ကမ္ဘာ့အကြီးဆုံး Cryptocurrency တစ်ခုဖြစ်တဲ့ Bitcoin ဈေးဟာ ၁၇% အောက် ကျဆင်းပြီး ၂၀၂၀ ဒီဇင်ဘာနောက်ပိုင်း အနိမ့်ဆုံးအခြေအနေကို ရောက်ရှိနေတယ်လို့ ဆိုပါတယ်။
နာမည်ကြီး အမေရိကန် Crypto ချေးငွေပလက်ဖောင်းကြီးတစ်ခုဖြစ်တဲ့ Celsius Network ဟာ ဒီတစ်ပတ် တနင်္လာနေ့မှာပဲ Crypto ထုတ်ယူမှုနဲ့ အလွှဲအပြောင်းလုပ်မှု ပိတ်လိုက်ပြီးနောက် Bitcoin ဈေး ထိုးကျသွားခဲ့တာ ဖြစ်ပါတယ်။ အန္တရာယ်ကြီးတဲ့ ဈေးကွက်အနေအထားကြောင့် အခုလို လုပ်ဆောင်ရတာဖြစ်ကြောင်းပါ Celsius က ပြောပါတယ်။
တနင်္လာနေ့မနက်က အာရှဈေးကွက်အဖွင့်မှာ Crypto အထုတ်အသွင်း ပိတ်ကြောင်း ကြေညာပြီးနောက် ပြီးခဲ့တဲ့ တစ်နှစ်လောက်က ၇ ဒေါ်လာနီးပါး တန်တဲ့ ကုမ္ပဏီရဲ့ CEL Token ဟာ လက်ကျန်တန်ဖိုးရဲ့ သုံးပုံတစ်ပုံ ဆုံးရှုံးပြီး ၂၁ ဆင့်အထိ ကျဆင်းသွားခဲ့ပါတယ်။ Celsius ရဲ့ Crypto အသွင်းအထုတ်ကိစ္စတွေ ဆိုင်းငံ့တဲ့သတင်းတက်လာပြီး နာရီပိုင်းအကြာမှာ တခြား Cryptocurrency ဈေးတွေလည်း ထိုးကျသွားခဲ့ပါတယ်။
CoinMarketCap ရဲ့ ကမ္ဘာတစ်ဝှမ်းက Cryptocurrency ခြေရာခံမှုအရ Stablecoins နဲ့ Tokens တွေ အပါအဝင် Crypto Assets တွေရဲ့ စုပေါင်း ဈေးကွက်တန်ဖိုးဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ဒေါ်လာ ၃ ထရီလီယံအထိ အမြင့်ဆုံးရှိခဲ့ရာကနေ ဒေါ်လာ ၁ ထရီလီယံအောက်ကို ရောက်ရှိသွားပြီလို့ သိရပါတယ်။ Bitcoin ဈေးဟာ ၁၇% ခန့် ကျဆင်းသွားခဲ့ပြီး ၂၂၆၆၄ ဒေါ်လာဝန်းကျင်ဈေးနဲ့ အရောင်းအဝယ်လုပ်နေကြတယ်လို့လည်း CoinDesk ရဲ့ အချက်အလက်တွေက ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်အကုန်နဲ့ တနင်္လာနေ့ တစ်မနက်အတွင်းမှာ Cryptocurrency ဈေးကွက်တစ်ခုလုံးဟာ ဒေါ်လာ ဘီလျံ ၂၀၀ ကျော် ဆုံးရှုံးခဲ့ပြီလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်က အမေရိကန် စတော့ခ်အညွှန်းတွေလည်း သိသိသာသာ ကျဆင်းသွားခဲ့ပါတယ်။ Bitcoin နဲ့ တခြား Cryptocurrency တွေဟာ စတော့ခ်ရှယ်ယာနဲ့ တခြား အိမ်ခြံမြေ ရင်းနှီးမြှပ်နှံမှုတွေရဲ့ အခြေအနေနဲ့ အပြန်အလှန်ဆက်စပ်နေပြီး ဒီအညွှန်းတွေ ကျသွားချိန်မှာ Crypto တွေလည်း ဈေးကျသွားခဲ့တာ ဖြစ်ပါတယ်။
အမေရိကန်မှာ ငွေကြေးဖောင်းပွမှုအခြေအနေ မြင့်တက်နေပြီး ဖက်ဒရယ်ဗဟိုဘဏ်ဘက်ကလည်း ကုန်ဈေးနှုန်းတက်တာကို ထိန်းချုပ်ဖို့ ဒီတစ်ပတ်ထဲမှာ အတိုးနှုန်းတွေ မြှင့်ဖို့လုပ်နေပါတယ်။ Guggenheim ရင်းနှီးမြှပ်နှံမှုအရာရှိချုပ် စကော့တ် မိုင်းနာ့ဒ်ကတော့ လက်ရှိအနေအထားနဲ့ဆို Bitcoin ဟာ ဒေါ်လာ ၈၀၀၀ အထိ ဈေးကျသွားနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။