ရန်ကုန်မြို့မှာ မုန့်ဟင်းခါးဆိုင်တွေ နေရာတိူင်းမှာရှိပေမဲ့ သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်းနဲ့ စားသုံးသူတွေကို ဝန်ဆောင်မှုပေးနိုင်ဖို့ ဆိုတာ လွယ်ကူတဲ့အလုပ်တစ်ခုတော့မဟုတ်ပါဘူး။ ဒါ့အပြင် ငွေထုတ်ရ ခက်ခဲတဲ့ ကာလမှာ မုန့်ဟင်းခါးစားတယ်ဆိုရင်တောင်မှ ငွေသားနဲ့ ရှင်းစရာမလိုဘဲ စားသုံးသူတွေအဆင်ပြေအောင် KBZPay , CB Pay တို့နဲ့ ရှင်းလို့ရတဲ့ စနစ်ကို ပြုလုပ်ထားတဲ့ မုန့်ဟင်းခါးဆိုင်လေး တစ်ဆိုင်အကြောင်း ဝေမျှပေးချင်ပါတယ်။
သန့်ရှင်းသပ်ရပ်မှုနဲ့ အရသာ ကောင်းမွန်မှုကို ဦးစားပေးတဲ့ ဝင်းမိသားစုမုန့်ဟင်းခါး
မြန်မာနိုင်ငံမှာ လမ်းဘေးဆိုင်အများစုဟာ သန့်ရှင်းမှုအားနည်းတာတွေ့ရတာကြောင့် ဒီမုန့်ဟင်းခါးဆိုင်လေးကို စံပြအဖြစ်နဲ့ သန့်ရှင်းသပ်ရပ်မှုကို ဦးစားပေးပြီး ဖွင့်လှစ်ခဲ့တာလို့ ဝင်းမိသားစု မုန့်ဟင်းခါးဆိုင်ရှင် ကိုရဲသူက ပြောပါတယ်။
“ မြန်မာနိုင်ငံမှာက Street Food ဆိုင်တွေမှာ တချို့ဆိုင်တွေက သန့်ရှင်းမှုအားနည်းတာ တွေ့ရတယ်။ တစ်ချို့ဆိုင်တွေကတော့ တော်တော်လေးသန့်ရှင်းမှုအားကောင်းတာ တွေ့ရပါတယ်။ နိုင်ငံခြားမှာဆို ဒီလို လမ်းဘေးမှာ ရောင်းတဲ့ဆိုင်တွေက သန့်သန့်ရှင်းရှင်းသပ်သပ်ရပ်ရပ်နဲ့ ဖြစ်နေတာတွေ့ရတယ်။ အဲဒီတော့ ကိုယ့်နိုင်ငံမှာလည်း အဲလိုမျိုး ဖြစ်စေချင်တဲ့အတွက် ကျွန်တော်တို့မုန့်ဟင်းခါးဆိုင်လေးကို သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်းလေး လုပ်ထားပြီး လိုက်လုပ်မယ့်သူတွေအတွက်လည်း ရှေ့ဆောင်လမ်းပြဖြစ်ချင်တယ်။ အဓိကကတော့ ဒီလိုမျိုး သန့်ရှင်းသပ်ရပ်တဲ့ဆိုင်တွေ များများဖြစ်စေချင်တာပါ။” လို့ ကိုရဲသူက ဆိုပါတယ်။
