ငွေဆောင်ကမ်းခြေကိုရောက်တဲ့ ခရီးသွားဧည့်သည်တွေဝင်စားနေကြဆိုင်လေးပါ။

ပင်လယ်ကမ်းခြေမှာ စားရတဲ့ ပင်လယ်စာ အရသာကိုမှ နှစ်သက်သူတွေအတွက် ကမ်းခြေထိသွားဖို့ မလိုဘဲ ရန်ကုန်မှာပဲ ပင်လယ်စာလတ်လတ်ဆတ်ဆတ်တွေကို မြည်းစမ်းကြည့်နိုင်မယ့် နေရာလေးတစ်ခုနဲ့ မိတ်ဆက် ပေးချင်ပါ တယ်။ ဒီနေရာလေးကတော့ မြောက်ဒဂုံ မြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ Soe Ko Ko B.B.Q & Seafood restaurant ဆိုင်လေးပဲဖြစ်ပါတယ်။



ငွေဆောင်ကမ်းခြေရဲ့ ပြည်တွင်း၊ပြည်ပခရီးသွားတွေကြား လူသိများတဲ့ ပင်လယ်စာဆိုင်လေး

Soe Ko Ko ဆိုတာကတော့ ငွေဆောင်ကမ်းခြေရဲ့ နာမည်ကြီး Seafood restaurant လေးပဲဖြစ်ပါတယ်။ Soe Ko Ko Seafood ဆိုင်လေးကတော့ ငွေဆောင်ကမ်းခြေကိုလာရောက်တဲ့ ပြည်တွင်း၊ပြည်ပ ခရီးသွားဧည့်သည် တွေရဲ့ ကြိုက်နှစ်သက်မှုနဲ့ မှတ်ချက် ကောင်းတွေ ရထားတဲ့ဆိုင်လေးပါ။ ဒီဆိုင်လေးရဲ့ ရန်ကုန်ဆိုင်ခွဲအဖြစ် မြောက်ဒဂုံမြို့နယ်မှာ ဖွင့်လှစ်ထားတာပါ။

“ရန်ကုန်ဆိုင်ခွဲကဖွင့်တာ ၆လလောက်ပဲရှိပါသေးတယ်။ ဒီကာလမှာ ကမ်းခြေမလာဖြစ်ပေမယ့် ပင်လယ်စာ တွေကို ကမ်းခြေအရသာအတိုင်း စားသုံးချင်တဲ့ဖောက်သည်တွေအတွက် ရန်ကုန်ဆိုင်ခွဲကိုဖွင့်ဖြစ်တာပါ။ ဆိုင်မှာစာဖူးတဲ့ဖောက်သည်တွေက ရန်ကုန်မှာလည်း ဆိုင်ခွဲဖွင့်ဖို့ အကြံပေးတာတွေ လဲရှိတော့ဖွင့်ဖြစ်သွား တာပါ။ပင်လယ်စာကြိုက်သူတွေအတွက် ကမ်းခြေမှာစားရတဲ့ ပင်လယ်စာအရသာအတိုင်း လက်ဆက်မှုရော အရသာရော ထပ်တူကြအောင် ရန်ကုန်ဆိုင်မှာစားသုံးနိုင်မှာပါ”လို့ Soe Ko Ko ပင်လယ်စာဆိုင်လေးရဲ့ တာဝန်ရှိသူ ကိုအောင်မင်းဟိန်းကပြောပါတယ်။

ငွေဆောင်ကမ်းခြေရဲ့ နာမည်ကြီး Seafood restaurant ဆိုင်‌လေးရဲ့အစ

Soe Ko Ko ပင်လယ်စာဆိုင်လေးကိုတော့ လွန်ခဲ့တဲ့ ၁၀နှစ်က ငွေဆောင်ကမ်းခြေမှာ စတင်ဖွင့်လှစ်ခဲ့တာပါ။ ဖခင်ဖြစ်သူရဲ့ စိတ်ကူးကနေအကောင်အထည်ဖော်ခဲ့တဲ့ ဆိုင်လေးဟာ လက်ရှိမှာတော့ အောင်မြင်တဲ့ ပင်လယ်စာ စားသောက်ဆိုင်လေးဖြစ်လာပြီး ဆိုင်ခွဲဖွင့်ရတဲ့အထိ စားသုံးသူတွေ ရဲ့ အားပေးမှုရရှိထားတဲ့ ဆိုင်လေးပါ။ Soe Ko Ko Seafood restaurant မှာတော့ ပင်လယ်စာ တွေဖြစ်တဲ့ ဂဏန်း၊ပုဇွန်၊ဂုံး၊ရေဘဝဲ၊ ပြည်ကြီးငါး၊မရွတ်၊ရေခူ တို့အပြင် ပင်လယ်စာအစုံကို အရသာမျိုးစုံနဲ့ ရရှိနိုင်ပါတယ်။

