ဒီတစ်ခေါက်မှာတော့ Duwun ပရိတ်သတ်တွေကို စျေးသက်သာပြီးအာဟာရပြည့်ဝတဲ့ စင်ကာပူစတိုင်မနက်စာ ရောင်းချတဲ့ street food ဆိုင်လေးတစ်ဆိုင်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ရိုးရိုးရှင်းရှင်းလှည်းလေးနဲ့စင်ကာပူစတိုင်မနက်စာဆိုင်လေး
ပေါင်မုန့်မီးကင်ကို ထောပတ်နဲ့အိမ်လုပ်ကာရား(KAYA)ယိုလေးသုပ်ပေးပြီး ကြက်ဥအကာကျက်၊ နှပ်ကော်ဖီလေးနဲ့ ရိုးရိုးရှင်းရှင်းမနက်စာရောင်းချပေးတဲ့ဆိုင်လေးပါ။ဆိုင်ရှင်ကိုရာဇာအောင်ဟာ မလေးရှားနိုင်ငံမှာ ၁၅နှစ်လောက်အလုပ်လုပ်ကိုင်ခဲ့သူပါ။မလေးရှားမှာနေထိုင်စဥ်ကမနက်တိုင်းစားဖြစ်ခဲ့ တဲ့မနက်စာကို အခုတော့မြန်မာနိုင်ငံမှာဆိုင်လေးဖွင့်ပြီးပြန်လည်ရောင်းချနေတာပါ။ အာဟာရပြည့်၀ပြီး စျေးသက်သာတဲ့မနက်စာကိုရောင်းပေးချင်တဲ့စိတ်ကူးနဲ့ဒီဆိုင်လေးကိုဖွင့်ခဲ့တာလို့ သူကဆိုပါတယ်။
“အခုရောင်းချတဲ့ပုံစံလေးက သူတို့ဆီမှာလူတိုင်စားလေ့ရှိကြတဲ့ မနက်စာပုံစံလေးပါ။ ဒီမနက်စာက လူတိုင်းစား နိုင်တဲ့စျေးသက်သာတဲ့မနက်စာထဲမှာပါတယ်။ပါ၀င်ပစ္စည်းတွေ ရိုးရိုးရှင်းရှင်းလေးနဲ့ အာဟာရပြည့်ဝတဲ့မနက်စာပါ။ ဟိုမှာနေတုန်းကလဲဒီမနက်စာကို နေ့တိုင်းစားဖြစ်တယ်။ အခုဒီပြန်ရောက်လာတော့လည်းကိုယ့်ဘာသာကိုယ်အိမ်မှာ အမြဲလုပ်စားဖြစ်တော့ ကိုယ့်လိုပဲစားစေချင်တဲ့စိတ်ကူးလေးနဲ့ဒီဆိုင်လေးဖွင့်ခဲ့တာပါ။ စျေးသက်သက်သာသာ လေးနဲ့ရောင်းပေးချင်တော့ Street Food ပုံစံမျိုးစဥ်းစားပြီး လှည်းလေးနဲ့ရောင်းတာပါ။”လို့ ကိုရာဇာအောင်က ပြောပါတယ်။
အချိန်ပိုင်းအလုပ်လုပ်ရင်း ပညာယူလေ့လာခဲ့သူ
ကိုရာဇာအောင်ဟာ မလေးရှားမှာနေထိုင်စဥ်က အခုလိုမနက်စာရောင်းတဲ့ဆိုင်တွေမှာ အချိန်ပိုင်း၀င်လုပ်ရင်း သူတို့ရောင်းချတဲ့ပုံစံလေးတွေကို အမြင်နဲ့လေ့လာခဲ့သူပါ။ကိုယ်တိုင်ကစားသောက်ဆိုင်လုပ်ငန်းကို စိတ်၀င်စား ဝါသနာပါသူမို့ အလုပ်လုပ်ရင်းလေ့လာသင်ယူခဲ့တယ်လို့ သူကပြောပါတယ်။လေ့လာမှုနဲ့ကြိုးစားအားထုတ်မှု တွေကြောင့် အခုတော့ဆိုင်ဖွင့်နိုင်တဲ့အထိ ကိုရာဇာအောင်ရဲ့ ကော်ဖီလက်ရာကအချိုးကျနကောင်းမွန်လှ ပါတယ်။အခုလိုမနက်စာနဲ့ကော်ဖီဖျော်တာအပြင် ပီဇာအပါအ၀င်တခြားမုန့်လုပ်နည်းတွေကိုလည်း ကျွမ်းကျင် တယ်လို့သိရပါတယ်။
“မလေးမှာဆိုရင် အဲ့လိုမနက်စာဆိုင်တွေမှာ ကျွန်တော်တို့ကအချိန်ပိုင်းအလုပ်လုပ်တာ ခွက်ဆေးတာပေါ့။ အဲ့လိုလုပ်ရင်း ကိုယ်ကလည်းဝါသနာပါတော့ ဆိုင်ရှင်အဖိုးကြီးတွေလုပ်တာကို လေ့လာတယ်၊မှတ်တယ်။ ပြီးရင်ကိုယ်ပါကိုယ်ပြန်လုပ်ကြည့်တာပေါ့ အခုနောက်ပိုင်းသိချင်တာလေးတွေရှိရင်လည်း YouTube ကနေလေ့လာတယ်။တခြားမုန့်လေးတွေလဲလုပ်တတ်တယ် အီတလီဆိုင်မှာလည်းလုပ်ခဲ့တော့ ပီဇာဖုတ်တာတို့ ပန်းသီးပိုင်မုန့်တို့ဆိုလည်း သေချာလေးလုပ်တတ်တယ်။”လို့ ကိုရာဇာအောင်ကပြောပြပါတယ်။
ကော်ဖီအပိုတစ်ခွက်ထပ်သောက်လို့ရတဲ့ဆိုင်လေး
ဒီဆိုင်လေးရဲ့ထူးခြားချက်ကတော့ဆိုင်မှာဘလက်ကော်ဖီသောက်ရင် အပိုတစ်ခွက်ထပ်သောက်နိုင်တာပါ။ ကော်ဖီအတွက်ပြည်တွင်းကော်ဖီမှုန့်နဲ့ မလေးရှားကော်ဖီမှုန့်တို့ကို အချိုးကျကျပေါင်းစပ်ပြီး မီးအေးအေးနဲ့ နှပ်ထားတဲ့ကော်ဖီရဲ့အရသာက မွှေးပျံ့လန်းဆန်းမှုကိုခံစားရစေပါတယ်။ သေချာနှပ်ပြီးဖျော်ထားတဲ့ ဘလက်ကော်ဖီရဲ့အရသာကကော်ဖီကြိုက်သူတွေအတွက်စိတ်ကျေနပ်မှုအပြည့်ရစေမှာပါ။ကော်ဖီနှပ်တဲ့ ကရားအိုးလေးကအစ မလေးရှားကအိုးပုံစံလေးအတိုင်းအသုံးပြုထားတာကြောင့်ပြည်တွင်းမှာတွေ့လေ့ တွေ့ထမရှိတဲ့ဆန်းသစ်တဲ့အမြင်ခံစားမှုလေးကိုလည်းရစေပါတယ်။
“ကော်ဖီနှပ်တဲ့အိုးလေးကအစ သဘောကျလို့မလေးရှားကနေဝယ်လာတာ။ မလေးရှာကော်ဖီက မီခိုးနံလေးနဲ့ အရသာကအခါးဘက်ကိုသွားတယ်။မြန်မာကော်ဖီမှုန့်ကအနံသိပ်မပျင်းဘဲအရသာကစိမ့်တဲ့ဘက်သွားတာပေါ့ အဲ့နှစ်ခုကိုပေါင်းစပ်ပြီးရောနှပ်တော့ အရသာကပိုမွှေးပြီးသောက်လို့ကောင်းသွားတယ်။မလေးရှားမှာကတော့ ဘလက်ကော်ဖီသောက်ကြတာများတယ်။ဒီမှာကြတော့ ဘလက်ကော်ဖီတော့သောက်တာနဲတယ် နို့နဲ့ ပိုသောက် ကြတယ်။ဘလက်ကော်ဖီကို ဆိုင်မှာသောက်ရင်တော့ ကော်ဖီအပိုတစ်ခွက်ထပ်သောက်လို့ရတယ်။ ပါဆယ်ဆိုရင်တော့ဘူးကြီးလေးနဲ့ ထည့်ပေးတယ်။”လို့ ကိုရာဇာအောင်ကပြောပါတယ်။
ပြည်ပထွက်အလုပ်လုပ်မယ့်လူငယ်တွေအတွက်အကြံပြုစကား
လက်ရှိမှာတော့ ပြည်ပပြန်ထွက်ပြီးအလုပ်လုပ်ဖို့အတွက် စိတ်မကူးတော့ပဲ တတ်ကျွမ်းတဲ့အစားအသောက် ပညာလေးတွေနဲ့ပဲ ဆိုင်လေးဖွင့်ပြီး ရေရှည်ရပ်တည်ဖို့ပဲကြိုးစားသွားမယ်လို့ ကိုရာဇာအောင်ကပြောပါတယ်။ ဒါပေမယ့်လည်း လူငယ်တွေအနေနဲ့ ငယ်ရွယ်စဥ်မှာ ပြည်ပထွက်အလုပ်လုပ်တာကိုတော့ အားပေးပြီး ပြည်ပမှာနေထိုင်စဥ် ေငွကြေးအတွက်အလုပ်လုပ်တာအပြင် အတွေ့အကြုံကောင်းတွေရှာဖွေကာ အသက်မွေးဝမ်းကြောင်းအတွက် ပညာရပ်တစ်ခုခုလေ့လာလိုက်စားဖို့ကိုလည်း သူကအကြံပြုပြောဆိုပါတယ်။
“အခုအသက်အရွယ်အရ ပြည်ပပြန်ထွက်ပြီးအလုပ်လုပ်ဖို့တော့ စိတ်ကူးမရှိဘူး အခုကိုယ်လုပ်တတ်တာလေး တွေနဲ့ကြိုးစားပြီး ဖြစ်မြောက်အောင်လုပ်သွားမယ်။လူငယ်တွေကတော့ ငယ်တဲ့အသက်အရွယ်မှာ နိုင်ငံခြား ထွက်အလုပ်လုပ်တာကောင်းပါတယ်။ဒါပေမယ့်လည်း ပိုက်ဆံတစ်ခုထဲရှာတာမဟုတ်ဘဲ ဒီရောက်ရင် ပြန်အသုံးချလို့ရမယ့် ပညာတစ်ခုခုကိုလေ့လာသင်ယူလာစေချင်တယ်။ပြည်ပထွက်ပြီး အလုပ်လုပ် ပိုက်ဆံပါ လာတယ်ဒီပြန်ရောက်လာတော့ဘာလုပ်ရမှန်းမသိပဲ ပိုက်ဆံသုံးရင်းကုန်သွား ပြီးရင်ပြန်ထွက်အဲ့လိုသံသရာ မလည်စေချင်ဘူး။မလေးမှာဆိုကျွန်တော်တို့ပြောတဲ့စကားလေးရှိတယ် ရောက်ခါစပျင်းမယ်၊ပြီးရင်ပျော်မယ် ပျော်ပြီးရင်ပျက်တယ်ဆိုတာလေးပေါ့ အဲ့လိုမဖြစ်အောင်ဂရုစိုက် အလုပ်ကိုလည်းတစ်ခုထဲမဟုတ်ဘဲ ပိုက်ဆံ ရမယ့်အလုပ်ရယ်၊ ပညာရမယ့်အလုပ်ရယ် အဲ့လိုလုပ်ကြပါ”လို့ ကိုရာဇာအောင်ကပြောပါတယ်။
