Counterpoint ရဲ့ နောက်ဆုံးရအချက်အလက်တွေအရ ၂၀၂၂ ခုနှစ် ဒုတိယသုံးလပတ်အတွင်း အိန္ဒိယထုတ်စမတ်ဖုန်းတင်ပို့မှုဟာ ပြီးခဲ့တဲ့နှစ်ကထက် ၁၆% မြင့်တက်လာတယ်လို့ ဆိုပါတယ်။
ဗဟိုအစိုးရရဲ့ ပြည်တွင်းဖြစ် ထုတ်ကုန်အားပေးရေး အစီအစဉ်ကြောင့် အိန္ဒိယဖြစ်စမတ်ဖုန်းတင်ပို့မှုဟာ နှစ်အလိုက် မြင့်တက်လာတာလည်း ဖြစ်ပါတယ်။ Counterpoint ရဲ့ အချက်အလက်တွေအရ ဧပြီ-ဇွန် သုံးလအတွင်း အိန္ဒိယဖြစ် စမတ်ဖုန်းတင်ပို့မှုဟာ အလုံးရေ ၄၄ သန်းကျော် ရှိတယ်လို့ ဆိုပါတယ်။ Q2 သုံးလပတ် ပမာဏဟာ ၂၀၂၁ ပထမသုံးလပတ် Q1 နဲ့ ဒုတိယသုံးလပတ် Q2 ကာလတွေထက် ပိုမြင့်မားခဲ့တာပါ။
အိန္ဒိယရဲ့ ထုတ်လုပ်မှုနဲ့ ချိတ်ဆက်ပြီး ခံစားခွင့်ပေးတဲ့ အစီအစဉ် PLI ထဲ ဝင်အောင် အိန္ဒိယစမတ်ဖုန်းထုတ်လုပ်သူတွေဟာ ဒီနှစ် ဒုတိယသုံးလပတ်မှာ ထုတ်လုပ်မှုပိုမြှင့်လာတယ်လို့ ဆိုပါတယ်။ ကမ္ဘာ့စမတ်ဖုန်းတင်ပို့မှုဟာ ၂၀၂၂ ပထမသုံးလပတ်မှာ နှစ်အလိုက်ဖွံ့ဖြိုးမှု ၅% ကျဆင်းသွားခဲ့ပေမယ့် အိန္ဒိယအစိုးရကတော့ Semiconductor ထုတ်လုပ်ရေးပိုင်းကို အားပေးလာခဲ့ပါတယ်။ ဒေသတွင်းလုပ်ငန်းကြီးတွေရဲ့ နည်းပညာဂေဟအဝန်းအဝိုင်းကိုပါ ကောင်းမွန်တဲ့ သက်ရောက်မှုတွေ ရှိလာစေခဲ့တယ်လို့လည်း အစီရင်ခံစာသစ်က ဖော်ပြပါတယ်။
အိန္ဒိယအစိုးရရဲ့ PLI အစီအစဉ်ဟာ ဒေသတွင်းမှာ ထုတ်လုပ်နေတဲ့ တက်ဘလက် ၊ စမတ်နာရီ ၊ earbuds နဲ့ တခြားထုတ်ကုန်ကဏ္ဍတွေကိုပါ မြှင့်တင်ပေးလာနိုင်ဖွယ် ရှိပါတယ်။ အိန္ဒိယမှာ လာရောက်ထုတ်လုပ်မှုလုပ်နေတဲ့ နိုင်ငံခြား Brands တွေအနေနဲ့လည်း လုပ်သာကိုင်သာ အဆင်ပြေအောင် အစိုးရက စီစဉ်ထားပါတယ်။ OPPO ဟာ Samsung ပြီးရင် စမတ်ဖုန်းတင်ပို့မှု ၂၄% နဲ့ ဦးဆောင်နေပြီး Lava က ၂၁% ရှိပါတယ်။
Brand Performance အနေနဲ့ Padget Electronics က နှစ်အလိုက် ၃၉၆% Wistron က နှစ်အလိုက် ၁၃၇% ၊ Lava က နှစ်အလိုက် ၁၀၀% စီ ရှိထားပြီး ၂၀၂၂ ခုနှစ် ဒုတိယသုံးလပတ်ရဲ့ စွမ်းဆောင်ရည်အကောင်းဆုံး Local Brands တွေအဖြစ် ရပ်တည်နေပါတယ်။ နားကြပ်ထုတ်ကုန်ပိုင်းမှာ Optiemus ၊ Bharat FIH နဲ့ Padget TWS ၊ WDN နဲ့ Mivi တို့က ဦးဆောင်နေပြီး တက်ဘလက်ကဏ္ဍမှာ Wingtech ၊ Samsung နဲ့ Dixon တို့က ဈေးကွက်ဝေစုရဲ့ ၉၀% အထိ ရထားပါတယ်။
အိန္ဒိယထုတ် Made In India တင်ပို့မှုရဲ့ တစ်ဝက်လောက်က Dixon ၊ Radiant ၊ Samsung နဲ့ LG တို့က ကြီးစိုးထားပါတယ်။ ထုတ်လုပ်မှုပိုင်းမှာ TWS နားကြပ်တွေဟာ ပြည်တွင်း Wearable လောကရဲ့ ၁၆% ကို လွှမ်းမိုးထားတာပါ။ အိန္ဒိယအစိုးရဟာ နိုင်ငံကို ကမ္ဘာ့နည်းပညာဈေးကွက်ကြီးအဖြစ် ပုံစံပြောင်းနေတာဖြစ်လို့ ရင်းနှီးမြှပ်နှံသူတွေနဲ့ ထုတ်လုပ်သူတွေကိုလည်း ဆက်လက်ဆွဲဆောင်နေပါတယ်။