Tesla ကားကုမ္ပဏီနဲ့ SpaceX အာကာသယာဉ်လုပ်ငန်းကို တည်ထောင်ထားတဲ့ အီလွန်မတ်စ်ဟာ ဦးနှောက်နဲ့ စက်ပစ္စည်း ချိတ်ဆက်နိုင်မယ့်နည်းပညာကို အကောင်အထည်ဖော်နေပါတယ်။
ဒီတစ်ပတ်ထဲမှာပဲ အီလွန်မတ်စ်ဟာ သူ့စိတ်ကူးကို Gertrude လို့ နာမည်ပေးထားတဲ့ ဝက်တစ်ကောင်နဲ့ သရုပ်ပြခဲ့ပါတယ်။ Gertrude ရဲ့ ခေါင်းထဲမှာ ဦးနှောက်နဲ့ စက်အကြား ချိတ်ဆက်မှု လုပ်နိုင်ဖို့ ဒင်္ဂါးပြားအရွယ် ကွန်ပျူတာချပ်စ်တစ်ခု ထည့်သွင်းထားပါတယ်။
"ဒါက ဝိုင်ယာကြိုးမျှင်သေးသေးလေးတွေပါတဲ့ သင့်ဦးခေါင်းခွံထဲက Fitbit လက်ပတ်လိုပါပဲ" လို့ နည်းပညာဘီလျံနာတစ်ဦးဖြစ်တဲ့ အီလွန်မတ်စ်က Webcast နဲ့ ပြောပါတယ်။
Photo: BBC
မတ်စ်ဟာ ၂၀၁၆ ဇူလိုင်လထဲမှာ အာရုံကြောနည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ Neuralink ကော်ပိုရေးရှင်းကို တည်ထောင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ကစပြီး Neuralink ဟာ ၂၀၂၀ ခုနှစ်အတွင်း လူတွေရဲ့ ဦးနှောက်နဲ့ စက်ပစ္စည်းတွေ ချိတ်ဆက်နိုင်မယ့် စမ်းသပ်မှုလုပ်ဖို့ စီစဉ်ထားကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။
Neuralink Corp ဟာ လူ့ဦးနှောက်စွမ်းဆောင်ရည်ကို နည်းပညာအကူအညီနဲ့အဆင့်မြှင့်တင်သွားဖို့အတွက် စက်ယန္တရားများနဲ့လူသားအကြား ရုပ်ပိုင်းဆိုင်ရာ တိုက်ရိုက်ဆက်သွယ်နိုင်စေမယ့် neural lace နည်းပညာကို သုံးစွဲသွားမယ်လို့ ကြေညာထားပါတယ်။ ဒီနည်းပညာကနေ တစ်ဆင့် ဦးနှောက်ထဲကို လျှစ်စစ်စီးဆင်းစေပြီး လူသားတွေနဲ့ကွန်ပျူတာအကြား အတွေးပုံရိပ်များကို ဒေါင်းလုပ်ဆွဲနိုင် ၊ upload တင်နိုင်မှာ ဖြစ်ပါတယ်။
ဒီထုတ်ကုန်ကနေ လူတစ်ယောက်မှာ ရှိထားသမျှ သိရှိမှု ဗဟုသုတများ ၊ အတွေ့အကြုံနဲ့အာရုံများကိုပါ အဆင့်မြှင့်တင်ပေးသွားမှာ ဖြစ်လို့လူတစ်ယောက်ဟာ မဟာလူသားတစ်ယောက်လို တွေးခေါ်နိုင် သိရှိခံစားနိုင်တော့မှာပါ။ AI နဲ machine learning လို့ခေါ်တဲ့ စက်နဲ့ချိတ်ဆက်လေ့လာခြင်းများဟာ နတ်ဘုရားတမျှအစွမ်းထက်တဲ့ အဆင့်လွန်လူသားများကို ဖန်တီးပေးနိုင်မယ်လို့မတ်စ်ကတော့ ယုံကြည်ထားပါတယ်။
အီလွန်မတ်စ်ရဲ့အဆိုအရ ဒီကြားခံနည်းပညာဟာ အာရုံကြောမသန်စွမ်းတဲ့ ပြဿနာရှိသူတွေကို စိတ်နဲ့ ဖုန်းတွေ ၊ ကွန်ပျူတာတွေကို ထိန်းချုပ်နိုင်စေမယ်လို့ ဆိုပါတယ်။ ဒီ Chips ကို မှတ်ဉာဏ်ပျောက်ဆုံးသူတွေ ၊ ပါကင်ဆန်ရောဂါခံစားနေရသူတွေနဲ့ အာရုံကြောမကြီးတွေ ဒဏ်ရာရထားသူတွေကို ကုသရာမှာပါ သုံးနိုင်မယ်လို့လည်း မတ်စ်က မျှော်လင့်ထားတာပါ။
Neural chip တပ်ဆင်ထားတဲ့ Gertrude ကို အစာစားဖို့ လွှတ်လိုက်ချိန်မှာ ချပ်စ်ဟာ သူမရဲ့ အာရုံကြောလှုပ်ရှားမှုကို ဂရပ်ဖစ်နဲ့ ခြေရာခံပြသပါတယ်။ ဝက်ဦးနှောက်ထဲမှာ ရှိတဲ့ processor ဟာ wireless signals တွေ လွှင့်ပြီး အစာရှာနေချိန် ဝက်ရဲ့ အာရုံကြော အလုပ်လုပ်ပုံကို ကြည့်တာ ဖြစ်ပါတယ်။
Photo: CNBC
မတ်စ်ကတော့ မူလ Neuralink ထုတ်ကုန်ကို ပြီးခဲ့တဲ့တစ်နှစ်ကျော်က ထုတ်ဖော်ပြသခဲ့ပြီး အခုပိုပြီးရိုးရှင်းကျစ်လျစ်အောင် ထုတ်လာတာလို့ ဆိုပါတယ်။ Neuralink ထုတ်ကုန်မှာ electrodes ပေါင်း ၃၀၀၀ ကျော် ပါဝင်ပြီး လူ့ဆံပင်ထက် သေးငယ် ပျော့ပြောင်းတဲ့ ဆံချည်မျှင်လေးတွေ ထည့်သွင်းထားကာ ဦးနှောက်နျူရွန်ပေါင်း ၁၀၀၀ ရဲ့ လှုပ်ရှားမှုကို စောင့်ကြည့်နိုင်တယ်လို့ ဆိုပါတယ်။
ဒီထုတ်ကုန်ကို မတူညီတဲ့ တိရစ္ဆာန် အနည်းဆုံး ၁၉ မျိုးမှာ စမ်းသပ်ကြည့်ခဲ့ပြီး အောင်မြင်မှုအနေနဲ့ ၈၇% အထိ ရှိထားတယ်လို့လည်း ကုမ္ပဏီက ဆိုပါတယ်။
Share