ဒီဆိုင်လေးက နာမည်ကြီး‌ရွှေရောင်လမ်းကော်ပြန့်စိမ်းဆိုင် အစပြုရာနေရာလေးပါ။

မြောက်ဒဂုံမြို့နယ် ၇/၈ လမ်းဆုံ ထိပ်မှာရောင်းနေတဲ့ ကော်ပြန့်စိမ်းဆိုင်လေးကတော နှစ်ပေါင်း ၃၀ တိုင်တိုင် လက်ရာမပျက်တဲ့ မူလလက်ဟောင်းဆိုင်လေးတစ်ဆိုင်ပါ။ ဒီဆိုင်လေးကနေ လက်ရှိ နာမည်ကျော် ကော်ပြန့်စိမ်းဆိုင်လေးတစ်ခု အဖြစ် ရပ်တည်နေတဲ့ ဆိုင်လေးတစ်ဆိုင် ဖြစ်လာတဲ့အကြောင်း Duwun ပရိတ်သတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။



၁၉၉၅ ခုနှစ်ကစတင်ခဲ့တဲ့ဆိုင်လေး

ဒီဆိုင်လေးကတော့ မြောက်ဒဂုံမြို့နယ်မှာ အစောဆုံးပေါ်ခဲ့တဲ့ ကော်ပြန့်စိမ်းဆိုင်လေးတစ်ခုလို့ ဆိုရမှာပါ။ ၁၉၉၅ ခုနှစ်က စတင်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ ဒီပုံစံလေးအတိုင်း လက်ရာမပျက်တွေ့ရတဲ့ဆိုင်လေးပါ။

“ အစ်မတို့ ၆ တန်းကျောင်းသူလောက်မှာ ဒီဆိုင်လေးက အစ်မတို့ အမေက စရောင်းခဲ့တာပေါ့။ အမေက ဈေးရောင်းမယ်ဆိုပြီး စခဲ့တာ ကော်ပြန့်ကြော် စရောင်းခဲ့တာ။ နောက်မှ မြို့ထဲသွားရင်းနဲ့ ကော်ပြန့်စိမ်းစားလာရင်းနဲ့ ကော်ပြန့်စိမ်းပါစမ်းလုပ်ရင်းနဲ့ ကော်ပြန့်ကြော်၊ ကော်ပြန့်စိမ်း တွဲရောင်းဖြစ်သွားတာပါ။ ဒီဆိုင်လေးကို အဖေနဲ့ အမေက စခဲ့တာပေါ့နော်။ အဲ့ဒီတုန်းက မိသားစု၊ မောင်နှမတွေ အကုန်လုံး ဝိုင်းလုပ်ကြတာ။ အမေက ဘယ်လိုသင်ယူခဲ့လဲဆိုတော့ မြို့ထဲမှာ စားလာပြီးတော့ သူတို့လုပ်တာလေးတွေ ကြည့်ပြီး တဖြည်းဖြည်းလိုအပ်တာလေးတွေ ထည့်ရင်းနဲ့ လုပ်ဖြစ်သွားတာပါ။ အစ်မတို့ စရောင်းတုန်းက ခုံအပုလေးတွေ လေးငါးလုံးနဲ့ စခဲ့တာပါ။ ညနေ ဆို ဖယ်ရီတွေဆိုက်ပြီး ရုံးဝန်ထမ်းတွေ လာစားကြတာ နေရာတောင်မရှိဘူး။ လက်မလည်ဘူးရောင်းရတာ။  အစ်မတို့လည်း ကျောင်းကပြန်လာပြီး ဝိုင်းလုပ်ကြရတာပေါ့” လို့ လက်ရှိ ဆိုင်လေးကို ဦးစီးနေသူ မအေးအေးအောင်က ဆိုပါတယ်။

လမ်းဘေးဆိုင်လေးကနေ နာမည်ကျော်ရွှေရောင်လမ်းကော်ပြန့်ဆိုင်လေးဆီသို့

ဒီဆိုင်လေးဟာ အခုတော့ စားသုံးသူတွေအကြား နာမည်တစ်ခုရနေတဲ့ ရွှေရောင်လမ်းကော်ပြန့်စိမ်းဖြစ်လာဖို့ အစပြုရာ နေရာ‌လေးတစ်ခုဖြစ်ပါတယ်။ မိခင်ဖြစ်သူရဲ့ မုန့်လုပ်ပညာအမွေ လက်ဆင့်ကမ်းသင်ယူရင်းနဲ့ ရွှေရောင်လမ်းကော်ပြန့်စိမ်းဆိုပြီး အသိအမှတ်ပြုမှုတစ်ခုရလာဖို့ အတွက် ကြိုးစားသင်ယူခဲ့ရတဲ့ နေရာတစ်ခုပါ။

