မနေ့ညက ကစားခဲ့တဲ့ ဒေါ့မွန်နဲ့ အက်သလက်တီကိုတို့ရဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့မှာ ဒေါ့မွန်အတွက် ကွင်းလယ်လူ ဆာဘစ်ဇာက အထူးခြေစွမ်းပြခဲ့ပါတယ်။ ဒီပွဲမှာ ဒေါ့မွန်က ၄-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် ၅-၄ ဂိုးနဲ့ ဆီမီးဖိုင်နယ် တက်ရောက်ခဲ့တာပါ။
ဒေါ့မွန်ရဲ့နိုင်ပွဲမှာ မဖြစ်မနေ ချီးကျူးရမယ့် ကစားသမားကတော့ အသင်းရဲ့ သွင်းဂိုးတွေအတွက် အခရာကျခဲ့တဲ့ ကွင်းလယ်လူ ဆာဘစ်ဇာပဲဖြစ်ပါတယ်။ ဒီကစားသမားက ဒေါ့မွန်အတွက် ဂိုးဖန်တီးမှု (၂) ကြိမ်အထိ ပြုလုပ်ပေးနိုင်ခဲ့တဲ့အပြင် သွင်းဂိုးတစ်ဂိုးလည်း သွင်းယူပေးခဲ့သေးတာပါ။
ဒီပွဲမှာ ဒေါ့မွန်က ဘရန့်တ်၊ မတ်ဆန်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ အရင်ဆုံး နှစ်ဂိုးပြတ်နဲ့ ဦးဆောင်ခဲ့ပါတယ်။ ဒါပေမယ့် ဟမ်းမဲလ်ရဲ့ Own Goal ၊ ကော်ရီယာရဲ့ ချေပဂိုးတို့ကို ခွင့်ပြုလိုက်ရတာကြောင့် ဒေါ့မွန်တို့ ရုန်းကန်ခဲ့ရပါသေးတယ်။
ပွဲကစားချိန် (၇၁) မိနစ်နဲ့ (၇၄) မိနစ်တို့မှာတော့ ဒေါ့မွန်အတွက် ဖူလ်ရက်ဂ်၊ ဆာဘစ်ဇာတို့က ဦးဆောင်ဂိုးနဲ့ အနိုင်ဂိုးတွေ ဆက်တိုက် သွင်းယူပေးခဲ့ပြီး ၄-၂ ဂိုးနဲ့ ဒေါ့မွန်တို့ အိမ်ကွင်းမှာ နောက်တစ်ဆင့် တက်ရောက်ခဲ့တာပါ။ ဒီပွဲမှာ ဆာဘစ်ဇာက မတ်ဆန်၊ ဖူလ်ရက်ဂ်တို့ရဲ့ သွင်းဂိုးတွေကို ဖန်တီးပေးခဲ့ပါတယ်။
အဲ့ဒီနောက် (၇၄) မိနစ်မှာ သူကိုယ်တိုင် အနိုင်ဂိုးသွင်းယူပေးနိုင်ခဲ့ပြီး ဒေါ့မွန်ရဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် လမ်းကြောင်းအတွက် အဓိကခြေစွမ်းပြခဲ့တာပါ။ ဒေါ့မွန်ကတော့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ တစ်ဖက်က ဘာစီလိုနာကို အနိုင်ရပြီး တက်လာတဲ့ ပီအက်စ်ဂျီနဲ့ ရင်ဆိုင်ကစားရမှာလည်း ဖြစ်ပါတယ်။