ဗဟန်းဝက်ကြော်မှာ တစ်ခြားဝက်ကြော်တွေနဲ့မတူတဲ့ ထူးခြားချက်တွေရှိပါတယ်။

ဗဟန်းဝက်ကြော်လို့ မေးလိုက်ရင် ဗဟန်းသူဗဟန်းသားတိုင်းသိကြတဲ့ ဆိုင်လေးတစ်ဆိုင်နဲ့ Duwun ပရိတ်သတ်တွေအတွက် မိတ်ဆက်ပေးချင်ပါတယ်။ ဒီဆိုင်လေးကတော့ ရောင်းလာတာ နှစ် (၄၀)ကျော်ရှိနေပြီး ထမင်းကြော်ဆိုင်လေးဆိုပေမယ့် သူ့ဆိုင်မှာရတဲ့ ဝက်ကြော်ကို လူသိများကြတာဖြစ်ပါတယ်။



၁၉၇၅ ခုနှစ်က စခဲ့တဲ့ ဗဟန်းဝက်ကြော်

ဒီဆိုင်လေးကို ၁၉၇၅ ခုနှစ်က လက်ရှိဆိုင်ကိုဦးစီးနေသူရဲ့ ဖခင်ဖြစ်သူက ဖွင့်လှစ်ထားတာပါ။ အဲဒီခေတ်ကာလတွေတုန်းက ဝက်ကြော်တစ်ပွဲကို ပြား ၆၀ နဲ့ရောင်းချခဲ့ပြီး လက်ရာကောင်းလွန်းတာကြောင့် တစ်နေ့ကို အချိန် (၂၀) ခန့်လောက် ကုန်တယ်လို့ သိရပါတယ်။ အခုတော့ ဒီဆိုင်လေးကို သမီးဖြစ်သူက ဆက်လက်ဦးစီးနေပြီး အဖေဖြစ်သူရဲ့ လက်ထက်တုန်းကအတိုင်း ဝက်ကြော်အရသာကို မပြောင်းလဲဘူးလို့ ဆိုပါတယ်။

“ အစက ဗဟန်း ကြားတောရလမ်းထိပ်မှာ ရောင်းတာပေါ့နော်။ နောက်တော့ အရေးအခင်းတွေဘာတွေဖြစ်တော့ ပြောင်းသွားသေးတယ်။ အခုမှ ပြန်စရောင်းတာပါ။ အဖေပြီးတော့ အစ်ကိုတွေရောင်းတယ်။ အစ်ကိုတွေဆုံးသွားတော့ အစ်မက ဆက်ရောင်းနေတာပေါ့” လို့ ဆိုင်ရှင် မသီရိစံက ပြောပါတယ်။

ဗဟန်းဝက်ကြော်ရဲ့ လက်ရာ အစပြုရာ

ဒီဆိုင်လေးမှာ ရတဲ့ ဝက်ကြော်ရဲ့ အရသာနဲ့ ပုံစံက ရန်ကုန်မြို့ရဲ့ တစ်ခြားဘယ်ဆိုင်တွေမှာမှမရနိုင်တဲ့ လက်ရာမျိုးလို့ ဆိုပါတယ်။ ဖခင်ဖြစ်သူက ပြည်မြို့ကို အလည်သွားရင် ပြည်မြို့မှာ စားကြတဲ့ ဝက်ကြော်ပုံစံကို တွေ့သွားပြီး ရန်ကုန်မှာ စမ်းရောင်းကြည့်မယ်ဆိုပြီး ဖြစ်လာခဲ့တာလို့ ဆိုပါတယ်။

“ အဓိကကတော့ ဝက်သားကို အချောင်းလေးတွေ လုပ်ပြီးကြော်တာပေါ့။ အဖေက အဲဒီပုံစံကို  သူစမ်းရောင်းကြည့်မယ်ဆိုပြီး ရောင်းကြည့်တာ ရန်ကုန်က လူတွေကြိုက်သွားခဲ့တာနဲ့ ဆက်ရောင်းရင်း အခုအချိန်ထိပေါ့။ ဗဟန်းဝက်ကြော်ဆိုပြီး အမည်တွင်တာကတော့  ဗဟန်းမှာရောင်းတယ်။  ဗဟန်းသူ ဗဟန်းသားတွေက ကြိုက်တော့ ဗဟန်းဝက်ကြော်ဖြစ်သွားတာပေါ့။” လို့ ဆိုပါတယ်။

ဗဟန်းဝက်ကြော်ရဲ့ ထူးခြားချက်

ဝက်သားကို အချောင်းလေးတွေနဲ့ နီနီရဲရဲလေးဖြစ်ဖို့က နည်းလမ်းတွေရှိပါတယ်။ ဝက်သားကြော်တဲ့အခါ ဝက်လိုင်းသားကို အဓိက အသုံးပြုရပြီး ဝက်သားကိုနေလှန်းပြီး ကင် ၊ ကင်ပြီးတော့မှ ပြန်ကြော်ရတာလို့ ဆိုပါတယ်။ စားတဲ့အခါမှာလည်း မာမနေဘဲ ဝက်အူချောင်းစားနေရတဲ့ပုံစံမျိုးလေး ဖြစ်နေတာကလည်း ဗဟန်းဝက်ကြော်ရဲ့ ထူးခြားချက်တစ်ခုပါ။

