ကြည့်မြင်တိုင်ညစျေးကားမှတ်တိုင်နားက အင်ဂျင်နီယာဘွဲ့ရအမျိုးသမီးလေးရောင်းချတဲ့ စျေးသက်သာပြီး သန့်ရှင်းသပ်ရပ်စားကောင်းတဲ့ မနက်စာဆိုင်လေးနဲ့ Duwunပရိတ်သတ်တွေကို မိတ်ဆက်ပေးချင်ပါတယ်။
ဝင်ငွေနည်းပြည်သူတွေအတွက်ရည်ရွယ်တဲ့မနက်စာဆိုင်
ဝင်ငွေနည်းပြည်သူတွေ မနက်စာကိုအကုန်အကျသက်သာပြီး အာဟာရဖြစ်အောင်ရောင်းချပေးချင်တဲ့စိတ်ကူးနဲ့ ဒီဆိုင်လေးကိုဖွင့်လှစ်ဖြစ်တာပါလို့ ဆိုလာသူကတော့ Tea&Taste မနက်စာဆိုင်လေးရဲ့ ပဲ့ကိုင်ရှင် မနှင်းဦးဝေဖြစ်ပါတယ်။ ကျောင်းသားဘဝကတည်းက ဦးလေးဖြစ်သူရဲ့ လက်ဖက်ရည်ဆိုင်မှာ ကူညီလုပ်ကိုင်ရင်း စားသောက်ဆိုင်လုပ်ငန်းနဲ့လည်းရင်းနှီးခဲ့သူပါ။ ၂၀၁၈ခုနှစ်မှာဝန်ထမ်းဘဝကိုအဆုံးသတ်ပြီး ကိုယ်ပိုင်လက်ဖက်ရည်ဆိုင်ဖွင့်လှစ်ကာ ဦးစီးလုပ်ကိုင်နေသူလည်းဖြစ်ပါတယ်။
“အစ်မက Electrical မေဂျာနဲ့ကျောင်းပြီးခဲ့ပြီး အစိုးရဝန်ထမ်း၃နှစ်၊ ကုမ္ပဏီဝန်ထမ်း၅နှစ်လုပ်ခဲ့တယ်။ ၂၀၁၈ မှာ အစ်မ ဝန်ထမ်းအလုပ်ကနေနားပြီး ဦးကြွယ်ဟိုးလမ်းထဲမှာ လက်ဖက်ရည်ဆိုင်စဖွင့်ခဲ့တာပေါ့။ ကိုယ်တိုင်က ဝန်ထမ်းလုပ်ခဲ့တဲ့အခါကျ ဝန်ထမ်းတွေရဲ့အခက်အခဲကိုသိတယ်။အဲ့ဒါကြောင့် လခစားတွေနဲ့ ဝင်ငွေနည်း ပြည်သူတွေ အတွက်ရည်ရွယ်ပြီး မနက်စာအတွက်သူတို့သုံးနိုင်မယ့်စျေးနှုန်းလေးနဲ့အာဟာရဖြစ်တာလေးကို စားစေချင်တဲ့ စိတ်ကူးနဲ့ဒီဆိုင်ဖွင့်ဖြစ်တာ။”လို့ မနှင်းဦးဝေကပြောပါတယ်။
ဘွဲ့ရလုပ်ငန်းရှင်ဖြစ်ပေမယ့် ကိုယ်တိုင်လမ်းဘေးမှာစျေးရောင်းသူ
ကိုယ်တိုင်ကအင်ဂျင်နီယာဘွဲ့ရလုပ်ငန်းရှင်တစ်ဦးဖြစ်ပေမယ့်လည်း ဒီလိုလမ်းဘေးမှာစျေးရောင်းရတဲ့အလုပ်ကို သိမ်ငယ်စရာလို့မမြင်ဘဲ ကိုယ်တိုင်လှည်းတွန်းပြီး မနက်တိုင်းဆိုင်ထွက်တယ်လို့ မနှင်းဦးဝေကပြောပါတယ်။ ဒီအလုပ်ဟာ အိမ်ရှင်မတွေတနိုင်တပိုင်ဝင်ရှာဖွေနိုင်တဲ့အလုပ်မို့ အမျိုးသမီးတွေကို ဒီလိုတနိုင်တပိုင်လုပ်ငန်း တွေထူထောင်ပေးသွားနိုင်ဖို့ထိရည်ရွယ်ထားတယ်လို့ သူကဆိုပါတယ်။
