျဘူး။ ကိုယ်တိုင်လည်း အနုပညာကို ဉာဏ်ရဲ့ အရှေ့မှာထားတယ်။ အဲဒီလို အနုပညာသမားတွေအများကြီး ပေါ်ထွက်လာစေချင်တယ်။ အားလုံးကတော့ ကိုယ်ထွက်သမျှ သီချင်းကိုပေါက်ချင်ကြတာပေါ့။ သူတို့လို ပထမဆုံး ထွက်ရမယ့် သီချင်းဆို ပိုတောင်ပေါက်ချင်တာပေါ့။ ဒါပေမယ့် သူက စွန့်စားလွန်းတယ်။ ကိုယ့်ထက်တောင် ပိုပေရှည်သေးတယ်။ ဒါပေမယ့် သူ့ကို Support လုပ်ပေးရတာ ဂုဏ်ယူတယ်။ ဖြူဖြူ့ကို ယုံကြည်တိုင်ပင်တာကိုလည်း ဝမ်းသာတယ်” လို့လည်း သူကဆိုပါတယ်။ 


Photo: Dior

ဖြူဖြူကျော်သိန်းရဲ့ ဂီတလှုပ်ရှားမှုတွေမှာလည်း ဘန်ဂျမင်နဲ့ အတူတွဲ လုပ်လာတာ တွေ့ရပါတယ်။ နောက်ထပ် idol ပြိုင်ပွဲဝင်တွေနဲ့ အတူတွဲပြီး သီချင်းတွေ ဆိုဖို့ ရှိ၊ မရှိဆိုတဲ့ မေးခွန်းအပေါ် ဖြူဖြူကျော်သိန်းက အခုလို ပြောပြလာပါတယ်။ 

"ဘန်က ဖြူဖြူ့ကို သူ့ သီချင်း အသစ်လေးတွေ ရလာတိုင်း အမြဲလာပြတယ်။ နားထောင်ခိုင်းတယ်။ အကြံဉာဏ်တောင်းတယ်၊ မေးတယ်၊ တိုင်ပင်တယ်။ သူဖြစ်ချင်တာ၊ လုပ်ချင်တာလေးတွေ ပြောတယ်။ အဲဒီတော့ ကိုယ်လည်း သူ့ကို ကူညီပေးလို့ရတာပေါ့။ သူ့ အပြင် ဖြူဖြူနဲ့ နောက်ထပ် idol ပြိုင်ပွဲဝင်တွေ အတူတွဲပြီး ဂီတလှုပ်ရှားမှုတွေလုပ်ဖို့ လာပြောထားတာတော့ မရှိသေးပါဘူး"လို့ သူကဆိုပါတယ်။  

Photo: Phyu Phyu Kyaw Thein

“တတိယမြောက် ရည်းစားစကားနိဒါန်း” ဆိုတဲ့ သီချင်းကို အဆိုတော် ဘိုဘိုဟန်ရဲ့ ဂီတဖျော်ဖြေပွဲမှာ စပြီး သီဆိုခဲ့ချိန်က ပရိသတ်တွေ စတင်သိရှိခဲ့တဲ့ ဖြူဖြူကျော်သိန်း ဟာ အခုချိန်မှာတော့ ဂီတလောကမှာ အောင်မြင်မှုများစွာ ရရှိနေတဲ့ အဆိုတော် တစ်ယောက်ဖြစ်လို့လာပါပြီ။ ဖြူဖြူကျော်သိန်း(Phyu Phyu Kyaw Thein)ဟာ ဂီတလောကကို စတင်ဝင်ရောက်လာကတည်းက ဆန်းသစ်တဲ့ ဖက်ရှင်များ၊ အသံပါဝါကောင်းကောင်းနဲ့ ချိုသာသော အပြုံးတွေကို ပိုင်ဆိုင်ထားတဲ့ အမျိုးသမီး အဆိုတော် တစ်ယောက်ပါ။ တစ်ကိုယ်တော်အခွေတွေလည်း အများကြီး ထွက်ရှိထားတာ ဖြစ်သလို တစ်ကိုယ်တော် ဖျော်ဖြေပွဲတွေလည်း လုပ်ခဲ့ဖူးသူ တစ်ယောက်ဖြစ်ပါတယ်။ လက်ရှိမှာတော့ ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေတဲ့ အဆိုတော် တစ်ယောက်ဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က