မန်စီးတီးတိုက်စစ်မှူး ဟာလန်းက သူတို့အနေနဲ့ ပိုမိုကောင်းမွန်တဲ့ အသင်းတသင်းဖြစ်လာဖို့ရှိကြောင်းနဲ့ ဝက်စ်ဟမ်းနဲ့ပွဲခြေစွမ်းက ရာသီအစပိုင်း ခြေစွမ်းသာဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။ ဟာလန်းဟာ မန်စီးတီးနဲ့ ပရီးမီးယားလိဂ်ပွဲဦးထွက်မှာ ဂိုးသွင်းခြေစွမ်းပြနိုင်ခဲ့ပါတယ်။
ဒီကစားသမားဟာ ဝက်စ်ဟမ်းကို အဝေးကွင်းမှာ နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ အသင်းအတွက် အနိုင်ဂိုးနှစ်ဂိုးလုံးကို သွင်းယူပေးခဲ့ပါတယ်။ ရရှိလာတဲ့ပင်နယ်တီကို ဟာလန်းက အမှားအယွင်းမရှိအောင် ကန်သွင်းနိုင်ခဲ့သလို ဒုတိယပိုင်းမှာလည်း ဒီဘရိုင်းရဲ့ ဖန်တီးပေးပို့မှုကို ချိန်သားကိုက် ပြေးထွက်ကာ အကောင်းဆုံး အဆုံးသတ်ပေးခဲ့ပါတယ်။
ဒီကစားသမားဟာ ဟက်ထရစ်ရဖို့အထိ ရည်ရွယ်ခဲ့ပေမယ့် နည်းပြ ဂွါဒီယိုလာကတော့ သူ့ကို လူစားလဲခဲ့ပါတယ်။ အသင်းသစ်နဲ့ အနေအထားအပေါ်မှာလည်း ဟာလန်းက “ကျနော့်ဘေးနားမှာ အံ့အားသင့်ဖွယ်ကောင်းတဲ့ ကစားသမားတွေ ဝန်းရံပေးနေတာပါ။ ကျနော်တို့က တည်ဆောက်စရာရှိတာတွေကို ဆက်လက်တည်ဆောက်သွားဦးမှာပါ”
“အခုထက်လည်း ပိုမိုကောင်းမွန်လာဦးမှာဖြစ်ပြီး အခုချိန်ကလည်း ရာသီအစောပိုင်းကာလပဲရှိပါသေးတယ်။ ကျနော်တို့က အရာရာတိုင်းကို ပုံံစံတကျဖြစ်အောင်လုပ်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် အခုကလည်း ကောင်းမွန်တဲ့ အစပိုင်းတခုဖြစ်ခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ ဟာလန်းဟာ မန်စီးတီးမှာ ဒီဘရိုင်း၊ ဂွန်ဒိုဂန်၊ ဂရီလစ်ရှ်တို့နဲ့ အကောင်းဆုံး အတွဲအဖက်မိလာနိုင်ပါတယ်။
ဟာလန်းဟာ မန်စီးတီးအတွက် ပထမဆုံးပွဲထွက်ကစားပေးခဲ့တဲ့ ခြေစမ်းပွဲအဖြစ် ဘိုင်ယန်မြူးနစ်ကို အနိုင်ရရှိခဲ့တဲ့ပွဲမှာ အသင်းအတွက် တလုံးတည်းသော အနိုင်ဂိုးကို ဂရီလစ်ရှ်ရဲ့ ဖန်တီးပေးပို့မှုကတဆင့် သွင်းယူပေးခဲ့နိုင်ပါသေးတယ်။ မန်စီးတီးဟာ လက်ရှိနွေရာသီစျေးကွက်မှာ ဟာလန်းအပြင် နောက်ထပ်တိုက်စစ်ကြယ်ပွင့် အယ်လ်ဗာရက်ဇ်ကိုလည်း ခေါ်ယူအားဖြည့်ထားတာပါ။