“ အစ်မတို့မှာ မောင်နှမ ၅ ယောက်ရှိတယ်။ အစ်ကို အကြီးဆုံးက အိမ်ထောင်စကျတော့ သူက စံပြဈေးမှာ သူ့ဘာသာသူ ဆိုင်ခန်းလေး ငှားပြီး ကော်ပြန့်စိမ်းဆိုင်လေး ထပ်ဖွင့်တယ်။ အဲ့ဒီတုန်းက အမေ့လက်ရာလေးနဲ့ စလုပ်ခဲ့တာပါ။ ဆိုင်ဖွင့်ဖို့အတွက် အိမ်မှာမုန့်တွေလုပ် ပြီးတော့ ဆိုင်ကို ပြန်သယ်ပေါ့နော်။ အစာချက်တာ ၊ အချဉ်စပ်တာတွေ အမေ လုပ်ပေးတယ်။ အစ်ကိုက သူ့ဆိုင်လေးကို ရွှေရောင်လမ်း ကော်ပြန့်စိမ်းဆိုပြီး နာမည်ပေးလိုက်တယ်။ အဲဒီကနေ တစ်ဆိုင်ပြီး တစ်ဆိုင်ထပ်တိုးချဲ့ပြီး  ရွှေရောင်လမ်းကော်ပြန့်စိမ်း နာမည်ရလာတာပေါ့။ လက်ရှိတော့ ရွှေရောင်လမ်းကော်ပြန့်စိမ်းကို အစ်ကိုနဲ့ မောင်လေးက အဓိကထားလုပ်တာပါ” လို့ ၇/၈လမ်းဆုံက ဆိုင်ကိုဦးစီးနေသူ မအေးအေးအောင်က ဆိုပါတယ်။

မိဘအမွေကိုလက်ဆင့်ကမ်းယူတဲ့အနေနဲ့ မူလလက်ရာမပျက်တဲ့ဆိုင်လေး

နာမည်ကြီးကော်ပြန့်စိမ်းဆိုင်လေးဖြစ်လာသလို မိဘတွေလက်ထက်ကတည်းက ရောင်းလာတဲ့ပုံစံလေးအတိုင်းပဲ လက်ရှိအချိန်ထိ မြောက်ဒဂုံမြို့နယ် ၇/၈ လမ်းဆုံမှာ ရှိနေဆဲဖြစ်ပါတယ်။ ဒီဆိုင်လေးကိုတော့ သမီးဖြစ်သူ ကဆက်လက်ဦးစီးနေပြီး လက်ဆင့်ကမ်းအမွေအဖြစ် ဆက်လက်ထိန်းသိမ်းနေဆဲပါ။

“ အိမ်ထောင်ကျတော့ အမေက ကိုယ့်ဟာကိုယ် လုပ်ယူတော့ဆိုပြီး အစ်မကို ပေးလိုက်တာပါ။ အဲ့ဒီကတည်းက ဆက်ရောင်းနေတာပေါ့နော်။ အချဉ်ရည်ကတော့ အမေ အခုထိ လုပ်ပေးတယ်။အစ်မတို့က အမေ့လက်ထက်ကတည်းက အခုအစ်မတို့ထိ ဒီအလုပ်ကို လက်ဆင့်ကမ်းယူသွားတာပေါ့နော်။  ငယ်ငယ်တုန်းကလည်း ဒီအလုပ်ပဲလုပ်တယ် အိမ်ထောင်ကျသွားတော့လည်း ဒီအလုပ်ပဲ လုပ်တယ်။ဒီလုပ်ငန်းလေးကို ချစ်တယ် ငယ်ငယ်တည်းက တစ်မိသားစုလုံးစားဝတ်နေရေး ဖြေရှင်းလာနိုင်တာပေါ့နော်။” လို့ဆိုပါတယ်။

မြောက်ဒဂုံ ၇/၈လမ်းဆုံကကော်ပြန့်ဆိုင်ဆို လူတိုင်းသိကြတဲ့ဆိုင်လေး

ဒီဆိုင်လေးမှာ ကော်ပြန့်စိမ်း၊ ကော်ပြန့်ကြော်၊ ကြာဇံကြော်နဲ့ ကြာဇံချက်တို့ ရနိုင်ပြီး နေ့လယ် ၁၂ နာရီကနေ ည ၇ နာရီလောက်အထိ ဖွင့်လှစ်ထားပါတယ်။ ဖွင့်ထားတာလည်း နှစ်ပေါင်း ၃၀ ရှိပြီမို့လို့ မြောက်ဒဂုံဘက်ရောက်တဲ့အခါ ၇/၈လမ်းဆုံကော်ပြန့်စိမ်းဆိုင်ဆိုရင် လူတိုင်းသိကြပါတယ်။

“ ဖွင့်လာတာ နှစ် ၃၀ လောက်ရှိပြီနော်။ စားသုံးသူတွေကိုယ်ဘယ်သွားသွားသိကြတယ် မြို့ထဲသွားရင်တောင်သိကြတယ်။ စားသုံးသူတွေကလည်း သားစဉ်မြေးဆက် စားကြတာတွေ ရှိတယ်။ ဆိုင်ခန်းခတွေလည်း ဈေးကြီးတော့ အမေရောင်းခဲ့တဲ့နေရာလေးမှာပဲ ဆက်ရောင်းနေခဲ့ပြီး လက်ရာမကျအောင် ထိန်းသိမ်းသွားမှာပါ” လို့ လက်ရှိဆိုင်ကို ဦးစီးနေသူ မအေးအေးအောင်က ပြောပြပါတယ်။ 

Share

Loading Next Article...
က္က