ထမင်းပေါင်းကောင်းကောင်းတစ်ပွဲဖြစ်ဖို့ ချက်ပြုတ်တဲ့အခါမှာ အစပ်အဟပ်တည့်ဖို့က အဓိက အရေးကြီးပါတယ်။

ရန်ကုန်မြို့ရဲ့ နာမည်ကျော်ထမင်းပေါင်းဆိုင်တွေအကြောင်းပြောရင် မောင်ငွေ ထမင်းပေါင်းကိုလည်း ချန်ထားလို့မရပါဘူး။ လွန်ခဲ့တဲ့ ၁၉၇၀၊ ၈၀ ဝန်းကျင်ခုနှစ်လောက်ကတည်းက အစပြုခဲ့တဲ့ ထမင်းပေါင်းဆိုင်တွေထဲမှာ မောင်ငွေ ထမင်းပေါင်း ဆိုင်လည်း ပါဝင်ပါတယ်။



အညာက ရန်ကုန်ဆင်းလာတဲ့ အလုပ်သမားတစ်ဦးရဲ့ ရန်ကုန်လက်ရာထမင်းပေါင်း

ဒီထမင်းပေါင်းဆိုင်လေးကို ကျောက်ပန်းတောင်းဘက်ကနေ ရန်ကုန်ကိုတက်လာပြီး အလုပ်လာလုပ်တဲ့အလုပ်သမား ဖြစ်တဲ့ မောင်ငွေက စတင်ဖွင့်လှစ်ဖြစ်တာပါ။ ရန်ကုန်က အခြားထမင်းပေါင်းဆိုင်တွေမှာ အလုပ်သမားအဖြစ် အလုပ်လုပ်ကိုင်ရင်း ကိုယ်ပိုင်ထမင်းပေါင်းဆိုင်လေးဖွင့်နိုင်ဖို့အတွက် ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။

“ ရန်ကုန်ကို ငယ်ငယ်လေးတည်းက စရောက်တယ်။ သူများဆိုင်မှာအလုပ်သမားလုပ်တယ်။ ဒီပညာကိုသင်ယူတယ်။ အဲဒါနဲ့ ကျွန်တော် အသက် ၂၀ လောက်မှာ ထမင်းပေါင်းဆိုင်လေးစဖွင့်တယ်။ အခုဆို ကျွန်တော့် အသက် ၆၇ နှစ်ရှိပြီ။ ထမင်းပေါင်းဆိုင်ဖွင့်တာ နှစ် (၄၀) ကျော်ရှိပြီပေါ့” လို့ ဆိုင်ရှင်ဖြစ်သူ ဦးမောင်ငွေက ပြောပါတယ်။

ကြိုးစားမှုရဲ့ ရလဒ်

ဦးမောင်ငွေအနေနဲ့ ရန်ကုန်စရောက်စဉ်မှာ အလုပ်ပေါင်းစုံ လုပ်ကိုင်ခဲ့ဖူးပြီး ထမင်းပေါင်းဆိုင်တွေမှာ အလုပ်သမားအဖြစ် အလုပ်လုပ်ကိုင်ရင် ထမင်းပေါင်းပြုလုပ်တဲ့ ပညာကို နှစ်သက်တာကြောင့် ဒီပညာနဲ့အသက်မွေးဖို့ သူ အသက် (၂၀) အရွယ်မှာ စတင်ဆုံးဖြတ်ခဲ့တာပါ။ ဆိုင်စတင်ဖွင့်လှစ်ချိန်တုန်းက လက်ဖက်ရည်တစ်ခွက်မှ ပြား (၂၀) ခေတ်ဖြစ်ပြီး ထမင်းပေါင်းတစ်ပွဲ ကို (၄) ကျပ်နဲ့ စတင်ရောင်းခဲ့တယ်လို့ ဆိုပါတယ်။

“ ဆိုင်ဖွင့်ချိန်မှာ သူများဆိုင်က သင်ခဲ့တဲ့ ပညာတော့ရှိတယ်။ ဒါပေမယ့် သိပ်တော့ကျွမ်းကျင်မှုမရှိခဲ့ဘူး။ နောက်တော့ လုပ်ရင်းလုပ်ရင်းနဲ့ ပိုသိလာတယ်။ ကျွန်တော်ဆိုင်စဖွင့်တဲ့အချိန်မှာ တစ်ယောက်တည်းပဲ စခဲ့တာ။ အရင်ကတော့ အလုပ်သမားဘဝက ထမင်းပေါင်းဆိုင်တွေမှာ အလုပ်လုပ်ခဲ့တာ ကြုံရာကျပန်းလည်းလုပ်တယ်။ ဒီထမင်းပေါင်းရောင်းတဲ့အလုပ်ကို နှစ်သက်တယ်။ ဒါကြောင့်မို့ ဒီပညာနဲ့ပဲ အသက်မွေးတယ်။ အလုပ်တစ်ခုကို တစိုက်မတ်မတ်လုပ်တော့ လူသိလာတာပေါ့” လို့ ဦးမောင်ငွေက ပြောပါတယ်။

