မနေ့ညက ကစားခဲ့တဲ့ ဆော်ဒီပရိုလိဂ်ပွဲစဉ်မှာ အယ်လ်နာဆာက ရော်နယ်ဒိုရဲ့ ခြေစွမ်းပြမှုနဲ့အတူ အယ်လ်ဟာဇမ်ကို ၁-၅ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။ အယ်လ်နာဆာဟာ ရာသီအစမှာ ဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးခဲ့တဲ့အသင်းပါ။
ဒါပေမယ့် အခုချိန်မှာတော့ (၃) ပွဲဆက်အနိုင်နဲ့အတူ အယ်လ်နာဆာတို့ ပြန်လာနိုင်ခဲ့ပြီး ရော်နယ်ဒိုကလည်း အယ်လ်နာဆာအတွက် ဆက်တိုက်ကို ခြေစွမ်းပြနေခဲ့ပါတယ်။ ဒီပွဲရဲ့ ပထမပိုင်းမှာ ရရှိခဲ့တဲ့ ဂါရိဘ်၊ ဒုတိယပိုင်းမှာ ရရှိခဲ့တဲ့ အိုတာဗီယိုတို့ရဲ့ သွင်းဂိုးတွေအတွက် ရော်နယ်ဒိုက ဖန်တီးမှု ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။
ဒါ့အပြင် ပွဲကစားချိန် (၆၈) မိနစ်မှာလည်း ရော်နယ်ဒိုက ကိုယ်တိုင်ဂိုးသွင်းယူနိုင်ခဲ့ပြီး အသင်းရရှိခဲ့တဲ့ သွင်းဂိုး (၅) ဂိုးမှာ တစ်ဂိုးသွင်း၊ နှစ်ဂိုးဖန်တီးကာ အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ မာနေးကလည်း သွင်းဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့ပြီး ဂိုးပေါက်ဆက်လက်ရှာတွေ့ခဲ့ပါတယ်။
ရော်နယ်ဒိုဟာ အယ်လ်ရှာဘတ်နဲ့ပွဲမှာလည်း ပင်နယ်တီသွင်းဂိုးနှစ်ဂိုးနဲ့ ဂိုးဖန်တီးမှုတစ်ကြိမ်၊ အယ်လ်ဖာတက်ချ်နဲ့ပွဲမှာလည်း ဟက်ထရစ်နဲ့ ဖန်တီးမှုတစ်ကြိမ် ရရှိခဲ့ပါတယ်။ အခုပွဲမှာလည်း ရော်နယ်ဒိုက ဂိုးဖန်တီးမှု (၂) ကြိမ်အထိ ပြုလုပ်နိုင်ခဲ့သလို အသင်းအတွက်လည်း (၃) ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။
လက်ရှိ ဆော်ဒီပရိုလိဂ်မှာ အယ်လ်နာဆာတို့ (၅) ပွဲ ကစားပြီးချိန်မှာ (၃) ပွဲနိုင်၊ (၂) ပွဲရှုံး၊ ရမှတ် (၉) မှတ်နဲ့အတူ အမှတ်ပေးဇယားရဲ့ အဆင့် (၆) နေရာကို တက်လှမ်းလာခဲ့ပါတယ်။ လက်ရှိမှာ ဇယားထိပ်ဆုံးကို ဦးဆောင်ထားတဲ့ အသင်းက အယ်လ်ဟီလယ်လ်အသင်းပဲဖြစ်ပါတယ်။