ဒီဆိုင်လေးကတော့ ရန်ကုန်နဲ့မန္တလေးမှာ ဖွင့်လှစ်ထားတာပါ။

ငွေတစ်ထောင်ကျပ်ဝန်းကျင်နဲ့ ကိတ်မုန့်၊ပေါင်မုန့် ၃မျိုးလောက်စားလို့ရပြီး ဓာတ်ပုံလှလှလေးတွေလည်း ရိုက်လို့ရမယ့် ဆိုင်လေးတစ်ဆိုင်နဲ့မိတ်ဆက်ပေးချင်ပါတယ်။ဒီဆိုင်လေးကတော့ ၃၀၀တန်မုန့်ဆိုင်လို့ နာမည်ပေးထားတဲ့ ကိတ်မုန့်၊ပေါင်မုန့်ဆိုင်လေးပါ။



၃၀၀ကျပ်တန်မုန့်ဆိုင်လေးရဲ့အစ

၃၀၀တန်မုန့်ဆိုင်လို့ နာမည်ရိုးရိုးဆန်းဆန်းလေးပေးထားတဲ့ ကိတ်မုန့်၊ပေါင်မုန့်ဆိုင်လေးကတော့ အသက်၂၀ ကျော်အမျိုးသမီးလေးရဲ့ စိတ်ကူးနဲ့စတင်ခဲ့တဲ့ဆိုင်လေးပါ။ ဝါသနာပါတဲ့ အသက်မွေးဝမ်းကြောင်းပညာကို သေချာလေ့လာပြီးစတင်ခဲ့တဲ့မုန့်လုပ်ငန်းလေးဖြစ်ပါတယ်။ Park Royal ဟိုတယ်မှာ အလုပ်၀င်လုပ်ကာ Professional Chef တစ်ယောက်ဖြစ်ဖို့ကြိုးစားနေရင်း ကိုဗစ်ကာလမှာ အလုပ်ရပ်နားခဲ့ပြီးနောက် ကိုယ်ဝါသနာ ပါပြီးတတ်ကျွမ်းတဲ့ပညာနဲ့ပဲကိုယ်ပိုင်မုန့်ဆိုင်လေး စဖွင့်ခဲ့တာပါ။ စျေးတန်ပြီးအရသာ ကောင်းမွန်တဲ့မုန့်လေး တွေကိုရောင်းချင်တဲ့စိတ်ကူးလေးအတိုင်း စတင်ခဲ့တဲ့မုန့်ဆိုင်လေးဟာ စားသုံးတွေရဲ့အားပေးမှုနဲ့အောင်မြင်တဲ့ မုန့်ဆိုင်လေး အဖြစ်ရပ်တည်နေပါတယ်။

“ညီမက Tourism & Hospitality မေဂျာနဲ့ကျောင်းတတ်တယ်။ညီမဖြစ်ချင်တာက Professional Chef တစ်ယောက်ဖြစ်ချင်တာ။ ကိုဗစ်ကာလမှာအလုပ်တွေနားတော့ ကိုယ်တိုင်ကဘာလုပ်ရမှန်း မသိဖြစ်သွားသေးတယ်။ဒါပေမယ့်လည်းဒီအလုပ်က ကိုယ်တကယ်လုပ်ချင်တဲ့အလုပ်ဆိုတော့ မုန့်ဆိုင်လေးပဲဖွင့်မယ်ဆိုပြီး မန္တလေးမှာ အရင်စဖွင့်တာပါ။စီးပွားရေး အမြင်ထက်လုပ်ငန်းတစ်ခုကို စတင်နိုင်လားဆိုတာစမ်းသပ်တဲ့အနေနဲ့ လုပ်ခဲ့တာပါ။ဘယ်လိုအခက်ခဲပဲရှိရှိ ကိုယ်ဝါသနာပါတဲ့အလုပ်မို့ တစိုက်မတ်မတ်လုပ်ခဲ့တယ်”လို့ ၃၀၀တန်မုန့်ဆိုင်လေးရဲ့ပဲ့ကိုင်ရှင် မထွန်းနန္ဒာဖွေးက ပြောပါတယ်။

ဆိုင်ခွဲဖွင့်နိုင်တဲ့အထိ လူကြိုက်များတဲ့ မုန့်ဆိုင်လေး

ဒီလိုဝါသနာကို ဇွဲသန်သန်နဲ့ကြိုးစားခဲ့တာကြောင့် ၃၀၀တန်မုန့်ဆိုင်လေးဟာ ၂နှစ်အတွင်းမှာပဲ ရန်ကုန်မှာဆိုင်ခွဲ ဖွင့်နိုင်တဲ့ အထိစားသုံးသူတွေရဲ့နှစ်သက်မှုကိုရရှိတဲ့ဆိုင်လေးဖြစ်လာပါတယ်။ရန်ကုန်ဆိုင်ခွဲဖွင့်တာ တစ်ပတ်ဝန်းကျင်သာရှိသေးပေမယ့် စားသုံးသူတွေကြားထပ်ဆင့်ညွှန်းဆိုမှုတွေနဲ့ လူကြိုက်များနေတဲ့မုန့်ဆိုင်လေးပါ။

