Vivo ဘက်က ED ရဲ့စုံစမ်းစစ်ဆေးမှုမှာ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်

အိန္ဒိယငွေကြေးခဝါချမှုတိုက်ဖျက်ရေးအေဂျင်စီဟာ နိုင်ငံအနှံ့ Vivo ရုံးခန်း ၄၀ ကျော်ကို စီးနင်းရှာဖွေမှု လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ 

အင်္ဂါနေ့က နိုင်ငံခြားငွေလဲလှယ်မှုနဲ့ ငွေကြေးခဝါချမှုဆိုင်ရာ တာဝန်ယူနေတဲ့ Enforcement Directorate ဌာနဟာ ဥတ္တရာ ပရာဒေ့ချ် ၊ ဘီဟာ ၊ မက်ဟယာ ပရာဒေ့ချ် ၊ မဟာရာရှ်တာ စတဲ့ ပြည်နယ်တွေမှာ ရှိတဲ့ Vivo ရုံးတွေကို ဝင်ရောက် ရှာဖွေမှုလုပ်ခဲ့တာ ဖြစ်ပါတယ်။ တရုတ်ဖုန်းကုမ္ပဏီ Vivo အနေနဲ့ လပေါင်းများစွာကြာအောင် ပိုင်ဆိုင်မှုနဲ့ ဘဏ္ဍာရေးဆိုင်ရာ အစီရင်ခံတင်ပြမှုမှာ သိသာတဲ့ မူမမှန်မှုတွေ လုပ်ဆောင်ခြင်း ရှိမရှိဆိုပြီး ပြီးခဲ့တဲ့ ဧပြီလကတည်းက ED ဘက်က စုံစမ်းစစ်ဆေးနေတာပါ။ 





Vivo ပြောရေးဆိုခွင့်ရှိသူကတော့ ကုမ္ပဏီအနေနဲ့ ED ရဲ့ စုံစမ်းစစ်ဆေးမှုမှာ ပူးပေါင်းပါဝင်နေပြီး တောင်းဆိုတဲ့ အချက်အလက်အကုန်လုံးကို ပေးထားတယ်လို့ ပြောထားပါတယ်။ Vivo ဟာ ငွေကြေးခဝါချထားမှုကာကွယ်ရေး အက်ဥပဒေနဲ့ စုံစမ်းစစ်ဆေးခံနေရသလို စာရွက်စာတမ်းအတုပြုလုပ်မှုနဲ့ စွပ်စွဲခံထားရတဲ့ တရုတ်နိုင်ငံသားတချို့ကိစ္စမှာလည်း ပတ်သက်မှုရှိတယ်လို့ ယူဆခံထားရတာပါ။ 

ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်မှာ Meerut ရဲဌာနဟာ IMEI နံပါတ် အတူတူလုပ်ထားတဲ့ Vivo ထုတ် ဖုန်းအလုံးရေ ၁၃၅၀၀ ကျော် တွေ့ရှိခဲ့ပြီး Vivo ကို လိမ်လည်မှုနဲ့ အမှုစွဲချက်တင်ခဲ့ပါတယ်။ Vivo ဟာ အိန္ဒိယရဲ့ အရောင်းရဆုံး ထိပ်တန်းစမတ်ဖုန်း ၅ မျိုးမှာ ပါဝင်နေတဲ့ အမှတ်တံဆိပ်တစ်ခုဖြစ်ပြီး ၂၀၂၂ ပထမသုံးလပတ်မှာ နိုင်ငံရဲ့ စမတ်ဖုန်းဈေးကွက်ဝေစု ၁၅% ကို လွှမ်းခြုံထားခဲ့တယ်လို့ CounterPoint အချက်အလက်တွေက ဖော်ပြထားပါတယ်။ 

အိန္ဒိယနိုင်ငံ ဝင်ငွေခွန်ဌာနဟာ ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့က တယ်လီကွန်းထုတ်ကုန်တွေနဲ့ ပတ်သက်နေတဲ့ တရုတ်ကုမ္ပဏီတွေကို ဝင်ရောက် စီးနင်းခဲ့ပြီး အခွန်ရှောင်ဖို့အတွက် စာရွက်စာတမ်းအတုလုပ်ရာမှာ ပါဝင်မှုရှိနေတာ တွေ့ခဲ့ရကြောင်း ZeeNews က ဖော်ပြခဲ့ပါတယ်။ ဧပြီလကုန်ပိုင်းမှာပဲ ED ဟာ တရုတ်ဖုန်းကုမ္ပဏီ Xiaomi ကို နိုင်ငံခြားငွေကြေးလဲလှယ်ရေးဥပဒေတွေကို ချိုးဖောက်မှုနဲ့ ကုမ္ပဏီပိုင် ဒေါ်လာ ၇၂၅ သန်း သိမ်းယူမှု ပြုလုပ်ခဲ့ပါတယ်။



Xiaomi India အနေနဲ့ မူပိုင်ခွင့်အတွက် ငွေပေးချေတယ်လို့ ခေါင်းစဉ်တပ်ပြီး တရုတ်နိုင်ငံအခြေစိုက် မိခင်ကုမ္ပဏီအစုအဖွဲ့တွေဆီ တရားမဝင် ငွေလွှဲပြောင်းခဲ့တယ်ဆိုပြီး ED က စွပ်စွဲကာ ကုမ္ပဏီပိုင်ငွေတွေ ဒဏ်ရိုက်တဲ့အနေနဲ့ သိမ်းသွားခဲ့တာပါ။ Xiaomi ကတော့ ဒီလို စွပ်စွဲချက်တွေကို ငြင်းဆန်ခဲ့ပြီး စုံစမ်းစစ်ဆေးမှုလုပ်နေစဉ်အတွင်းမှာလည်း ကုမ္ပဏီရဲ့ အမှုဆောင်ဟာ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံခဲ့ရတယ်လို့ ပြောခဲ့ပါတယ်။ အမှုကို ကုမ္ပဏီက ကာနာတာကာအထက်တန်းတရားရုံးမှာ တရားပြန်စွဲထားပြီး လောလောဆယ် ဆုံးဖြတ်ချက်ချဖို့ ဆိုင်းငံ့ထားဆဲ ဖြစ်ပါတယ်။ 

၂၀၂၀ ပြည့်နှစ်က ဖြစ်ပွားခဲ့တဲ့ နယ်စပ်အရေးအခင်းကြောင့် တရုတ်နဲ့ အိန္ဒိယနှစ်နိုင်ငံအကြား ဆက်ဆံရေးတင်းမာနေပါတယ်။ အိန္ဒိယအစိုးရဟာ တရုတ်နဲ့ နယ်စပ်အရေး ပဋိပက္ခတင်းမာမှုကို အကြောင်းပြုပြီး TikTok ၊ PUBG Mobile နဲ့ Xiaomi Apps တချို့အပါအဝင် တရုတ်ပိုင် Apps ပေါင်း ၃၂၀ ကျော်အထိ ပိတ်ထားခဲ့ပြီ ဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က