၁၂ ကြိမ်မြောက်အဖြစ် ဆွတ်ခူးသွားခဲ့တာပါ။

ဆော်ဒီမှာကစားနေတဲ့ စပိန်စူပါဖလားဗိုလ်လုပွဲမှာတော့ ရီးရဲလ်မက်ဒရစ်ဟာ ဘီလ်ဘာအိုကို ၂ဂိုးပြတ်အနိုင်ယူပြီး ၁၂ ကြိမ်မြောက်အဖြစ် ဆွတ်ခူးသွားခဲ့ပြီဖြစ်ပါတယ်။ ဒီရာသီမှာ ခြေစွမ်းပြနေတဲ့ ရီးရဲလ်အတွက် ပထမဆုံးဆုဖလားကို ရယူနိုင်ခဲ့တာဖြစ်ပြီး မိုဒရစ်၊ ဘန်ဇီမာတို့က ဂိုးတွေသွင်းယူပေးခဲ့ကာ ဘီလ်ဘာအိုကတော့ ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ 

အသက် ၃၅ နှစ်အရွယ် မိုဒရစ်ကတော့ ခြေစွမ်းပြကစားခဲ့ပြီး အကောင်းဆုံးကစားသမားဆုကိုပါ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အသက်အရွယ်ကြီးမြင့်နေပြီဖြစ်ပေမယ့် အသင်းကွင်းလယ်ပိုင်းမှာ မိုဒရစ်က ထိန်းချုပ်ကစားပေးနေဆဲဖြစ်ပြီး နှစ်ချို့ဝိုင်လိုမျိုး သက်တမ်းရင့်လာလေ ပိုပိုပြီးကောင်းလာလေဖြစ်နေတဲ့ ခြေစွမ်းမျိုးကို ပြသနိုင်ခဲ့ပါတယ်။

ဘန်ဇီမာကလည်း တောက်လျှောက်ဆိုသလို ဂိုးတွေသွင်းပေးနေပြီး တိုက်စစ်မှူးတဦးရဲ့ တာဝန်၊ ခေါင်းဆောင်တဦးပီသစွာ အမြင့်ဆုံးအဆင့်၊ အကောင်းဆုံးအရည်အသွေးကို ပြသနေခဲ့ပါတယ်။ ဒီဆုဖလားရရှိခဲ့ပြီးနောက် ဘန်ဇီမာက ပြင်သစ်ရဲ့ အအောင်မြင်ဆုံးကစားသမားဖြစ်လာခဲ့ပြီး ဆုဖလားပေါင်း ၂၈ လုံးအထိ ဆွတ်ခူးနိုင်ခဲ့တယ်လို့ သိရပါတယ်။ 

သူတို့နှစ်ဦးပေါင်းရဲ့ အသက်ဟာ ၆၉ နှစ်အထိရှိနေပြီဖြစ်ပြီး လက်ရှိအသက်အရွယ်မှာ အကောင်းဆုံးပုံစံပြနေတာက တကယ်ချီးကျူးချင်စရာကောင်းနေခဲ့ပါတယ်။ စပိန်စူပါဖလားဗိုလ်လုပွဲမှာ အသက်အကြီးဆုံးဂိုးသွင်းသူအဖြစ်နဲ့လည်း မိုဒရစ်က မှတ်တမ်းဝင်ခဲ့ပြီး အကောင်းဆုံးကစားသမားဆုရအပြီးမှာ အသင်းနဲ့စာချုပ်သစ်ချုပ်ဆိုဖို့ အသင့်ဖြစ်နေပြီလို့လည်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ 

Share

က္က