“ ဝက်ကို ပေါင်တို့ မိုးခိုးသားတို့ သုံးလို့မရဘူး။ အဲဒါတွေက ကြော်လိုက်ရင် မဲသွားတယ်။ လိုင်းသားမှ ရဲရဲလေးဖြစ်တာပါ။ ဝက်သားက စားလိုက်ရင်လည်း ဝက်အူခေ လိုင်းသားကိုကင်ပြီးတော့မှ ပြန်ကြော်တာ။ အဖေလက်ထက်ကတည်းက အဲဒီကြော်နည်းကို အခု အစ်မလက်ထက်ရောက်တဲ့အထိ ထိန်းသိမ်းလာခဲ့တယ်။ ” လို့ဆိုပါတယ်။

နိုင်ငံခြားထိပို့ရတဲ့ ဗဟန်းဝက်ကြော်

ဗဟန်းဝက်ကြော်ကို ပြည်တွင်းမှာသာမကဘဲ ပြည်ပရောက်မြန်မာတွေလည်း အမှာများကြတယ်လို့ ဆိုပါတယ်။ ဒီဆိုင်မှာလာစားတဲ့ဖောက်သည်တွေက ပြည်ပသွားပြီဆိုရင် ဗဟန်းဝက်ကြော်ကို မဖြစ်မနေမှာယူသွားကြပါတယ်။

“ ဒီဆိုင်မှာ လာစားဖူးပြီးသွားရင် ဖောက်သည်တွေက သူတို့ ပြည်ပသွားတာပဲဖြစ်ဖြစ် ၊ သူတို့မိသားစုဝင်တွေ သွားတာပဲဖြစ်ဖြစ် မှာသွားကြတယ်။ ဂျပန်၊ စင်ကာပူရောက်မြန်မာတွေက အစမှာတယ်။ ဒါက တစ်ပတ်လောက်ထိ အထားခံတယ်လေ။ ” ဆိုင်ရှင် မသီရိစံက ဆိုပါတယ်။

ကုန်ဈေးနှုန်းဘယ်လောက်တက်တက် ဈေးမတတ်တဲ့ ဗဟန်းဝက်ကြော်

ဒီဆိုင်လေးမှာ ထမင်းကြော်နဲ့ ဝက်ကြော်တစ်ပွဲကိုမှ (၁,၅၀၀) ကျပ်နဲ့ရောင်းချနေပြီး ဝက်ကြော် အလွတ်တစ်ပွဲကိုမှ (၂,၀၀၀)ကျပ်နဲ့ ရောင်းချတာပါ။ ကုန်ဈေးနှုန်းတွေဘယ်လောက်တက်တက် စားသုံးသူတွေအဆင်ပြေအောင် သင့်တင့်တဲ့ဈေးလေးနဲ့ပဲ ရောင်းချနေတာဖြစ်ပါတယ်။

“ ဒီဆိုင်မှာ ဝက်ကြော်အပြင် အမဲကြော်၊ ဝက်သားပေါင်း တို့ လည်း ရတယ်။ ထမင်းကြော်လေးကို ဝက်သားပေါင်းအရည်လေးဆမ်းပြီး ဝက်ကြော်လေးရယ် အချဉ်လေးနဲ့ တွဲစားကြတာမျိုး စားသုံးသူတွေက တော်တော်ကြိုက်ကြတယ်။ အခုတော့ တစ်နေ့ကို ၅ ပိဿာလောက်ရောင်းရတယ်” လို့ မသီရိစံကဆိုပါတယ်။

ဗဟန်းဝက်ကြော် မြည်းစမ်းချင်သူတွေအတွက်

ဗဟန်းဝက်ကြော်ဆိုင်လေးကတော့ ဗဟန်းမြို့နယ်၊ ရွှေတိဂုံဘုရားအရှေ့ဘက်မုခ်၊  ကြားတောရလမ်း ကြေးသွန်းဘုရားကြီးရှေ့ မှာဖြစ်ပြီး ညနေ ၄ နာရီကနေ ညအထိ ဖွင့်လှစ်ထားတာဖြစ်ပါတယ်။ ဒါကြောင့်မို့ နာမည်ကြီးလူကြိုက်များတဲ့ ဗဟန်းဝက်ကြော်အရသာလေး မြည်းစမ်းချင်သူတွေအတွက် တစ်ခါလောက်တော့ လာရောက်စားကြည့်ကြဖို့ ညွှန်းပေးလိုက်ပါတယ်နော်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က