ဝန်ကြီးချုပ်ဟောင်း နဂျစ်ရာဇက်ခ်နဲ့ ဆက်နွယ်နေတဲ့ အဆောက်အအုံတွေမှ သိမ်းဆည်းခဲ့တဲ့ ပစ္စည်းတွေကို မလေးရှားအစိုးရက ရောင်းချသွားမယ်လို့ ဘဏ္ဍာရေးဝန်ကြီး လမ်ဂွမ်အင်းက AP သတင်းဌာနဲ့ ယနေ့ (ဇွန်လ ၂၉ ရက်) ပြုလုပ်တဲ့အင်တာဗျူးမှာ ပြောခဲ့ပါတယ်။
(ရဲတပ်ဖွဲ့က သိမ်းဆည်းခဲ့သည့် လက်ဝတ်ရတနာများ ဓာတ်ပုံ)
1Malaysia Development Berhad (1MDB) ဘဏ္ဍာငွေအရှုပ်အထွေးနဲ့ ပတ်သက်ပြီး နဂျစ်ရဲ့နေအိမ်နဲ့ ၎င်းနဲ့ဆက်နွယ်နေတဲ့ ကွန်ဒိုတိုက်ခန်းတွေကို ပြီးခဲ့တဲ့ မေလလယ်မှာ ရဲတပ်ဖွဲ့က စီးနင်းရှာဖွေမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ထိုသို့ စီးနင်းရှာဖွေမှုအတွင်း လက်ဝတ်ရတနာတွေနဲ့ Hermes တံဆိပ် လက်ကိုင်အိတ်များ အပါအဝင် အဖိုးတန်ပစ္စည်းအမျိုးပေါင်း ၁၀,၀၀၀ ကျော်ကို သိမ်းဆည်းခဲ့ပါတယ်။
နဂျစ်နဲ့ဆက်နွယ်တဲ့ နေရာများမှ သိမ်းဆည်းခဲ့တဲ့ ငွေသားနဲ့အဖိုးတန်ပစ္စည်းများဟာ မလေးရှားရင်းဂစ်ငွေ ၁.၁ ဘီလီယံ (အမေရိကန်ဒေါ်လာ သန်း ၂၇၀ ကျော်) တန်ဖိုးရှိကြောင်း ရဲတပ်ဖွဲ့က ပြောထားပါတယ်။
(ဘဏ္ဍာရေးဝန်ကြီး လမ်ဂွမ်အင်း)
သိမ်းဆည်းခဲ့တဲ့ ငွေနဲ့ပစ္စည်းတွေဟာ 1MDB ငွေကြေးအရှုပ်အထွေးနဲ့ ဆက်စပ်နေကြောင်း စွပ်စွဲမှုတွေရှိနေပေမဲ့ ဝန်ကြီးချုပ်ဟောင်းနဂျစ်ကတော့ အဆိုပါ ပစ္စည်းအများစုဟာ ၎င်းရဲ့ဇနီးနဲ့သမီးတို့ကို ပေးထားကြတဲ့ လက်ဆောင်တွေဖြစ်ပြီး 1MDB နဲ့ မသက်ဆိုင်ကြောင်း ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ပစ္စည်းတွေကို တန်ဖိုးတွက်ချက် သတ်မှတ်ရာမှာလည်း နိုင်ငံရေးကလဲ့စားချေမှုအဖြစ် ပိုသာစွာ တွက်ချက်ခဲ့ခြင်းဖြစ်ကြောင်း နဂျစ်က တုံ့ပြန်ထားပါတယ်။
နဂျစ်နဲ့ဆက်နွယ်နေတဲ့ ပစ္စည်းတွေကိုရောင်းချပြီး ငွေပြန်ရအောင် ဆောင်ရွက်သွားမယ်လို့ ရည်ရွယ်ထားကြောင်း၊ သို့သော် အဆိုပါ ငွေပမာဏဟာ နိုင်ငံ့ဘဏ္ဍာမှ လုယက်ခံခဲ့ရတဲ့ ပမာဏနဲ့နှိုင်းယှဉ်ပါက မပြောပလောက်ဘူးလို့ ဘဏ္ဍာရေးဝန်ကြီးက ဆိုပါတယ်။
ဘဏ္ဍာရေးဝန်ကြီး လမ်ဂွမ်အင်းက နဂျစ်ရဲ့ ကိုယ်ပိုင်ဘဏ်အကောင့်ထဲမှာ မလေးရှားရင်းဂစ် ၂.၆ ဘီလီယံ (အမေရိကန်ဒေါ်လာ ၆၄၄ သန်း) အထိရှိနေခြင်းကလည်း မယုံနိုင်လောက်အောင် အံ့သြစရာဖြစ်တယ်လို့ ဖြည့်စွက်ပြောခဲ့ပါတယ်။