“ ရေနွေးကြမ်းဆိုလည်း ကိုယ်တိုင်ယူစနစ်နဲ့ လုပ်ပေးထားတယ်။ ဆိုင်ကြီးတွေမှာဆိုလည်း ကိုယ်တိုင်ယူစနစ်နဲ့ လုပ်ကြပါတယ်။ရေနွေးခွက်နဲ့ ရေနွေးချပေးထားမယ်ဆိုရင် အဲဒါတွေကို သန့်ရှင်းဖို့က အားနည်းမှုတွေ ရှိနိုင်တယ်။ ဒီလိုမျိုးလုပ်ပေးတဲ့အတွက်ကြောင့် ကိုယ်ထူကိုယ်ထစနစ်လို ဖြစ်သွားတယ်။ ဒါပေမယ့် သန့်ရှင်းမှုကို ဦးစားပေးနိုင်တယ်။ ဒါကြောင့် ဒီလိုစနစ်ကိုလုပ်ပေးတာပါ။” လို့ ကိုရဲသူက ပြောပါတယ်။
သာမန်မုန့်ဟင်းခါးဆိုင်တွေနဲ့ မတူတဲ့ထူးခြားချက်
ဒီဆိုင်လေးရဲ့ထူးခြားချက်ကတော့ ငွေသားနဲ့ ရှင်းစရာမလိုတာပါပဲ။ မုန့်ဟင်းခါးဆိုင်ဆိုတာ အများဆုံး ငွေတစ်ထောင်ကျပ်ခန့်သာ ကျသင့်တယ်ဆိုပေမယ့်လည်း ဒီကာလမှာ အများသူငါ ငွေသားထုတ်ယူရခက်ခဲတာကြောင့် မုန့်ဟင်းခါးစားလည်း ငွေသားနဲ့ ရှင်းစရာမလိုအောင် ဝန်ဆောင်မှုပေးထားတယ်လိုဆိုပါတယ်။ ဖုန်းတစ်လုံးပါလာရုံနဲ့ KBZ Pay,CB Pay တို့ကတစ်ဆင့် Scan ဖတ်ပြီး မုန့်ဟင်းခါးဖိုး ရှင်းနိုင်မှာဖြစ်ပါတယ်။
“ ဒီကာလမှာ ငွေထုတ်ရ အခက်အခဲလေးတွေ ပြေလည်ဖို့ အတွက် ဒီလိုမျိုးတွေ ( K Pay,CB Pay) တို့ကတစ်ဆင့် ငွေရှင်းမယ်ဆိုရင် အဆင်ပြေမယ်ဆိုတဲ့အတွက် ဒီလို ဝန်ဆောင်မှုပေးတာပါ။ “ လို့ ကိုရဲသူက ဆိုပါတယ်။
မုန့်ဟင်းခါးအပြင် မနက်ခင်းအစားအစားရတဲ့ဆိုင်လေးဖြစ်လာ
ဝင်းမိသားစုဆိုင်လေးကတော့ အရသာကောင်းမွန်မှု၊ သန့်ရှင်းသပ်ရပ်မှု၊ ထူးခြားတဲ့ ဝန်ဆောင်မှုတွေကြောင့် လူကြိုက်များခဲ့ပါတယ်။ စစဖွင့်ချင်းမှာတော့ မုန့်ဟင်းခါးနဲ့ စတင်ရောင်းချခဲ့ပေမယ့် အခုတော့ အုန်းနို့ခေါက်ဆွဲ၊နန်းကြီးသုတ်၊ နန်းပြားသုပ် ၊ လက်ဖက်ရည် တို့ပါ ရလာတဲ့ မနက်ခင်း အစားအစာအစုံရတဲ့ ဆိုင်လေးဖြစ်လာတာပါ။ ဒီဆိုင်လေးစဖွင့်ဖြစ်တာကတော့ မုန့်ဟင်းခါးကို ကိုယ့်စိတ်ကြိုက် အိမ်မှာချက်စားဖြစ်ရင်းကနေ အွန်လိုင်းကနေ အော်ဒါစနစ်နဲ့ စတင်ရောင်းချခဲ့ပါတယ်။ အဲဒီနောက် လူကြိုက်များခဲ့တာကြောင့် အပြင်မှာ ဆိုင်ဖွင့်ဖို့ စိတ်ကူးခဲ့ရာကနေ ဝင်းမိသားစု မုန့်ဟင်းခါးဆိုင်လေးကို ဖွင့်လှစ်ဖြစ်ခဲ့တာလို့လည်း ပြောပါတယ်။ အခုတော့ ဆိုင်ခန်းလေးနဲ့ မနက်ခင်းစားစရာအစုံရတဲ့ ဆိုင်လေးဖြစ်လာခဲ့ပါတယ်။
