အင်ဆစ်ဂ်နီတယောက် မေဂျာလိဂ်ကို စံချိန်တင် လုပ်ခနဲ့ ပြောင်းရွှေ့တော့မှာပါ။

နာပိုလီရဲ့ တိုက်စစ်ကြယ်ပွင့်ကစားသမား အင်ဆစ်ဂ်နီဟာ လက်ရှိ ဘောလုံးရာသီအကုန်မှာ မေဂျာလိဂ်ကို ပြောင်းရွှေ့တော့မယ်လို့ သတင်းတွေကဖော်ပြခဲ့ပါတယ်။ အဆိုပါ အီတလီကြယ်ပွင့်ဟာ ထွန်းတောက်နေဆဲ ကစားသမားတယောက်ဖြစ်ပေမယ့် အသင်းနဲ့ စာချုပ်သစ် ကိစ္စ ညှိနှိုင်းမှုတွေ အဆင်မပြေဖြစ်ခဲ့တာပါ။



နာပိုလီနဲ့ သူ့အကြား စာချုပ်သက်တမ်းက လာမယ့် ဇွန်မှာ ကုန်ဆုံးမှာဖြစ်ပြီး လက်ရှိအချိန်ထိ စာချုပ်သစ်ကိစ္စ ဆွေးနွေးမှုတွေက တိုးတက်မှုမရှိသေးပါဘူး။ အဲ့ဒါကြောင့်လည်း အင်ဆစ်ဂ်နီတယောက် မေဂျာလိဂ်ကလပ် တိုရွန်တိုနဲ့ အကြိုသဘောတူညီမှုရရှိခဲ့တာဖြစ်ပြီး အဲ့ဒီအသင်းမှာ တနှစ်လုပ်ခ ယူရို (၉) သန်း ကျော်ရရှိမယ်လို့ သိရှိရပါတယ်။

အီတလီ စကိုင်းစပေါ့ရဲ့ ဖော်ပြချက်အရတော့ ကစားသမားအနေနဲ့ အသားတင် ယူရို (၁၁.၅) သန်းကို တနှစ်လုပ်ခအဖြစ်ရရှိမှာဖြစ်ပြီး အပိုဆုကြေးအတွက် ယူရို (၄.၅) သန်းရရှိမှာပါ။ အဲ့ဒါကြောင့် (၅) နှစ် စာချုပ်အတွက် အင်ဆစ်ဂ်နီအနေနဲ့ ယူရိုသန်း (၈၀) နဲ့ သန်း (၉၀) အကြားကို ရရှိပါလိမ့်မယ်။

ဒီပမာဏဟာ ကစားသမားတယောက်အတွက် မက်လောက်စရာပမာဏတရပ်ဖြစ်ပေမယ့် သူ့ရဲ့ ဆုံးဖြတ်ချက်အတွက် တိုရွန်တို ကစားသမားဟောင်း ဂျီယိုမန်ကိုက သတိပေးခဲ့သလို နာပိုလီ ပရိသတ်တွေကလည်း စိတ်ပျက်လက်ပျက်ဖြစ်နေပါတယ်။ အသက် (၃၀) အရွယ် အင်ဆစ်ဂ်နီဟာ နာပိုလီအသင်းခေါင်းဆောင်တယောက်ဖြစ်သလို အသင်းအတွက် (၁၁၄) ဂိုးသွင်း၊ ဂိုးဖန်တီးမှု (၉၅) ကြိမ်ပြုလုပ်ပေးထားတာပါ။

အဲ့ဒါကြောင့်လည်း ပရိသတ်တွေက နှမြောတသသဖြစ်နေရပေမယ့် တဖက်မှာလည်း နာပိုလီက အင်ဆစ်ဂ်နီ လက်ရှိရရှိနေတဲ့ တနှစ်လုပ်ခ ယူရို (၅) သန်းကို လျှော့ချပြီး ယူရို (၃.၅) သန်းနဲ့သာ စာချုပ်သစ် ကမ်းလှမ်းခဲ့တာကြောင့် အင်ဆစ်ဂ်နီကို လက်လွှတ်ရတော့မှာလည်းဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က