“လမ်းဘေးမှာရောင်းတဲ့အခါကျ အထင်သေးကြတာ မကြိုဆိုကြတာစတဲ့အခက်ခဲလေးတွေကတော့ရှိတယ်။ အစ်မအနေနဲ့ကတော့ဒါဟာ သမာအာဇီ၀ကျတဲ့အလုပ်ဖြစ်တဲ့အတွက် သိမ်ငယ်တာတွေရှက်တာတွေမရှိဘူး။ ကိုယ်တိုင်အခုဦးဆောင်ပြီးရောင်းတယ်။အစ်မဆိုင်မှာ ITနဲ့ကျောင်းပြီးထားတဲ့ညီမလေးက သူ့အလုပ်ပိတ် ရက်တွေဆို အချိန်ပိုင်းလာလုပ်တယ်။ နောက်ပိုင်းမှာ ဒီလိုဆိုင်လေးတွေကနေ အမျိုးသမီးငယ်လေးတွေ အတွက်အချိန်ပိုင်းအလုပ်တွေ အိမ်ရှင်မတွေအတွက်လည်း ကိုယ်ပိုင်ဝင်ငွေရှာနိုင်တဲ့လုပ်ငန်းခွင်တွေဖန်တီး ပေးနိုင်ဖို့ ရည်ရွယ်ထားတယ်။”လို့ မနှင်းဦးဝေက သူ့ခံယူချက်နဲ့ရည်ရွယ်ချက်ကို စိတ်အားထက်သန်စွာပြောပြ ပါတယ်။
ဒေသစာလေးတွေပါရနိုင်တဲ့ဆိုင်လေး
Tea&Taste မနက်စာဆိုင်လေးမှာတော့ မနက်စာဖြစ် ရဲယိုရွက်နဲ့ ချက်ထားတဲ့ကျောက်ပန်းတောင်း မုန့်ဟင်းခါး ရပါတယ်။ကုလားပဲကိုနူးအိနေအောင်ပြုတ်ကာအနှစ်တိုက်ပြီး ကြက်သားဆီသတ်နဲ့ရဲယိုရွက်ထည့်ကာ ကြက်ပြုတ်ရည်ရဲ့ အချိုအရသာနဲ့ချက်ထားတဲ့ ကျောက်ပန်းတောင်းမုန့်ဟင်းခါးကို တစ်ပွဲတစ်ထောင်ကျပ်နဲ့ စားသုံးနိုင်မှာဖြစ်ပါတယ်။ ဆိုင်လေးရဲ့ ဆိုင်းဘုတ်အတိုင်း “ ခေတ်ကာလကြီးက ခက်ခဲနေလို့ တစ်ရက်ချင်းရှင်သန်ရမယ်ဆိုရင်တောင် မနက်စာတစ်နပ်ကို အာဟာရပြည့်အောင်စားပါ” ဆိုတဲ့အတိုင်း ဒီဆိုင်လေးက အစားအသောက်တွေက အာဟာရပြည့်ဝအောင် ချက်ပြုတ်ထားပြီး ဈေးသက်သာစွာနဲ့ စားသောက်နိုင်မှာလည်းဖြစ်ပါတယ်။
Tea&Tasteမှာရနိုင်တဲ့စားဖွယ်တွေက
Tea&Tasteမှာ မနက်စာအဖြစ် အဓိကရောင်းချတာကတော့ ထမင်းကြော်ပါ။ထောပတ်ထမင်းကြော်အလွတ်ကို ချဉ်ပေါင်ကြော်၊ငရုပ်သီးကြော်၊ ကျောက်ပန်းတောင်းမုန့်ဟင်းခါးအရည်တို့ ပါဝင်တဲ့မနက်စာတစ်ပွဲကို တစ်ထောင်ကျပ်သာ ကျသင့်မှာဖြစ်ပါတယ်။ကြက်သား၊ဝက်သား နှစ်သက်ရာအသားဟင်းနဲ့စားရင် ၁၅၀၀ကျပ်၊ လက်ဖက်ရည်ဆိုင်သောက်တစ်ခွက်၈၀၀ကျပ်၊စမူဆာ၊အီကြာကွေး တစ်ခု၂၀၀ကျပ်၊ အညာအကြော်စုံ ၊စီလုံတီးတို့လည်းရရှိနိုင်ပါတယ်။
Tea&Tasteမှာအားပေးချင်သူတွေအတွက်
Tea&Taste မနက်စာဆိုင်လေးရဲ့လိပ်စာကတော့ အထက်ကြည်မြင်တိုင်လမ်းမကြီး ညစျေးမှတ်တိုင် အနီးမှာဖြစ်ပြီး မနက်၅နာရီကနေမနက်၁၀နာရီအထိဆိုင်ဖွင့်ပါတယ်။သပ်ရှင်းသပ်ရပ်တဲ့လှည်းလေးနဲ့ စျေးတန်စားကောင်းတဲ့မနက်စာဆိုင်လေးကို Duwunပရိတ်သတ်တွေအတွက်ညွှန်းဆိုပေးလိုက်ပါတယ်။