ဘိုင်ယန်နည်းပြကြီးတယောက် အံ့အားသင့်နေပြီဖြစ်ပါတယ်။

ဘာစီလိုနာအသင်းရဲ့ ဒီရာသီ ကစားသမားသစ်တွေခေါ်ယူနေတဲ့အပေါ်မှာ ဘိုင်ယန်မြူးနစ်နည်းပြနာဂယ်စမန်းတယောက် နားမလည်နိုင်အောင်ဖြစ်နေပါတယ်။ ဂျာမနီသတင်းစာ Bild နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ သူ့ရဲ့ အံ့အားသင့်မှုကို မထိန်းချုပ်နိုင်ဘဲ ဖွင့်ဟပြောဆိုခဲ့တဲ့အထိ နာဂယ်စမန်းတယောက် အံ့ဩနေခဲ့တာဖြစ်ပြီး ဘာစီလိုနာရဲ့ လှုပ်ရှားမှုတွေအပေါ်မှာ လက်ဖျားခါလောက်အောင် ဖြစ်နေခဲ့ရပါတယ်။ 

ဘဏ္ဍာရေးပြသနာတွေရှိနေပြီး ကစားသမားတွေကို လစာကြွေးငွေတွေလည်း အများအပြားပေးရဖို့ရှိနေခဲ့တဲ့ ဘာစီလိုနာဟာ ဒီရာသီအတွက် ရာဖင်ဟာနဲ့ လီဝန်ဒေါစကီးတို့ကို ပေါင်သန်း ၁၀၀ နီးပါးအသုံးပြုကာ ခေါ်ယူခဲ့ပါတယ်။ ခရစ္စတီယန်ဆန်၊ ကက်ဆီတို့ကိုလည်း အလွတ်ခေါ်ယူနိုင်ခဲ့ပြီး ဒမ်ဘီလီကိုလည်း စာချုပ်သစ်ချုပ်ဆိုနိုင်တဲ့အထိ စျေးကွက်ထဲမှာ ခြေလှမ်းကျဲခဲ့တာပါ။ 

နာဂယ်စမန်းက " သူတို့ ကစားသမားသစ်တွေအများကြီးပဲ ရလိုက်တယ်၊ ရောဘတ်လီဝန်ဒေါစကီးတဦးတည်းမဟုတ်ပါဘူး၊ ပွင့်ပွင့်လင်းလင်းပြောရရင်ဘယ်လိုတွေတောင် လုပ်လိုက်လဲ ကျနော်မသိဘူး၊ ပိုက်ဆံမရှိဘဲ လိုချင်တဲ့ကစားသမားတွေကိုခေါ်ယူနိုင်တဲ့ တခုတည်းသောအသင်းပဲဗျာ၊ အဲဒါက တကယ်ထူးဆန်းပြီးတော့ ရူးသွပ်ချင်လောက်စရာပါပဲ" လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။ 

လီဝန်ဒေါစကီးကို ခေါ်ယူနိုင်ခဲ့ပြီးနောက်မှာ ဘာကာဥက္ကဌလာပေါ်တာက ခံစစ်ပိုင်းကို အင်အားထပ်ဖြည့်ဖို့ လုပ်ရတော့မယ်လို့ ပြောဆိုခဲ့သေးလို့ သူတို့ရဲ့ ကစားသမားသစ်ဝယ်ယူမှုက မပြီးသေးဘူးလို့ ယူဆရပါတယ်။ ရာဖင်ဟာ၊ လီဝန်ဒေါစကီးတို့ဆိုရင်လည်း ဘာစီလိုနာမှ ဘာစီလိုနာဖြစ်နေခဲ့ပြီး ပြောင်းရွှေ့နိုင်ဖို့အတွက် အသင်းကိုဖိအားပေး၊ အေးဂျင့်တွေကို ဖိအားပေးတဲ့အထိ ပြုလုပ်ခဲ့ကြတာပါ။ 

ငွေရေးကြေးရေးအရ ဘာစီလိုနာမှာ ကြီးမားတဲ့အခက်အခဲတွေရှိနေတာတောင်မှ သွားကစားချင်နေတဲ့ သူတို့ရဲ့ စိတ်ကို မဖုံးကွယ်နိုင်ခဲ့ပါဘူး။ ဒီအတွက်ကြောင့်လည်း ဘာစီလိုနာပရိသတ်တွေက သူတို့အသင်းမှာ အခက်အခဲတွေဘယ်လောက်ရှိရှိ ကမ္ဘာကျော်တွေ လာကစားဖို့အတွက် ဆွဲဆောင်နိုင်တုန်းပဲလို့ လက်ခမောင်းခတ်ကာ ပြောဆိုမှုတွေလည်းရှိနေခဲ့ပါတယ်။ 

Share

Loading Next Article...
က္က