ပြီးခဲ့တဲ့ ရက်သတ္တပတ် နှစ်ပတ်အတွင်းမှာ ဖျားနာတဲ့လူနာတွေ များပြားလာတဲ့လာတာကြောင့် လူထုကြားမှာ ကိုဗစ်စတုတ္တလှိုင်းစတင်ပြီဆိုတဲ့သတင်းတွေပျံ့နေခဲ့ပေမမယ့် လူနာတွေကို ကိုဗစ်ပိုး စစ်ဆေးကြည့်တဲ့အခါမှာ အများစုမှာ ရောဂါပိုးမတွေ့ရှိရဘူးလို့ ဆေးခန်းဖွင့်ထားတဲ့ ဆရာဝန်များထံမှ သိရပါတယ်။
လူနာတွေအနေနဲ့ ဆေးခန်းလာပြတဲ့အခါ အပြင်းဖျားနေတာမျိုးတွေရှိပြီး ကိုဗစ်စစ်တဲ့အခါမှာတော့ ရောဂါပိုးမတွေ့ရှိတဲ့အတွက် သာမန်ရာသီတုပ်ကွေးဖြစ်ပွားမှုသာ ဖြစ်တယ်လို့ အထွေအထွေအထူးကုသမားတော် ဒေါက်တာမိုးအောင်ကျော်နိုင်က Duwunကိုပြောပါတယ်။
“ ဒါက ကျွန်တော်လက်ရှိတွေ့ကြုံရတဲ့အခြေအနေပေါ့။ ကျွန်တော့်ဆေးခန်းကို နှစ်ပတ်အတွင်း လာပြတဲ့ ဖျားနာလူနာတွေဆိုရင် ကိုဗစ် တတိယလှိုင်းတုန်းကထက်တောင် အဖျားပိုပြင်းတယ်။ ရောဂါလက္ခဏာမတူတာလေးတွေလည်းရှိတယ်။ ဒါပေမယ့် လူနာတွေကို ကိုဗစ်စစ်ဆေးတဲ့အခါ အများစု (၃)ပုံ (၂)ပုံလောက်က ကိုဗစ်ပိုးမတွေ့ရဘူး။ ပိုးတွေ့လူနာရှိပေမယ့် အနည်းစုသာဖြစ်လို့ ဒါက ကိုဗစ်စတုတ္တလှိုင်းလို့တော့ပြောမရဘူး။ လတ်တလောဖြစ်ပွါးမှုက ကိုဗစ်ဗိုင်းရပ်စ်တွေ ပတ်ဝန်းကျင်မှာ နည်းသွားချိန် ခေါင်းထောင်လာတဲ့ တုတ်ကွေးဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ဖျားနာမှုသာဖြစ်တယ်။ ခုချိန်မှာ အားလုံးက စိုးရိမ်နေကြတော့ ကိုဗစ်စတုတ္တလှိုင်းစပြီလို့ပြောဆိုနေကြတာတွေရှိပါတယ်။ တကယ်တော့ လက်ရှိဖျားနာတဲ့လူနာတွေများနေတာက သာမန်ရာသီတုပ်ကွေးရောဂါမျိုးပါ”လို့ ဒေါက်တာမိုးအောင်ကျော်နိုင်က ပြောပါတယ်။
လက်ရှိဖျားနာတဲ့ လူနာတွေဟာ ကိုဗစ်တတိယလှိုင်းတုန်းက ဖြစ်ပွားတဲ့ ဖျားတာ၊ နှာစေး၊ချောင်းဆိုးလက္ခဏာတွေဆင်တူပြီး အဖျားပိုပြင်းတာနဲ့ လည်ချောင်းနာတဲ့ လက္ခဏာတွေကို ပိုပြီးခံစားရတယ်လို့ ဆိုပါတယ်။
“ ရာသီအကူးအပြောင်းကြောင့် ဖြစ်တဲ့ တုပ်ကွေးရောဂါတစ်မျိုးပါ။ ဖျားတဲ့လူနာတွေက အဖျားကြီးတယ်။ နှာစေးချောင်းဆိုး၊ လည်ချောင်းနာတဲ့ လက္ခဏာတွေပြတယ်ပေါ့နော်။ အလွန်ဆုံးတစ်ပတ်လောက်တော့ တုပ်ကွေးဒဏ်ကိုခံကြရတယ်။ သေချာစနစ်တကျကုသဖို့လည်းလိုတာပေါ့။ ခုရက်ပိုင်း ဆရာမကုသရတဲ့ လူနာအများစုကတော့ ရာသီတုပ်ကွေးကြောင့် ဖျားနာပြီး ဆေးခန်းရောက်လာကြတဲ့ လူနာတွေများပါတယ်” လို့ ဆေးခန်းဖွင့်လှစ်ထားတဲ့ အထွေအထွေရောဂါကုသရေး ဆရာဝန်တစ်ဦးကလည်းပြောပါတယ်။
ရာသီတုပ်ကွေးကလည်းကူးစက်ရောဂါဖြစ်လို့ တစ်အိမ်မှာတစ်ယောက်ဖြစ်တယ်ဆိုတာနဲ့ မိသားစုလိုက်ကူးစက်နိုင်ပါတယ်။
လတ်တလော ဆေးခန်းပြလူနာတွေထဲမှာ မိသားစုလိုက်ဖျားနာမှုတွေလည်းရှိနေတယ်လို့ ဒေါက်တာမိုးအောင်ကျော်နိုင်ကပြောပါတယ်။
“ ဆရာ့ဆီလာတဲ့ လူနာတွေထဲမှာဆိုရင် မိသားစုလိုက် ဖျားနာတာတွေရှိတယ်။ ဘာလို့လဲဆို ရာသီတုပ်ကွေးကလည်း ကူးစက်တတ်တာပဲ။ ကိုဗစ်လိုပဲ တစ်အိမ်မှာတစ်ယောက်ဖျားတာနဲ့ တခြားလူတွေကိုပါကူးစက်တာ။ ကာကွယ်နည်းတွေကတော့ ကိုဗစ်ကာကွယ်နည်းလိုပဲ ဖျားနာတဲ့သူတွေအတူမနေတာ၊ mask တပ်၊ လက်ဆေးတာတွေ လုပ်သင့်တယ်”လို့ ဆိုပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ ကိုဗစ်ပိုးတွေ့လူနာတွေရှိနေသေးပေမယ့်လည်း အနည်းစုသာတွေ့ရှိတော့တာဖြစ်ပါတယ်။ လက်ရှိပိုးတွေ့လူနာတွေကနေတစ်ဆင့် ထပ်ပြီးကူးစက်မှုတွေကြောင့် ပိုးတွေ့လူနာတွေများလာတဲ့အနေအထားမျိုးမှာဆိုရင် ကိုဗစ်စတုတ္တလှိုင်းဖြစ်ပေါ်လာနိုင်ပေမယ့်လည်း လတ်တလော ပိုးတွေ့ရှိမှုကတော့ ကိုဗစ်တတိယလှိုင်းအနေနဲ့သာ တွေ့ရှိနေရသေးတဲ့ လူနာအနည်းငယ်လောက်သာဖြစ်တယ်လို့ သိရပါတယ်။