အာဟာရပြည့်၀ပြီးစျေးသက်သာတဲ့မနက်စာပုံစံလေးက
ဒီမနက်စာဆိုင်လေးမှာရောင်းချပေးတဲ့ စင်ကာပူစတိုင်ကော်ဖီနဲ့ပေါင်မုန့်မီးကင်လက်ရာဟာ ကောင်းမွန်ပြည့်စုံတဲ့ အရသာကိုခံစားရစေပါတယ်။ဆိုင်ကြီးတွေမှာသာရနိုင်တဲ့အရသာမျိုးကို စျေးသက်သက်သာသာနဲ့ဒီဆိုင်လေး မှာစားသုံးနိုင်မှာဖြစ်ပါတယ်။မီးသွေးမီးအေးအေးလေးနဲ့ကင်ထားတဲ့ ပေါင်မုန့်မီးကင် မွှေးမွှေးလေးပေါ်မှာ ထောပတ်နဲ့ကာရားယိုသုပ်ကာ ကျက်ဥအကာကျက်လေးဖောက်တင်ပြီး ငရုပ်ကောင်းလေးဖြူးထားတဲ့ ပေါင်မုန့်မီးကင်လေးရယ်နှပ်ကော်ဖီကိုသကြားလေးနဲ့ဖျော်ထားတဲ့ဘလက်ကော်ဖီအတွဲအစပ်ရယ်က လိုက်ဖက် ပြည့်စုံပြီး အဟာရပြည့်၀စေတဲ့မနက်စာကိုခံစားရစေမှာပါ။ဆိုင်ဖွင့်တာတစ်ပတ်ဝန်းကျင်လောက်သာရှိပေမယ့် ပုံမှန်ဖောက်သည်အချို့ရရှိနေပြီဖြစ်ကာ ဒီထဲကအသက်ကြီးပိုင်းဖောက်သည်အချို့ကတော့ ငယ်ငယ်ကသောက်ခဲ့ ရတဲ့ကော်ဖီအရသာကိုခံစားရတယ်လို့ မှတ်ချက်ပြုပြောဆိုကြတာကိုလည်းကြားရပါတယ်။
စင်ကာပူစတိုင်မနက်စာစျေးနှုန်းလေးနဲ့ဆိုင်လိပ်စာ
စျေးနှန်းလေးတွေကတော့ ကြက်ဥအကာကျက်နှစ်လုံး၊ပေါင်မုန့်မီးကင်နှစ်ချပ်နဲ့နှပ်ကော်ဖီတစ်ခွက်ပါ၀င်တဲ့ တစ်ပွဲကို ၂၀၀၀ကျပ်ပါ။တစ်ခုချင်းဝယ်ယူမယ်ဆိုရင်တော့ နှပ်ကော်ဖီ(၇၀၀)ကျပ်၊နို့နဲ့ဖျော်ရင်(၁၀၀၀)ကျပ်၊ ပေါင်မုန့်မီးကင်(၈၀၀)ကျပ် နဲ့ ကြက်ဥအကာကျက်တစ်ပွဲ(၁၀၀၀)ကျပ်ပါ။ဒါ့အပြင် Today Special မီနှူးတွေအနေနဲ့လဲ ပန်းသီးပိုင်မုန့်၊ American Breakfast စတာတွေကိုလည်း ရရှိနိုင်ပါတယ်။ ဆိုင်လိပ်စာလေးကတော့ မြောက်ဒဂုံ ၂၉ ရပ်ကွက် မန္တလေးဈေးလမ်းကြီးပေါ် ၊မန္တလေးဈေးမီးပွိုင့်အနီးမှာ ဖြစ်ပြီး မနက်၆နာရီကနေမနက်၉နာရီအထိ ဆိုင်ဖွင့်ပါတယ်။ကော်ဖီကြိုက်သူတွေအတွက် အရသာ ကောင်းမွန်တဲ့ကော်ဖီအပြင် အဟာရပြည့်ဝတဲ့ မနက်စာလေးကိုပါ စျေးသက်သက်သာသာနဲ့စားသုံးနိုင် တဲ့ဆိုင်လေးမို့ ညွန်းဆိုပေးလိုက်ပါတယ်။