မောင်ငွေထမင်းပေါင်းရဲ့ ထူးခြားတဲ့အရသာ

ထမင်းပေါင်းကောင်းကောင်းတစ်ပွဲဖြစ်ဖို့ ချက်ပြုတ်တဲ့အခါမှာ အစပ်အဟပ်တည့်ဖို့က အဓိက အရေးကြီးပါတယ်။ မောင်ငွေထမင်းပေါင်းမှာဆိုရင် ထမင်းဖြူဖြူလေးပေါ်မှာ ဝက်သားနဲ့ ကော်ရည်ပေါင်း၊ အစိမ်းကြော်၊ အခေါက်နဲ့ အသားကင်တွေနဲ့ ပေါင်းစပ်လိုက်ပြီး နုတ်နုတ်စင်းထားတဲ့ကြံမဆိုင်လေးဖြူးလိုက်တာက ဒီထမင်းပေါင်းရဲ့ ထူးခြားချက်ပါ။ ထမင်းပေါင်းတစ်ပွဲမှာ အမယ်ပစ္စည်းစုံအောင် ထည့်ပြီး အချဉ်ဓာတ်ပါတဲ့ ကြံမဆိုင်လေးနဲ့ တွဲဖက်စားရတာကိုက အအီပြေစေပြီး အရသာထိထိမိမိဖြစ်စေပါတယ်။ ဆိုင်စဖွင့်ခဲ့တဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း (၄၀) ကနေ အခုချိန်ထိ ဒီလက်ရာကို ထိန်းထားနိုင်စေတာကလည်း အားသာချက်တစ်ခုပါ။

“ ဒီနေ့အထိ အရသာကို ကျွန်တော်တစ်ယောက်တည်းပဲစပ်တာ၊ အခုထက်ထိ ကျွန်တော်ကိုယ်တိုင်ကင်တယ်။ ချက်တယ်။ အဲဒါမို့ လက်ရာမပြောင်းဘူး။ ဒါကြောင့် စားသုံးသူတွေကလည်း ကြိုက်ကြတယ် ထင်ပါတယ်” လို့ ဦးမောင်ငွေက ဆိုပါတယ်။

ထမင်းပေါင်းဆိုင်ကရတဲ့ ဝင်ငွေနဲ့ မိသားစုရပ်တည်နိုင်ပြီး အလှူအတန်းတွေလုပ်နိုင်ခဲ့

ဆိုင်လေးစဖွင့်စဉ်တုန်းကတော့ လမ်းဘေးမှာ ခုံလေးတစ်ခုံလေးခင်းပြီး အနည်းအကျဉ်းသာရောင်းနိုင်ခဲ့ပေမယ့် အခုတော့ စားသုံးသူတွေရဲ့ အားပေးမှုကြောင့် ဆိုင်ကြီးအဖြစ်တိုးချဲ့နိုင်ခဲ့ပါပြီ။ ဒီဆိုင်လေးက ရတဲ့ ဝင်ငွေနဲ့ပဲ မိသားစု စားဝတ်နေရေး အဆင်ပြေလာတဲ့အပြင် ဘုရားတည်၊ကျောင်းဆောက် စတဲ့အလှူအတန်းတွေလည်း များစွာလုပ်ကိုင်နိုင်ခဲ့ပါတယ်။

“ ဝီရိယနဲ့ကြိုးစားမှုပေါင်းစပ်ရင် ဘယ်အလုပ်မဆို အောင်မြင်မှာပါ။ ကျွန်တော်တို့က ဒီအလုပ်ကို ဇောက်ချလုပ်တယ်။ ဝီရိယထားတယ်။ ကြိုးစားတယ်။ ဒါကြောင့်လည်း အောင်မြင်လာတယ်။ အခုဆို စားသုံးသူတွေရဲ့ကျေးဇူးတွေကြောင့် ကျွန်တော့်မိသားစုရပ်တည်နေနိုင်တယ်။ ကျွန်တော် အလှူအတန်းလုပ်နိုင်တယ်” လို့ ဦးမောင်ငွေက ဆိုပါတယ်။

မောင်ငွေထမင်းပေါင်းကို အားပေးချင်တယ်ဆိုရင်တော့

ဒီဆိုင်လေးကတော့ ကျောက်တံတားမြို့နယ်၊ ကုန်သည်လမ်းနှင့်ကမ်းနားလမ်းကြား၊ (၃၇) လမ်း၊ အောက်ဘလောက်မှာတည်ရှိပြီး ဆိုင်ဖွင့်ချိန်ကတော့ မနက် (၈) နာရီကနေ မွန်းလွဲ (၂) နာရီအထိ ဖြစ်ပါတယ်။ ဈေးနှုန်းတွေကတော့ ဆိုင်စား (၂၇၀၀)ကျပ်၊ ပါဆယ် (၃၅၀၀) ကျပ်ဖြစ်ပါတယ်။ ဒီဆိုင်မှာ ထမင်းပေါင်းအပြင် အခေါက်ကင်၊ အသားကင် ၊ နံရိုးသုပ် ၊ အူသုပ်လျှာသုပ်၊ ဝက်စွတ်ပြုတ် ၊ ဝက်ခေါင်းသုပ် ၊ အစုံသုပ် ၊ ဝက်အူပြုတ် ၊ ဝက်နံရိုးပြုတ် ၊ ကြက်ကင်နဲ့ ဘဲကင် စသဖြင့် အစုံရနိုင်ပါတယ်။

Share

Loading Next Article...
က္က