အုန်းနို့သာကူပြင်၊ရွှေကြည်၊ဆနွင်းမကင်း ကြိုက်နှစ်သက်တဲ့ မြန်မာမုန့်ချစ်သူတွေအတွက် အရသာကောင်းလှတဲ့ မြန်မာမုန့် ဆိုင်လေးတစ်ဆိုင်နဲ့မိတ်ဆက်ပေးချင်ပါတယ်။ဒီဆိုင်လေးကတော့ နှစ်(၅၀)နီးပါးသက်တမ်းရှိတဲ့ စကော့ဈေးက အစပြုခဲ့တဲ့ ဒေါ်ပို အုန်းနို့သာကူပြင်၊ ရွှေကြည်နဲ့ ဆနွင်းမကင်း အစုံဆိုင်လေးပဲဖြစ်ပါတယ်။
Photo - Myat Su
ဒေါ်ပို မြန်မာမုန့်ဆိုင်လေးရဲ့အစ(၁၉၇၄)က
စကော့စျေး ဒေါ်ပို မြန်မာမုန့်ဆိုင်လို့ပြောလိုက်ရင် ၁၉၇၀ခုနှစ် ဝန်းကျင်တဝိုက်က လူကြီးတွေရင်းနှီးနေမယ့် မုန့်ဆိုင်လေးပါ။ မအေးအေးပို လို့ခေါ်တဲ့ ဒေါ်ပိုဟာ ၁၉၇၄ခုနှစ်ဝန်းကျင်လောက်မှာ စကော့စျေး(ခေါ်) ဗိုလ်ချုပ်စျေး မှာမြန်မာမုန့်လေးတွေ စတင်ရောင်းချခဲ့တာပါ။ မုန့်ဦးနှောက်နဲ့မုန့်လိပ်ပြာ မုန့်နှစ်ခုထဲ စတင် ရောင်းချ ခဲ့တာကနေ စားသုံးသူတွေရဲ့ အားပေးမှုကြောင့် မြန်မာမုန့်အစုံပြုလုပ်ရောင်းချပြီး စကော့စျေး ဒေါ်ပိုမြန်မာမုန့်ဆိုပြီးလူသိများလာခဲ့တာဖြစ်ပါတယ်။ နှစ်(၅၀)နီးပါးကြာတဲ့အထိ ကောင်းမွန်တဲ့လက်ရာ၊ မပြောင်းလဲတဲ့အရာသာတွေကြောင့် ဒေါ်ပိုရဲ့ မြန်မာမုန့် လေးတွေကို စားသုံးသူတွေက နှစ်ခြိုက်စွာ ဝယ်ယူစားသုံးနေမြဲ ဖြစ်ပါတယ်။ “မိဘတွေက မြန်မာမုန့်လုပ်ရောင်းတော့ ကိုယ်ကလဲဝိုင်းကူလုပ်ရင်းနဲ့ မုန့်တွေလုပ်တတ်နေတာပေါ့၊ ကိုယ်တိုင်ရောင်းဖြစ်တာကတော့ အိမ်ထောင်ကျပြီး ကလေးနှစ်ယောက်ရတဲ့အချိန် အသက်၂၀လောက်ပေါ့။ အဲ့မှာ အမတစ်ယောက်ကစကော့စျေးခေါ်သွားတာကနေ မြန်မာမုန့်လေးတွေ ရောင်းဖြစ်သွားတာပါ။လင်မယား နှစ်ယောက် စရောင်းခါစက မုန့်နှစ်မျိုးပဲရောင်းတာ ရောင်းကောင်းတယ် မုန့်လေးတွေကကုန်တော့ တခြား မုန့်လေးတွေပါ တိုးလုပ်ရင်းနဲ့ မြန်မာမုန့်လေးတွေအစုံလုပ်ပြီးရောင်းတာပေါ့လို့” အဖွား ဒေါ်ပိုကပြောပါတယ်။
လမ်းဘေးဆိုင်လေးကနေ အောင်မြင်တဲ့မြန်မာမုန့်ဆိုင်လေးအဖြစ် ရပ်တည်လာ
ဒီလိုမုန့်နှစ်မျိုးရောင်းပြီး ဒေါ်ပိုတို့ ဇနီးမောင်နှံနှစ်ဦး အတူတူကြိုးစားခဲ့တဲ့ မုန့်ဆိုင်လေးဟာ လက်ရှိမှာတော့ ဆိုင်ခွဲတွေဖွင့်နိုင်ပြီး အောင်မြင်တဲ့ မြန်မာမုန့်လုပ်ငန်းလေးဖြစ်နေပါပြီ။ စတင်ချိန်ကခက်ခဲမှုတွေရှိခဲ့ပေမယ့် ကြိုးစားမှုရဲ့ ရလဒ်အဖြစ် ဒီလုပ်ငန်းလေးကရရှိလာတဲ့၀င်ေငွနဲ့ မိသားစုတွေ စားဝတ်နေရေး ဖူလုံစွာ နေထိုင်နိုင်ပြီဖြစ် ပါတယ်။ မိသားစု၀င်တွေ အားလုံး