တရားရုံးမှာ အမိန့်ချဖို့ ၂ ပတ်ခန့်အကြာမှာ အခုလို ပြောလာတာ ဖြစ်ပါတယ်။

Twitter ကို မူရင်းဈေး ဒေါ်လာ ၄၄ ဘီလျံနဲ့ ဝယ်ယူမယ်လို့ Tesla CEO အီလွန်မတ်စ်က ကြေညာလိုက်ပြီ ဖြစ်ပါတယ်။ 

ကမ္ဘာကျော်လူမှုကွန်ရက်ကုမ္ပဏီ Twitter ကို ရှယ်ယာတစ်စုကို ၅၄.၂၀ ဒေါ်လာနှုန်းနဲ့ ဝယ်ဖို့ သဘောတူချက်အတိုင်း အရောင်းအဝယ်ကိစ္စ ရှေ့ဆက်ချင်တယ်လို့ အီလွန်မတ်စ်က ပြောကြားလိုက်တာပါ။ မူလသဘောတူညီချက်အတိုင်း ကုမ္ပဏီဝယ်ယူဖို့ကိစ္စကို အီလွန်မတ်စ်ဘက်က ဖျက်သိမ်းဖို့ ကြိုးစားလိုက်ပြီးနောက် ဒီလာဝဲလ်ခုံရုံးမှာ အမှုကို အမိန့်ချဖို့ နှစ်ပတ်ခန့်အလိုမှာ အီလွန်မတ်စ်ဘက်က အခုလို ပြန်ကမ်းလှမ်းလာတာလည်း ဖြစ်ပါတယ်။ 




Twitter ကို ဝယ်ဖို့ ကိစ္စကို Bots နဲ့ Spam အကောင့် အကြောင်းပြုပြီး အီလွန်မတ်စ်ဘက်က ငြင်းဆန်ခဲ့သလို တတိယကမ္ဘာစစ်ဖြစ်နိုင်လို့ လုပ်ငန်းအရောင်းအဝယ်ကို ဖျက်သိမ်းဖို့ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ မေလ ၈ ရက်နေ့က Morgan Stanley ဘဏ်ပိုင်ရှင် မိုက်ကယ်ဂရင်းမ်ဆီ ပေးပို့တဲ့ အီလွန်မတ်စ်ရဲ့ စာကို ကိုးကားပြီး Twitter ဘက်က ရှေ့နေ ဝီလျံ ဆာဗစ်က တရားခွင်မှာ ပြောသွားတာပါ။ တရားရုံးမှာ ဖတ်ကြားသွားတဲ့ သက်သေစာထဲမှာ အီလွန်မတ်စ်က "ရက်နည်းနည်းလောက် ဆိုင်းလိုက်ရအောင်။ ပူတင်ရဲ့ မနက်ဖြန်ပြောမယ့် မိန့်ခွန်းက အလွန့်အလွန်ကို အရေးကြီးပါတယ်။ တတိယကမ္ဘာစစ်ထဲ ကျွန်တော်တို့ ဦးတည်နေမယ်ဆိုရင် Twitter ကို ဝယ်တာ အဓိပ္ပါယ်မရှိဘူးလေ" လို့ ရေးထားပါတယ်။

မတ်စ်ဟာ Twitter ပလက်ဖောင်းပေါ်က Spam နဲ့ Bot အကောင့်တွေအပေါ် စိုးရိမ်မှုရှိကြောင်း ပြောကြားခဲ့ပြီးနောက် Twitter ဝယ်ဖို့ ကိစ္စကို ဖျက်သိမ်းခဲ့ပြီး နှစ်ဖက်အပြန်အလှန် တရားစွဲဆိုမှုတွေ ရှိလာခဲ့ပါတယ်။ အီလွန်မတ်စ်ဟာ Twitter ကို တရားပြန်စွဲရာမှာ ကုမ္ပဏီအတွင်းရေးတွေ ဖွင့်ချခဲ့တဲ့ Twitter ကုမ္ပဏီ လုံခြုံရေးအရာရှိဟောင်းရဲ့ ဖွင့်ချမှုတွေကိုပါ တရားရုံးမှာ ထည့်သွင်းလျှောက်ထားခဲ့ပါတယ်။ Twitter ဘက်ကလည်း အရောင်းအဝယ်သဘောတူညီချက်အတိုင်း ကုမ္ပဏီကို ဝယ်ယူဖို့ ငြင်းဆန်ခဲ့တဲ့ အီလွန်မတ်စ်ကို တရားစွဲထားပါတယ်။ အမှုကို အောက်တိုဘာ ၁၇ ရက်နေ့ ဒီလာဝဲလ်အထက်ခုံရုံးမှာ စီရင်ချက်ချက်ဖို့ စီစဉ်ထားပါတယ်။ 