ကျန်းမာရေးနဲ့ ညီညွတ်တဲ့ကုန်ကြမ်းတွေကို အသုံးပြုထားတဲ့ မုန့်ဟင်းခါး
စားသုံးသူတွေကို ကျန်းမာရေးနဲ့ ညီညွတ်ပြီး သင့်တင်လျောက်ပတ်ကောင်းမွန်တဲ့အရသာကို ပေးစွမ်းချင်တာက ဝင်းမိသားစု မုန့်ဟင်းခါးဆိုင်ရဲ့ စေတနာတစ်ခုဖြစ်ပါတယ်။
ဆီဆိုရင်လည်း ကျန်းမာရေးနဲ့ ညီညွှတ်အောင် ဆီသန့် နေကြာဆီကိုပဲ အသုံးပြုထားပြီး ငါးဆိုရင်လည်း ငါးခူ ငါးကြင်းကိုပဲ အသုံးပြုထားပါတယ်။ မုန့်ဟင်းခါးချက်တဲ့ ရေကိုလည်း ရေသန့်သန့်နဲ့ ချက်ပြုတ်ထားတယ်ဆိုပါတယ်။
“ ငါးအရိုးပြုတ်ရည်ကို ထည့်တဲ့အခါမှာလည်း ငါးဖယ်အရိုးပြုတ်ရည်ကိုထည့်တယ်။ ငါးအရိုးပြုတ်ရည်တို့ ငါးအသားတို့ဆိုတာ ကော်လဂျင်ဓာတ်ပြည့်ဝစွာပါဝင်တယ်။ လူ့ခန္ဓာကိုယ်အတွက် အရိုးအဆစ်ကောင်းစေတယ်။ အသားအရေတင်းရင်း နုပျိုစေတယ်။ ဒီဓာတ်တွေက မုန့်ဟင်းခါးမှာ များစွာပါဝင်တယ်။ မုန့်ဟင်းခါးဆိုတာကလည်း ငါးကို အခြေပြုချက်ထားတဲ့ မုန့်ဟင်းခါးကိုစားသုံးခြင်းအားဖြင့် ကော်လဂျင်ဓာတ်ကြွယ်ဝစွာပါဝင်တဲ့ အတွက် ကျကျန်းမာရေးကို လည်းများစွာ အထောက်အကူပြုစေပါတယ်။” လို့ ဆိုင်ရှင်ကိုရဲသူက ပြောပါတယ်။
စားသုံးသူတွေ စိတ်မပျက်အောင် မုန့်ဟင်းခါးအရသာကို ရေရှည်ထိန်းသွားမယ့်ဆိုင်လေး
ပွဲအရေအတွက် ဘယ်လောက်ပဲ ရောင်းရောင်း မုန့်ဟင်းခါးအရသာ မပျက်အောင် လက်ရာကို ရေရှည်ထိန်းထားဖို့ စီစဥ်ထားတယ်လို့ဆိုပါတယ်။ ဘယ်အချိန်စားစား ဒီလိုအရသာကောင်းမွန်နေအောင် မုန့်ဟင်းခါး ချက်တဲ့အခါ စံချိန် စံညွှန်းသတ်မှတ်ထားတယ်လို့ ဆိုပါတယ်။
“ ဥပမာ မုန့်ဟင်းခါးအချိန်တစ်ဆယ်မှာဆို ရေ ဘယ်နှစ်လီတာ ထည့်ရမလဲ စသဖြင့် သတ်မှတ်ထားတယ်။ ရေသုံးတဲ့အခါမှာလည်း တကယ့်ကို ရေသန့် သောက်ရေသန့်ပဲ သုံးတယ်။ ကျန်းမာရေးကို အဓိက ဦးစားပေးတဲ့အနေနဲ့ပေါ့နော်။ ပြီးတော့ သုံးတဲ့ကုန်ကြမ်းပစ္စည်းတွေက အစ အချိုးအစားကို ဂရမ်တွေနဲ့ ချိန်တယ်။ ပြီးရင် အချိုးအစားနဲ့ တိတိကျကျထည့်တယ်။ ချက်တဲ့မီးက အစ မုန့်ဟင်းခါး အချိန်တစ်ဆယ်ထည့်မယ်ဆို နာရီဘယ်လောက်ပေးရမလဲ။ မီးပမာဏဘယ်လောက်ပေးရမလဲ အဲလိုမျိုး အတိအကျလေး သွားတယ်။ အဲဒါမှ လက်ရာကို ရေရှည်ထိန်းထားနိုင်မှာဖြစ်ပါတယ်။ “ လို့ ဆိုင်ရှင်က ပြောပါတယ်။
ရန်ကုန်မြို့ရဲ့ နေရာအနှံ့အပြားမှာတွေ့ရမယ့် ဝင်းမိသားစုမုန့်ဟင်းခါး
သန့်ရှင်းသပ်ရပ်ပြီး လက်ရာကောင်းမွန်တဲ့ ဝင်းမိသားစုမုန့်ဟင်းခါးဆိုင်လေးကို ရန်ကုန်မြို့ နေရာအနှံ့အပြားက မြို့နယ်တော်တော်များများမှာ ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် နယ်မြို့ကြီးတွေမှာပါဖွင့်လှစ်သွားမယ်လို့ ဆိုပါတယ်။
“ စားသုံးသူတွေကို ပြောချင်တာက ဒီဆိုင်လေးကို မြည်းစမ်းကြည့်ပါ။ အကြိုက်တွေ့စေမယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့က တကယ့်ရည်ရွယ်ချက်က စေတနာ အရသာ ကျန်းမာရေး ကို အဓိကထားတယ်။ စားသုံးသူရဲ့ ကျေနပ်နှစ်သက်မှုကို အဓိကထားပါတယ်။ အရသာကလည်း သင့်တင့်ကောင်းမွန်တဲ့အရသာတစ်ခုကို ဖန်တီးထားတယ်။ ပြီးတော့ ကျန်းမာရေးနဲ့ ညီညွှတ်အောင်ကုန်ကြမ်းတွေက သန့်သန့်ရှင်းရှင်းတွေပဲ သုံးထားပါတယ်။ “ လို့ ကိုရဲသူက ဆိုပါတယ်။
ဆိုင်လေးကိုတော့ တာမွေမြို့နယ်၊ ကျောက်ရေတွင်းလမ်းမပေါ်၊ အ.ထ.က (၂) တာမွေ အရှေ့၊ မြို့သစ် ၂ လမ်းနှင့် ၃ လမ်းကြား၊ ကျောက်မြောင်းထဲမှာ မနက် ၇ နာရီကနေ ည ၇ နာရီအထိ ဖွင့်လှစ်ရောင်းချနေပြီး စျေးနှုန်းကတော့ မုန့်ဟင်းခါးတစ်ပွဲကို အလွတ် (၁၂၀၀) ကျပ်၊ အကြော်တစ်ခုကို (၂၀၀) ကျပ်နဲ့ ငါးဖယ်၊ အိုးဘဲဥကတော့ (၃၀၀) ကျပ် ကျသင့်မှာဖြစ်ပါတယ်။ စျေးနှုန်းကတော့ သာမန်မုန့်ဟင်းခါးဆိုင်တွေထက် အနည်းငယ်များတယ်လို့ ထင်ရပေမယ့် သန့်ရှင်းသပ်ရပ်တဲ့ ဆိုင်အပြင်အဆင်လေးကြောင့် လူသိများနေတဲ့ မုန့်ဟင်းခါးဆိုင်လေးကို သွားရောက် မြည်းစမ်းကြည့်သင့်ပါတယ်။