ဟော့ပေါ့စားဖို့ ငွေအများကြီးမကုန်တော့ဘဲ ဈေးလေးသက်သက်သာသာနဲ့ အရသာကောင်းတဲ့အပြင် ထူးခြားတဲ့ခံစားမှုလေးရအောင် မြေအိုးလေးနဲ့ ရောင်းတဲ့ ဟော့ပေါ့ဆိုင်လေးတစ်ဆိုင် မြောက်ဒဂုံမြို့နယ်အတွင်းမှာ ရှိပါတယ်။
လမ်းဘေးပလက်ဖောင်းမှာ အစပြုခဲ့တဲ့ မြေအိုးဟော့ပေါ့ဆိုင်
ကိုယ်တိုင်ကလည်း အစားအသောက်ရောင်းတာကို စိတ်ဝင်စားပြီး ဈေးနှုန်းအသင့်အတင့်နဲ့ လူတိုင်းစားနိုင်အောင် ရည်ရွယ်တဲ့ ဘက်ဂျက်ဟော့ပေါ့ဆိုင်လေးကို ဖွင့်ဖို့ စိတ်ကူးမိရာကနေ ဒီဆိုင်လေးဖြစ်လာခဲ့တာပါ။ စားတဲ့သူတွေအတွက်လည်း ဆန်းဆန်းပြားပြားလေးဖြစ်အောင် မြေအိုးဟော့ပေါ့ဆိုပြီး စတင်ရောင်းချခဲ့ရာက အခုတော့ လူသိများတဲ့ဆိုင်လေးဖြစ်လာခဲ့ပါပြီ။
“ ဟော့ပေါ့လည်းရောင်းချင်တယ်။ ဈေးကလည်းအများကြီးမဟုတ်ဘဲ အသင့်အတင့်နဲ့ဖြစ်အောင်ဆိုပြီး စရောင်းခဲ့တာပေါ့။ ပထမဆုံးစဖွင့်တုန်းက ဟော့ပေါ့ တစ်စုံစာကိုမှ ၆၅၀၀ ပဲရှိတယ်။ မိသားစု ၃ ယောက် ကောင်းကောင်းစားလို့ရတယ်။ ခုနောက်ပိုင်းကုန်ဈေးနှုန်းတက်မှ တစ်သောင်း ဝန်းကျင်ဖြစ်သွားတာ” မြေအိုးဟော့ပေါ့ဆိုင်ရှင် မဧကရီစိုးကဆိုပါတယ်။
မြေအိုးလေးနဲ့ ရောင်းတဲ့ ဆန်းဆန်းပြားပြားသူတို့စိတ်ကူး
ဟော့ပေါ့ကို မြေအိုးနဲ့ ရောင်းဖို့စိတ်ကူးရခဲ့တာကတော့ အသားတွေက မြေအိုးနဲ့ချက်ရင် အနူးမြန်ပြီး ပိုစားကောင်းတာကြောင့်လိုဆိုပါတယ်။ ဒါ့အပြင် မြန်မာ့လက်မှုပညာလည်း မပျောက်အောင်ဆိုပြီး မြေအိုးလေးနဲ့ မီးသွေးလေးနဲ့ချက်တဲ့ ပုံစံမျိုးနဲ့ မြေအိုးဟော့ပေါ့ဆိုပြီး ဖြစ်လာတာပါ။
“ရန်ကုန်မှာ အစ်မတို့ဆိုင်က မြေအိုးနဲ့ရောင်းတာ ပထမဆုံးပါ။ သူများတွေက ဟော့ပေါ့ဆို ဂတ်စ်နဲ့ စတီးအိုးတွေနဲ့ ချက်တဲ့ခေတ်မှာ မီးသွေးဖိုနဲ့မြေအိုးလေးနဲ့ဆိုတော့ စားသုံးသူတွေက အထူးအဆန်းဖြစ်ပြီးလာစားကြပြီးကြိုက်သွားကြတယ်။ အဲဒါနဲ့ တစ်ဆင့်ပြီးတစ်ဆင့်လူသိလာတာပေါ့” လို့ မြေအိုးဟော့ပေါ့ဆိုင်ရှင် မဧကရီစိုးက ဆိုပါတယ်။
ဆိုင်ဖွင့်သက်တမ်း (၁)နှစ်အတွင်းမှာဆိုင်ခန်းကျယ်ကြီးနဲ့ဖြစ်သွားတဲ့ဆိုင်လေး
ဟော့ပေါ့တစ်အိုးကိုတစ်သောင်းဝန်းကျင်ခန့်ဆိုပေမယ့်လည်း အရသာကောင်းတာကြောင့်အပြင် မြေအိုးနဲ့ရောင်းတဲ့ စိတ်ကူးအသစ်အဆန်းကြောင့် အချိန်တိုအတွင်း စားသုံးသူတွေအကြား ရေပန်းစားခဲ့ပါတယ်။ အဲဒါကြောင့် လမ်းဘေးဆိုင်လေးက ဆိုင်ခန်းကျယ်ကြီးနဲ့ ပြောင်းလဲဖွင့်လှစ်ခဲ့တာ အခုဆို (၃) လနီးပါးရှိနေပါပြီ။