(နဂျစ်ရာဇက်ဇ်နှင့်ဇနီး)
ဝန်ကြီးချုပ်ဟောင်းနဂျစ်ကတော့ ၎င်းရဲ့ဘဏ်အကောင့်ထဲမှ ငွေအမြောက်အမြားရှိနေခြင်းနဲ့ ပတ်သက်ပြီး 1MDB ဘဏ္ဍာငွေကို အလွဲသုံးစားပြုထားခြင်း မဟုတ်ကြောင်း ငြင်းဆိုခဲ့ပြီး ထိုငွေများဟာ ဆော်ဒီအာရေဗီးယားက လှူဒါန်းထားခြင်းသာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ အမေရိကန်မှ စုံစမ်းစစ်ဆေးရေးမှူးတွေက 1MDB ရဲ့ ဘဏ္ဍာငွေ အမေရိကန်ဒေါ်လာ ၄.၅ ဘီလီယံကျော်ကို ရှုပ်ထွေးတဲ့ ငွေလွှဲပြောင်းမှုကွန်ရက်နဲ့ အမည်ခံကုမ္ပဏီများ အသုံးပြုပြီး ငွေကြေးခဝါချခဲ့ကြောင်း စွပ်စွဲထားပါတယ်။
အမေရိကန်ဒေါ်လာ ၁.၇ ဘီလီယံကို 1MDB မှ ခိုးယူခဲ့ကြောင်းဖြင့် အမေရိကန် တရားရေးဌာန (Department of Justice - DoJ) က တရားစွဲဆိုမှုအချို့ ပြုလုပ်ခဲ့ကြောင်းလည်း သိရပါတယ်။
(မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်)
1MDB ဘဏ္ဍာငွေမှ အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ချီပြီး ပျောက်ဆုံးခဲ့ခြင်းနဲ့ ပတ်သက်တဲ့ စုံစမ်းစစ်ဆေးမှုတွေနဲ့ သက်သေအထောက်အထား စုဆောင်းမှုတွေ ပြုလုပ်နေပြီး နဂျစ်ကို မကြာမီ စွဲချက်တင်သွားမယ်လို့ မလေးရှားဝန်ကြီးချုပ် မဟာသီယာမိုဟာမက်က ဇွန်လ ၂၉ ရက် အစောပိုင်းမှာ ပြောခဲ့ပါတယ်။ မလေးရှားအစိုးရပိုင် 1MDB ငွေကြေးအရှုပ်အထွေးမှာ နဂျစ်အပြင် ၎င်းရဲ့ဇနီး ရို့စ်မာမန်ဆာနဲ့ Jho Low လို့ လူသိများတဲ့ စီးပွားရေးလုပ်ငန်းရှင် Low Taek Jho တို့လည်း အဓိက ပါဝင်ပတ်သက်ခဲ့တယ်လို့ ဆိုပါတယ်။
နဂျစ်ဟာ မေလ ၉ ရက် ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ပြီး အာဏာလက်လွှတ်ခဲ့ပါတယ်။ ရွေးကောက်ပွဲမှာ တစ်ချိန်က နဂျစ်ရဲ့ဆရာတစ်ဆူဖြစ်ခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း မဟာသီယာက အနိုင်ရပြီး တစ်ကျော့ပြန်ဝန်ကြီးချုပ် ဖြစ်လာခဲ့ပါတယ်။
မလေးရှားဝန်ကြီးချုပ် မဟာသီယာက နဂျစ်အစိုးရလက်ထက်မှာ အရှုပ်အထွေးဖြစ်ပြီး ပျောက်ဆုံးနေတဲ့ အစိုးရပိုင် 1MDB ရန်ပုံငွေတွေ ပြန်လည်ရရှိမယ်လို့ မျှော်လင့်ကြောင်း ပြောထားခဲ့ပါတယ်။