မက်ဆီက နှစ်ပွဲဆက်တိုက် ခြေစွမ်းပြခဲ့တာပါ။

ဒီနေ့ မနက်မှာ ကစားခဲ့တဲ့ အင်တာမိုင်ယာမီနဲ့ နက်ရှ်ဗေးလ်တို့ရဲ့ မေဂျာလိဂ်ပွဲစဉ်မှာတော့ အင်တာမိုင်ယာမီက ၃-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲမှာ ဦးဆောင်ဂိုးအရင်ရခဲ့တာက ဧည့်သည် နက်ရှ်ဗေးလ်ဖြစ်ခဲ့ပါတယ်။



ပွဲကစားချိန် (၂) မိနစ်ကတည်းက အင်တာမိုင်ယာမီ ကစားသမား နီဂရီရဲ့ ကိုယ့်ဂိုးကိုယ် သွင်းယူမှုကြောင့် အင်တာမိုင်ယာမီတို့ နောက်က လိုက်ကစားခဲ့ရပါတယ်။ ဒါပေမယ့် ပွဲကစားချိန် (၁၁) မိနစ်မှာတင် မက်ဆီက အင်တာမိုင်ယာမီအတွက် ချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။

မက်ဆီက ပြိုင်ဘက်နောက်ခံလူတစ်ယောက်ကို ကျော်ဖြတ် ကန်သွင်းမှု ဂိုးသမား ကာကွယ်နိုင်ခဲ့ပေမယ့် ဆွာရက်ဇ်ရဲ့ ထပ်ဆင့်ပိတ်သွင်းမှုကတစ်ဆင့် မက်ဆီက အင်တာမိုင်ယာမီအတွက် ချေပဂိုးသွင်းယူပေးခဲ့ပါတယ်။ အဲ့ဒီနောက် ပထမပိုင်းမပြီးခင်မှာတင် အင်တာမိုင်ယာမီတို့ ဦးဆောင်ဂိုး ရရှိခဲ့ပါတယ်။

ဒီဂိုးကိုတော့ မက်ဆီရဲ့ ထောင့်ကန်ဘောကတစ်ဆင့် ကွင်းလယ်လူ ဘူးစကွက်စ်က ခေါင်းတိုက်သွင်းယူပေးခဲ့ပြီး ပွဲသိမ်းဂိုးကို မက်ဆီက ပင်နယ်တီကတစ်ဆင့် သွင်းယူခဲ့တာပါ။ ကွန်ကာကပ်ဖ်ဖလားကနေ ထွက်ထားရတဲ့ အင်တာမိုင်ယာမီအတွက်တော့ ဒီနိုင်ပွဲက မက်ဆီတို့ နာမည်ကြီးအုပ်စုအတွက် ဖိအားလျော့စရာဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် မွန်တာရေးကို ရှုံးနိမ့်ပြီး အဆိုပါပြိုင်ပွဲက ထွက်ခဲ့ရပြီးနောက် ကစားခဲ့တဲ့ နှစ်ပွဲစလုံးမှာ အင်တာမိုင်ယာမီတို့ နိုင်ပွဲရရှိခဲ့တာပါ။ ဒီပွဲမတိုင်ခင် နောက်ဆုံးကစားခဲ့တဲ့ စပို့တင်းကေစီကို ၂-၃ ဂိုးနဲ့ နိုင်တဲ့ပွဲမှာလည်း မက်ဆီက အသင်းအတွက် တစ်ဂိုးသွင်း၊ တစ်ဂိုးဖန်တီးပြီး ခြေစွမ်းပြနိုင်ခဲ့ပါသေးတယ်။

Share

Loading Next Article...
က္က