“မန္တလေးဆိုင်လေးက ၂၀၂၁မှာဖွင့်တယ်။မန္တလေးမှာစဖွင့်တုန်းက အတွေ့အကြုံတွေနဲ့ သေချာပြင်ဆင်ပြီး ရန်ကုန်မှာဆိုင်ခွဲလေးဖွင့်တာ။ဒါပေမယ့်ရန်ကုန်ကလည်းမထင်မှတ်ထားလောက်အောင်အားပေးတာတွေ့ရတယ်။ ဆိုင်၉နာရီဖွင့်ထဲက မုန့်ကဝယ်သူမပြတ်ဘူး မုန့်ကထုတ်တာနဲ့ကုန်ဖြစ်နေတယ်။တစ်ရက်ကို မုန့်အခုရေ ၁၅၀၀ လောက်ရောင်းရတယ်။ဆိုင်မှာရောင်းတာရောအော်ဒါလက်ခံတာရော ရောင်းကြေးအနေနဲ့ဆို တစ်ရက်ကို ၁၁သိန်းဖိုးလောက်ရောင်းရပါတယ်။ နောက်ပိုင်းလည်းဝယ်သူတွေအဆင်ပြေအောင်လို့ အရောင်းပိုင်းကို သေချာလေးလုပ်သွားဖို့ရှိပါတယ်”လို့ မထွန်းနန္ဒာဖွေးက ပြောပါတယ်။

‌မုန့်စားရင်းဓာတ်ပုံလှလှလေးတွေရိုက်မယ်

ဒီဆိုင်လေးမှာရောင်းချတဲ့ပေါင်မုန့်၊ကိတ်မုန့်လေးတွေက အရသာကောင်းပြီးစျေးသက်သာသလို ဆိုင်ရဲ့အပြင်အဆင်လေးကလဲ သပ်ရပ်သန့်ရှင်းပြီး အပင်လေးတွေနဲ့ကြည်နူးဖွယ်ပြင်ဆင်ထားတာပါ။ ဆိုင်ကိုမှန်လေးတွေနဲ့ဆောက်ထားပြီး ပန်းခြံလေးတစ်ခုလို ပြင်ဆင်ထားတာကိုတွေ့ရပါတယ်။ဒါ့အပြင် မုန့်ထည့်တဲ့ခြင်းလေးတွေကိုလည်း ပြည်တွင်းဖြစ်ဝါးခြင်းလေးတွေကို အသုံးပြုထားတာပါ။ စျေးသက်သက်သာသာနဲ့မုန့်စားနိုင်ပြီး ဓာတ်ပုံလှလှလေးတွေရိုက်ကူးနိုင်တဲ့ နေရာလေးပါ။

“ပန်းခြံလေးကတော့ ညီမအမေရဲ့ စိတ်ကူးပါ။မုန့်ဆိုင်လေးလုပ်မယ်ဆိုတော့ မေမေက ဆိုင်ထဲမှာပန်းလေးတွေနဲ့ သေချာလေးပြင်ဆင်ပေးတယ်။မန္တလေးဆိုင်ကိုလာတဲ့စားသုံးသူတွေကလဲ ဒီလိုအပြင်အဆင်လေးကို ကြိုက်တော့ ရန်ကုန်မှာလည်းပန်းခြံလိုပုံစံလေးလုပ်ပြီး ဆိုင်ကိုလည်း မှန်လေးတွေနဲ့ ချစ်ဖို့ကောင်းတဲ့ပုံစံလေး ပြင်ဆင်ဖြစ်တာပါ။"လို့ မထွန်းနန္ဒာဖွေးကပြောပါတယ်။

၃၀၀တန်ဘာမုန့်လေးတွေရ

ဒီဆိုင်လေးရဲ့ ထူးခြားချက်ကတော့ မုန့်လေးတွေကို ‌ဈေးသက်သက်သာသာနဲ့ ရောင်းမယ်ဆိုတဲ့စိတ်ကူးနဲ့စခဲ့တာကြောင့် ဒီဆိုင်လေးမှာရတဲ့ မုန့်အများစုဟာ တစ်ခုကို ၃၀၀ ကျပ်လောက်နဲ့ ဝယ်စားလို့ရတဲ့ မုန့်အမျိုးအစားတွေ ဖြစ်ပါတယ်။ ဒီ ၃၀၀တန်မုန့်ဆိုင်လေးမှာတော့ ကိတ်မုန်၊ပေါင်မုန် အမျိုးအစား၁၂မျိုးလောက်ရွေးချယ်နိုင်ပြီး ဈေးနှုန်းတွေကတော့ ၃၀၀ကျပ်ကနေ၁၂၀၀ကျပ်အတွင်းဖြစ်ပါတယ်။အဲ့ထဲက မုန့်အမျိုးအစား(၈)မျိုးလောက်ကို (၃၀၀) ကျပ်နဲ့ဝယ်ယူနိုင်ပါတယ်။ဒါ့အပြင် မုန့်လေးတွေနဲ့တွဲဖက်စားသုံးစရာ ကော်ဖီနဲ့ အအေးတို့လည်းရရှိနိုင်ပါတယ်။

၃၀ဝတန်မုန့်ဆိုင်လေးရဲ့လိပ်စာ

၃၀၀တန်မုန်ဆိုင်လေးရဲ့ လိပ်စာကတော့ ၁၃၇၈၊၃၄ရပ်ကွက်၊ ယမနေ(၁)လမ်းဖြစ်ပါတယ်။‌ ဘေလီတံတားအဆင်း၊ ဦးဝိစာရလမ်းမကြီးအတိုင်းသွားပြီး ပျဉ်းကတိုးလမ်းရဲ့ဝင်ဝင်ခြင်း ညာဘက်လမ်းလေးပါ။ ဆိုင်ဖွင့်ချိန်ကတော့ မနက်၉နာရီကနေညနေ၆နာရီအထိ ဖြစ်ပါတယ်။ ဈေးတန်ပြီး အရသာကောင်းတဲ့မုန့်လေးတွေစားရင် ဓာတ်ပုံလှလှလေးတွေရိုက်ကူးနိုင်တဲ့ ဆိုင်ကောင်းလေးမို့ ညွှန်းဆိုပေးလိုက်ပါတယ်။


Share

Loading Next Article...
က္က