" ဒီဆိုင်လေးကအဖေ့ရဲ့စိတ်ကူးနဲ့ ငွေဆောင်ကမ်းခြေမှာ စဖွင့်ခဲ့တာပါ။ ငွေဆောင်ကမ်းခြေကျတော့ နိုင်ငံခြားသားတွေအလာများတော့ နိုင်ငံခြားသားတွေကလာစားကြပြီး ကြိုက်ကြတယ်။ အရသာကိုလက်ခံတယ်။ အဲ့ကနေမှ ပြည်တွင်းခရီးသွားတွေလည်း လာစားကြရင်းနဲ့ကြိုက်ကြတယ်။ငွေဆောင်ကမ်းခြေကို လာတဲ့ခရီးသွား ဧည့်သည်တွေရဲ့ အသိအမှတ်ပြုအားပေးမှုနဲ့ဆိုင်လေးက အောင်မြင်လာတာပါ”လို့ ဆိုင်တာဝန်ရှိသူ ကိုအောင်မင်းဟိန်းက ပြောပါတယ်။

ငွေဆောင်ကမ်းခြေမှာ စားရသလို အရသာခံစားမှုရစေမယ့်ဆိုင်လေး

ရန်ကုန်မှာ ဖွင့်လှစ်ထားတဲ့ ဒီ Seafood ဆိုင်လေးမှာတော့ ပင်လယ်စာလတ်လတ်ဆတ်ဆတ်တွေကို ငွေဆောင်ကမ်းခြေမှာ စားရသလို အရသာခံစားမှုအတိုင်း စားသုံးနိုင်မှာပါ။ ရန်ကုန်ဆိုင်အတွက် ပင်လယ်စာအများစုကိုလည်း ငွေဆောင်ကနေ မှာယူအသုံးပြု ချက်ပြုတ် တာဖြစ်ပါတယ်။ ပင်လယ်စာရဲ့လတ်ဆတ်မှုနဲ့ စားဖိုမှုးရဲ့ကျွမ်းကျင်မှု ပေါင်းစပ်ထားတဲ့ ဟင်းပွဲတွေက စားသုံးသူတွေအတွက် တစ်ခါစားပြီးရင် နောက်တစ်ခါ လာစားဖြစ်မယ့် ပင်လယ်စာဆိုင်လေးပါ။

" ဆိုင်မှာသုံးတဲ့ပင်လယ်စာအားလုံးနီးပါးကို ငွေဆောင်ကနေပဲမှာတယ်။ ဂဏန်းဆို ပင်လယ်ဂဏန်းဆိုတော့ ပင်လယ်ရေနဲ့သေသေချာချာထားရတယ်။ပင်လယ်စာက ထားသိုတာစနစ်မကျရင် အရည်သွေးလျော့ပြီး စားတဲ့အခါ အရသာပြောင်းတာ၊ဗိုက်နာတာမျိုးတွေဖြစ်တတ်တော့ ကျွန်တော်တို့ဆိုင်မှာ သုံးတဲ့ပင်လယ်စာ တွေကို လတ်ဆတ်မှုရော ကျန်းမာရေးနဲ့ညီဖို့ရော ဂရုစိုက်ထားပါတယ်။ စားသုံးသူတွေအနေနဲ့ စိတ်ချစားသုံးနိုင်ပါ တယ်။”လို့ ကိုအောင်မင်းဟိန်းက ပြောပါတယ်။