စုစုစည်းစည်းနဲ့ အတူလုပ်ဆောင်နေတဲ့ မိသားစုစီးပွားရေးလုပ်ငန်းလေး အဖြစ် ယနေ့တိုင်ရပ်တည်နေတယ်လို့ အဖွား ဒေါ်ပိုကပြောပါတယ်။ “စရောင်းခါစက အမျိုးသားကထိုင်ရောင်းတယ်။ ကျွန်မကစျေးထဲလည်ရောင်းတာပေါ့ အဲ့တုန်းကကျစျေးထဲမှာ ရောင်းရင် ဖမ်းတာတွေဘာတွေရှိတော့ ဖမ်းတဲ့အခါလည်းပြေးရတာပေါ့၊ ဖောက်သည်တွေလာတဲ့နေ့ကျ မုန့်ကပိုရောင်းကောင်းတော့ ဖမ်းတာဘာညာရှိလည်းပျော်နေတာပဲ ရောင်းမကောင်းတဲ့အခါကျ မြန်မာမုန့် လေးတွေဆိုတော့ အထားမခံတော့ စိတ်ညစ်ရတာပေါ့ အဲ့ဒါတွေကတော့အမှတ်တရတွေပါပဲ ဒီလုပ်ငန်းလေးကိုပဲ ကြိုးကြိုးစားစား လုပ်ရင်း စုဆောင်းတာပေါ့ သားသမီး ၅ယောက်ရှိတယ် တစ်ယောက်ကို အိမ်တစ်လုံးစီဝယ် ပေးထားတယ်။သားသမီးတွေကလဲ ဒီလုပ်ငန်းကို အကုန်ဝိုင်းလုပ်ကြတယ်။”လို့ အဖွား ဒေါ်ပိုက ပြောပါတယ်။
Photo - Myat Su
တစ်လုပ်စားကြည့် လိုက်တာနဲ့ထပ်ခါထပ်ခါ စားချင်အောင်ဆွဲဆောင်
ဒေါ်ပိုမြန်မာမုန့်ဆိုင်မှာရောင်းချတဲ့ မြန်မာမုန့်လေးတွေဟာ အရသာကောင်းမွန်လှပါတယ်။ မုန့်ရဲ့လက်ဆက်မှု ပါ၀င်ပစ္စည်းတွေရဲ့ အရည်သွေးပြည့်မှီမှုကြောင့် တစ်လုပ်စားကြည့် လိုက်တာနဲ့ထပ်ခါထပ်ခါ စားချင်အောင်ဆွဲ ဆောင်နိုင်ပါတယ်။ထူးခြားချက်အနေနဲ့ မုန့်လိပ်ပြာမုန့်မှာသုံးတဲ့ ပဲအနှစ်ယိုအတွက် ကုလားပဲကို ကိုယ်တိုင်ယိုထိုး အသုံးပြုတာ ကြောင့် အမြင်ဆန်းသလို အရသာလဲတမျိုးစားကောင်းလှပါတယ်။မုန့်လုပ်ရာမှာလည်း တာရှည်ခံ ပစ္စည်းတွေ ဆေးသကြားတွေမသုံးဘဲ သဘာဝအတိုင်းပဲပြုလုပ်ပြီး မုန့်လေးတွေအားလုံးကို လူမျိုးဘာသာ မရွေး စိတ်ချလက်ချစားသုံးနိုင်အောင်ပြုလုပ်ထားတာပါ။အခုလိုနှစ်၅၀နီးပါးရပ်တည်နိုင်တာဟာ လုပ်ငန်းအပေါ်မှာ အမြဲဂရုတစိုက်နဲ့ဆန်းသစ်တီထွင်တာတွေလုပ်သလို စားသုံးသူတွေအပေါ်မှာလည်း အမြဲစေတနာထားတာ ကြောင့်လို့ဆိုပါတယ်။
နာမည်ကြီးအနုပညာရှင်တွေရဲ့ နှစ်သက်အားပေးမှုကိုရခဲ့တဲ့ ဒေါ်ပိုမြန်မာမုန့်
ဒေါ်ပို မြန်မာမုန့်ရဲ့ ဖောက်သည်တွေထဲမှာတော့ နာမည်ကြီးအနုပညာရှင်တွေလဲပါ၀င် ပါတယ်။ ကွယ်လွန်သွားပြီ ဖြစ်တဲ့ အကယ်ဒမီ မင်းသားဒွေးက ဒေါ်ပို မြန်မာမုန့်ရဲ့ မုန့်လေးတွေကို ကြိုက်နှစ်သက်တာကြောင့် မင်းသားရဲ့ အမျိုးသမီးက အမြဲဝယ်ယူ အားပေးခဲ့တယ်လို့ ဆိုပါတယ်။ဒါ့အပြင် အရသာကောင်းမွန်တာကြောင့် City Martမှာ တင်ရောင်းဖို့ကမ်းလှမ်းခံရပြီး ၉မိုင် Ocean စဖွင့်တဲ့အချိန်က နေစပြီး လက်ရှိအချိန်ထိ City Mart မှာ ဒေါ်ပို မြန်မာမုန့်လေးတွေကိုတင်သွင်းရောင်းချနေပါတယ်။