“ မထင်မှတ်ဘဲ လပိုင်းမှာကို လူတော်တော်များများသိသွားတယ်။ အဲဒါနဲ့ စားသုံးသူတွေလည်းများလာတယ်။ လမ်းဘေးနေရာက အရမ်းကျဉ်းပြီး ထိုင်ခုံတွေမလောက်၊ ထိုင်ပြီးစောင့်နေရတော့ အစ်မလဲ ဆိုင်ခန်းဖွင့်ဖို့ စဉ်းစားတာပေါ့။ ဆိုင်ရှာတော့လည်း အခန်းထက်စာရင် ခြံကျယ်ကျယ်မှာ စားရတဲ့ပုံစံမျိုးနဲ့ မြေအိုးနဲ့မီးသွေးဖိုနဲ့ဆိုတော့ သဘာဝလေ ရတဲ့ နေရာမျိုးကို ရွေးချယ်ပြီး ငှားဖြစ်တာပါ။ အခုဆို ဒီဆိုင်လေးမှာလာစားရင် ကိုယ့်ခြံထဲမှာ စားရသလိုပုံစံမျိုးလေးဖြစ်အောင် ပြင်ဆင်ထားတာပေါ့” လို့ ဆိုပါတယ်။
ဈေးသက်သာပေမယ့်ဆိုင်ကြီးတွေမှာစားရတဲ့အရသာမျိုးဖြစ်အောင် ပြင်ဆင်ထား
ဟော့ပေါ့တစ်အိုးက တစ်သောင်းဝန်းကျင်ပဲဆိုပေမယ့်လည်း အရသာနဲ့ ပစ္စည်းအရည်အသွေးကို ထိန်းထားတဲ့ဆိုင်လေးပါ။ ထုံချိုင်းကင်၊ အသားတွေက အစ ကောင်းတာပဲ သုံးထားပြီး ဆိုင်ကြီးတွေရဲ့ လက်ရာကို မလျော့စေရအောင် ပြုလုပ်ထားတာပါ။ ဟော့ပေါ့အရည်ကို ကြက်သားပြုတ်ရည်ကိုသာ အဓိကထား အသုံးပြုတာကြောင့် ဟော့ပေါ့အရည်ကစားလိုက်တာနဲ့ ချိုပြီး အာဟာရဖြစ်စေပါတယ်။
“ ဆိုင်မဖွင့်ခင်တုန်းဆို Youtube ကနေ လေ့လာတယ်။ စမ်းချက်ကြည့်တယ်။ အရသာကောင်းဖို့ ဟော့ပေါ့အရည်လုပ်တဲ့အခါ ဆိုင်မဖွင့်ခင် မနက်မှာ ကြက်အရိုးပြုတ်ရည် ကိုအရည်ကျအောင် တည်ထားပြီးတော့ အရိုးကနေကျလာတဲ့အရည်ကို ထွက်အောင် ကြာကြာလေးတည်ထားတယ်။ ဝက်ပြုတ်ရည်တို့ ဘာတို့ လုံးဝမသုံးဘူး။ စားသုံးသူတွေကတော့ တစ်ခါလာစားပြီးတာနဲ့ နောက်တစ်ခါလာစားကြတော့ အစ်မတို့အနေနဲ့ အဆင်ပြေတယ်လို့ ယူဆတယ်ပေါ့နော်” လို့ ဆိုပါတယ်။
မြေအိုးဟော့ပေါ့ မြည်းစမ်းချင်သူတွေအတွက်လမ်းညွှန်
ဒီဆိုင်မှာ မြေအိုးဟော့ပေါ့အပြင် မာလာရှမ်းကော၊ မာလာမောက်ချိုက်နဲ့ ယိုးဒယားအထောင်းမျိုးစုံရနိုင်ပါတယ်။ ဈေးနှုန်းတွေကတော့ ဟော့ပေါ့ တစ်ပွဲကို ၁၀၀၀၀ ကျပ်ကနေ အများဆုံး ၁၅၀၀၀ ကျပ်ထိဖြစ်ပြီး မာလာရှမ်းကောဆိုလည်း ၇၀၀၀ ကျပ်ကနေ အများဆုံး ၁၀၀၀၀ ဝန်းကျင်ထိသာကျသင့်ပါတယ်။
ဆိုင်လေးကို ဟော့ပေါ့မြေအိုးဆိုင်လို့ လူသိများကြပေမယ့် ဆိုင်အမည်က Good Taste Food House ဖြစ်ပြီး ဆိုင်လိပ်စာ အမှတ် ၁၃၆၉/ ၄၃ ရပ်ကွက်၊ ဘုရင့်နောင်လမ်း၊ ၄၄ မှတ်တိုင်အနီးမှာဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်က နေ့လယ် ၁၁ နာရီကနေ ည ၈ နာရီအထိ ဖြစ်ပြီး ဆိုင်ဖုန်းနံပါတ် 09755026756 ကိုဆက်သွယ်နိုင်ပါတယ်။
Share