မနေ့ညက ကစားခဲ့တဲ့ ဝက်စ်ဟမ်းနဲ့ မန်စီးတီးတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဥ်မှာတော့ လက်ရှိချန်ပီယံမန်စီးတီးက တိုက်စစ်မှူးသစ် ဟာလန်းရဲ့ သွင်းဂိုးနှစ်ဂိုးနဲ့အတူ အဝေးကွင်းမှာ နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ မန်စီးတီးအတွက်တော့ ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲမှာ အနိုင်ရရှိခဲ့တာဖြစ်သလို ဟာလန်းအတွက်လည်း ပရီးမီးယားလိဂ်ကစားသမားဘဝ ပွဲဦးထွက်မှာ ဂိုးသွင်းယူနိုင်ခဲ့တာပါ။
ဟာလန်းဟာ ဒီပွဲရဲ့ ပွဲကစားချိန် (၃၆) မိနစ်မှာ ပင်နယ်တီကတဆင့် မန်စီးတီးအတွက် အဖွင့်ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ အဲ့ဒီနောက် ဒုတိယပိုင်းမှာတော့ ဟာလန်းက ဒီဘရိုင်းရဲ့ လှပတဲ့ ဖန်တီးပေးမှုကတဆင့် ဝက်စ်ဟမ်းနောက်တန်းကို ကျော်ဖြတ်ပြီး သပ်သပ်ရပ်ရပ်နဲ့ ဒုတိယမြောက်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။
အဆိုပါနော်ဝေလက်ရွေးစင်တိုက်စစ်မှူးဟာ ပရီးမီးယားလိဂ်ပထမဆုံးပွဲမှာ ဟက်ထရစ်ရဖို့အထိ ရည်ရွယ်ခဲ့ပြီး အပိုင်အခွင့်အရေးလက်လွှတ်ရတဲ့အပေါ် ပွဲအပြီး အင်တာဗျူးမှာ အားမလိုအားမရဖြစ်ပြီး ရယ်ရယ်မောမောနဲ့ ပေါက်ကွဲခဲ့ပါတယ်။ ဟာလန်းက “တကယ်ကို ကောင်းမွန်တဲ့ အစတခုဖြစ်ခဲ့ပါတယ်။ ဒီ့ထက်လည်း အများကြီး ပိုပြောလို့မရတော့ပါဘူး”
“ကျနော် ဟက်ထရစ်ရလိုက်သင့်တာ။ ဂိုးသွင်းရမယ့်နေရာမှာရှိလိုက်သင့်တာ။ နည်းနည်လေး သောက်တလွဲဗျာ” လို့ ပြောကြားခဲ့ပါတယ်။ ဒီအချိန်မှာ ဟာလန်းကို အင်တာဗျူးနေတဲ့ စကိုင်းစပေါ့သတင်းထောက် ရှရက်ဗ်စ်က “ခင်ဗျား ပြောတဲ့စကားက အခု အင်တာဗျူးမှာ ပြောလို့မသင့်တဲ့ စကားနော်။ ထိန်းပါဦး” လို့ ပြောကြားခဲ့ပေမယ့် ဟာလန်းက “အာ။ ဆောရီးဗျာ” ဆိုပြီး ပြောရင်း ကြမ်းတမ်းတဲ့စကားလုံးကို နောက်တကြိမ် ထပ်မံပြောဆိုမိခဲ့တာပါ။
ဒီအချိန်မှာတော့ အင်တာဗျူးနေတဲ့သူရော၊ ဟာလန်းရော နှစ်ယောက်လုံး ပြိုင်တူရယ်မောခဲ့ကြပါတယ်။ ပရိသတ်တွေကတော့ ဟာလန်းရဲ့အဖြစ်ကို သဘောကျနေပြီး ဟာလန်းတယောက် ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ ဟက်ထရစ်မရလိုက်တဲ့အပေါ် တော်တော်လေးကို အားမလိုအားမရဖြစ်နေခဲ့ပုံရပါတယ်။ မန်စီးတီးဟာ လာမယ့်တပတ်မှာတော့ တန်းတက် ဘုန်းမောက်နဲ့ အိမ်ကွင်းမှာ ရင်ဆိုင်ရမှာဖြစ်ပြီး ဒီပွဲမှာရော ဟာလန်းတယောက် ဂိုးတွေထပ်မံသွင်းနိုင်ဦးမလား စိတ်ဝင်စားဖို့ကောင်းနေပါတယ်။