အောက်တိုဘာလဆန်းပိုင်းမှာတော့ အီလွန်မတ်စ်ဟာ ကုမ္ပဏီကို ဧပြီ ၂၅ ရက်နေ့က နှစ်ဖက်သဘောတူညီခဲ့သလို ရှယ်ယာတစ်စု ၅၄.၂၀ ဒေါ်လာနဲ့ ဝယ်ပါမယ့်အကြောင်း ပြန်ပြီး အဆိုပြုပြီး တနင်္လာနေ့က Twitter ကို စာတစ်စောင်ပေးပို့ခဲ့တယ်လို့ ငွေကြေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေး ကော်မရှင် SEC အချက်အလက်က ဖော်ပြထားပါတယ်။ ဒီသတင်းထွက်ပေါ်လာပြီးနောက် Twitter အစုရှယ်ယာ‌‌ဈေးဟာ ၂၂% ကျော်အထိ တက်ပြီး စာရင်းပိတ်သွားပါတယ်။ ကုမ္ပဏီဘက်လည်း စာတစ်စောင် လက်ခံရရှိကြောင်း ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်လိုက်ပြီး "ကုမ္ပဏီရဲ့ ရည်ရွယ်ချက်ဟာ ရှယ်ယာတစ်စုကို ၅၄.၂၀ ဒေါ်လာနဲ့ အရောင်းအဝယ်ဖြစ်ဖို့ပါ" လို့ ပြောပါတယ်။ 

Tesla CEO ဘက်က ကုမ္ပဏီဝယ်ဖို့ ကိစ္စရှေ့ဆက်တော့မယ်လို့ Bloomberg သတင်းက ဖော်ပြပြီးနောက် Twitter အစုရှယ်ယာအရောင်းကို ရပ်ထားလိုက်တယ်လို့ ဆိုပါတယ်။ အီလွန်မတ်စ်အနေနဲ့ Twitter ကို ဝယ်ဖို့ ကိစ္စ ပြန်စတင်လိုက်တာဟာ ရည်ရွယ်ချက်တစ်ခုတော့ ရှိပါတယ်။ အဲ့ဒါကတော့ သူ့ရဲ့ အနာဂါတ်လူမှုကွန်ရက် App တစ်ခုဖြစ်လာမယ့် X app လွှင့်တင်မှုမှာ အရှိန်တင်ကိရိယာအနေနဲ့ Twitter ကို အသုံးချဖို့ ဖြစ်ပါတယ်။ 


အီလွန်မတ်စ်ကိုယ်တိုင်လည်း အောက်တိုဘာ ၅ ရက်နေ့ Tweet ထဲမှာ "Twitter ကို ဝယ်ယူတာဟာ အရာရာတိုင်းအတွက် app တစ်ခုဖြစ်တဲ့ X ကို ဖန်တီးရာမှာ အရှိန်တင်ခလုတ်တစ်ခုပါပဲ" လို့ ရေးထားပါတယ်။ X app အကြောင်း အီလွန်မတ်စ်ဘက်က ပြောကြားခြင်း မရှိပေမယ့် Twitter ဟာ X App ကို ၃ နှစ်က ၅ နှစ်အထိ လုပ်ငန်းအရှိန်မြှင့်တင်ဖို့ အထောက်အကူဖြစ်မယ်လို့လည်း အီလွန်မတ်စ်က ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က