“စကော့ စျေးမှာရောင်းတုန်းကဆို အနုပညာရှင်တွေလာဝယ်စားကြတယ်။ ဒွေးကဆို မုန့်လုံးကြီးအုန်းနို့စမ်း အရမ်းကြိုက် တာ ကြည်လဲ့လဲ့ဦးနဲ့သူ့ယောက်က္ခမဆိုလဲ အမြဲလာဝယ်စားတယ်။ မန္တလေးက မြင့်မြင့်ခင်ထိုးမုန့် ဆိုလည်း ရန်ကုန်ရောက်ရင် လာဝယ်စားတယ်လေ ဖောက်သည်တွေကတော့အများကြီးပဲ အဲ့လိုရောင်းနေရင်း City Martရုံးချုပ်ကမနှင်းနဲ့မသန်းတို့ မုန့်စားရင်းသဘောကျပြီး City Martမှာ တင်ရောင်းဖို့ ကမ်းလှမ်းတယ်။ ၉မိုင် Ocean စဖွင့်တဲ့အချိန်ကစပြီး City Martမှာတင်ရောင်းတာပေါ့”လို့ အဖွားဒေါ်ပိုက ပီတိစကားဆိုပါတယ်။
ဒေါ်ပိုမြန်မာမုန့်မှာရနိင်တဲ့မုန့်လေးတွေနဲ့စျေးနှုန်း
ကြိုးစားမှုနဲ့စေတနာကြောင့် အောင်မြင်လာတဲ့ ဒေါ်ပိုမြန်မာမုန့်ဆိုင်လေးမှာ ရရှိနိုင်တဲ့ မုန့်လေးတွေကတော့ အုန်းနို့သာကူပြင်၊ရွှေကြည်ဆနွင်းမကင်း ၊ငှက်ပျောဆနွင်းမကင်း ၊အာလူးဆနွင်းမကင်း ကောက်ညှင်း ရွှေကြည် ၊ကြက်ဥနှစ်ထပ်ပူတင်း ၊မုန်လာဥနီဆနွင်းမကင်း ၊ပြောင်းဖူးဆနွင်းမကင်း၊အုန်းနို့ကျောက်ကျော ၊မုန့်ကျွဲသဲ၊ ကုလားပဲမုန့်လိပ်ပြာ တို့ဖြစ်ပါတယ်။ စျေးနှုန်းကတော့ အုန်းနို့သာကူပြင်၊ ကြက်ဥနှစ်ထပ်ပူတင်းနဲ့ ဆနွင်းမကင်း မုန့်လေးတွေက တစ်တုံး(၁၂၀၀)ကျပ်ဖြစ်ပြီး အုန်းနို့ကျောက်ကျော (၁၀၀၀)ကျပ်၊မုန့်ကျွဲသဲနဲ့ကုလားပဲမုန့်လိပ်ပြာ တို့က တစ်ပွဲ(၁၀၀၀)ကျပ်ဖြစ်ပါတယ်။
ဒေါ်ပို ရဲ့ မြန်မာမုန့်အရသာမြည်းစမ်းချင်သူတွေအတွက်
ဒေါ်ပို အုန်းနို့သာကူပြင်၊ရွှေကြည်နဲ့ဆနွင်းမကင်းအစုံဆိုင်လေးရဲ့ ဆိုင်လိပ်စာလေးကတော့ ဆိုင်အမှတ် (၁)(ဆ 28=29 နန္ဒဝန်ဈေးရုံအသစ်)တောင်ဥက္ကလာပမြို့နယ် နဲ့ ဆိုင်အမှတ် (၂) (အမှတ် 188:A ,11ရပ်ကွက် ဝေဇယန္တာလမ်းမပေါ်) (မင်းလမ်းမုန့်တီနှင့်မျက်စောင်းထိုး)ဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ မနက်(၆)နာရီ ခွဲဖြစ်ကာ ဆိုင်အမှတ်(၁)ကညနေ၄နာရီခွဲထိဖွင့်ပြီး ဆိုင်အမှတ်(၂)ကတော့ ည၈နာရီထိဖွင့်ပါတယ်။ဒါ့အပြင် တောင်ဥက္ကလာ ပဒေသာစျေးရှေ့မှာလဲ ညနေ(၅)နာရီခွဲကစတင်ကာ ကားနဲ့ရောင်းချရောင်းချပေးနေ ပါတယ်။ဒါ့ကြောင့် မြန်မာမုန့်နှစ်သက်သူတွေအတွက် နှစ်(၅၀)နီးပါးသက်တမ်းရှိတဲ့ ဒေါ်ပိုမြန်မာမုန့်လက်ရာလေးတွေကို မြည်းစမ်းနိုင်ဖို့ ညွှန်ပေးလိုက်ပါတယ်။