စျေးတန်ပြီး အရသာထူးခြားတဲ့ ပင်လယ်စာဟင်းပွဲတွေ

ပန်းဂဏန်းအသားကြော်ထားတာလေးတွေကို ဂဏန်းအခွံထဲ အစာသွပ်ပြီး ‌ကြော်ထားတဲ့ ဂဏန်းခွက်ကြော် ကတော့ အခွံပါစားလို့ရတဲ့အထိ ကြွပ်ရွသလို ဂဏန်းသားအစာသွပ်ရဲ့ နှုးညံ့မှုကြောင့် ဆိုင်မှာ လူကြိုက်များတဲ့ မီနှူးတစ်ခုလို့ ဆိုနိုင်ပါတယ်။ဂဏန်းကြိုက်သူတွေအတွက် ဂဏန်းနဲ့ပတ်သက်တဲ့ မီနှူး(၇)မျိုးလောက်ထိရရှိနိုင်ပြီး အဏ္ဏဝါပင်လယ်စာ အစုံ ကိုမှ ဘီယာနဲ့ချက်ထားတဲ့ ဘီယာချက်၊ရေဘဝဲပေါင်း တို့ကလဲ အရသာတမူထူး ခြားပြီး နှစ်သက်မှုရစေတဲ့ ဟင်းပွဲတွေပါ။ဆိုင်မှာရရှိနိုင်တဲ့ ပင်လယ်စာဟင်းပွဲတွေရဲ့ ဈေးနှုန်းကလည်း (၃၀၀၀)ကျပ်က နေစပြီး (၁၃၀၀၀)ကျပ်ဝန်းကျင်သာဖြစ်တာကြောင့် ဈေးနှုန်းသင့်တင့်တဲ့ ပင်လယ်စာဆိုင်လေးပါ။

“ဂဏန်းခွက်ကြော်ဆိုရင် အခွံကစသေချာနေလှန်းပြီးမှ ဂဏန်းအသားကို အစာသွပ်ပြီးပြန်ကြော်ထားတာပါ။ ဂဏန်းအခွံကအစ ဝါးစားလိုက်ရင်ကြွပ်ကြွပ်လေးနဲ့စားလို့ကောင်းပြီး ဆိုင်မှာလူကြိုက်များတဲ့မီနှူးပါ။ အဏ္ဏဝါ ပင်လယ်စာအစုံကို ဘီယာနဲ့ချက်ထားတဲ့ ဟင်းပွဲဆိုလည်း ဂုံးဆို၃မျိုးလောက်ပါတယ်၊ တခြားပင်လယ်စာ တွေလဲအစုံပါပြီး လူကြီးတွေရောလူငယ်တွေရောကြိုက်ကြတယ်။စျေးနှုန်းဆိုလည်း အများစားနိုင်တဲ့စျေး ဖြစ်အောင် သေချာတွက်ချက်ပြီး သတ်မှတ်ပေးထားတယ် ပြီးတော့ဆိုင်မှာ အဖျော်ယမကာမရပေမယ့် ယူလာရင်လည်း Bottle charges မယူပါဘူး။”လို့ ကိုအောင်မင်းဟိန်းက ဆိုပါတယ်။


ငွေဆောင်ရဲ့ နာမည်ကြီးပင်လယ်စာအရသာတွေ မြည်းစမ်းချင်တယ်ဆိုရင်တော့

ဈေးနှုန်းထက် ပိုတန်တဲ့ ပင်လယ်စာရဲ့လက်ဆက်မှုနဲ့အရသာကို မြည်းစမ်းကြည့်နိုင်ဖို့ ဆိုင်လိပ်စာလေး ကတော့ အမှတ်(၁၂၂၂)၊ဦးဝိစာရလမ်း၊(၄၂)ရပ်ကွက် မြောက်ဒဂုံမြို့နယ်မှာဖြစ်ပါတယ်။ဆိုင်ဖွင့်ချိန်ကတော့ မနက် ၁၀နာရီကနေ ည၉နာရီအထိဖြစ်ပြီး ဖုန်းနံပါတ် ၀၉၇၉၉၇၈၆၈၃၄ကိုလည်း ဆက်သွယ်ကာ အော်ဒါ မှာယူနိုင်ပါတယ်။ပင်လယ်ကမ်းခြေမသွားဖြစ်ပေမယ့် ကမ်းခြေကပင်လယ်စာအရသာလေးကို လွမ်းနေသူတွေ အတွက် မြည်းစမ်းကြည့်နိုင်မယ့် ပင်လယ်စာဆိုင်လေးမို့ ညွှန်ပေးလိုက်ပါတယ်။



Share

Loading Next Article...
က္က