ရထားသံလမ်း တည်ဆောက်ရေးလုပ်ငန်းခွင်အတွင်း ရှားပါးတဲ့ မာယာခေတ် ကနူးလှေကို တွေ့ရှိခဲ့တာဖြစ်ပါတယ်

မက္ကစီကိုနိုင်ငံတောင်ပိုင်းမှာ နှစ်ပေါင်း ၁,၀၀၀ ကျော် သက်တမ်းရှိပြီလို့ ယုံကြည်ရတဲ့ မာယာလူမျိုးတို့ရဲ့ သစ်သားကနူးလှေတစ်စီးကို ရှေးဟောင်းသုတေသီတွေက ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။

၅ ပေကျော်ရှည်တဲ့ ကနူးလှေကို Chichen Itza လို့ခေါ်တဲ့ မာယာမြို့ပျက်အနီးရှိ ရေချိုရေအိုင်တစ်ခုအတွင်း ပကတိအတိုင်းနီးပါး အခြေအနေဖြင့် တွေ့ရှိခဲ့တာဖြစ်ပါတယ်။ မက္ကစီကို ရှေးဟောင်းပစ္စည်းဆိုင်ရာအဖွဲ့အစည်း Inah ရဲ့ အဆိုအရ ကနူးလှေကို ရေထုတ်ယူရန် သို့မဟုတ် ရိုးရာဓလေ့ထုံးတမ်းအရ ပူဇော်တဲ့ပစ္စည်းအဖြစ် အသုံးပြုခဲ့တာဖြစ်နိုင်ကြောင်း သိရပါတယ်။



(Photo: Reuters)

"မာယာရထား" (Maya Train) လို့ ခေါ်ဝေါ်ကြတဲ့ ကမ္ဘာလှည့်ခရီးသွားကဏ္ဍအတွက် ရည်ရွယ်ဆောင်ရွက်နေတဲ့ ရထားသံလမ်း တည်ဆောက်ရေးလုပ်ငန်းခွင်အတွင်း ရှားပါးတဲ့ မာယာခေတ် ကနူးလှေကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ရှေးဟောင်းသုတေသီတွေက ကနူးလှေအပြင် ကြွေထည်မြေထည်တွေနဲ့ ရိုးရာဓားတစ်လက်နဲ့ နံရံဆေးရေးပန်းချီတွေကိုလည်း ရှာဖွေတွေ့ရှိခဲ့ကြကြောင်း Inah က သတင်းထုတ်ပြန်ပါတယ်။

ယခု တွေ့ရှိရတဲ့ ကနူးလှေရဲ့ သက်တမ်းအတိအကျနဲ့ အမျိုးအစားကို သိရှိနိုင်ရန် ပါရီမြို့ရှိ Sorbonne တက္ကသိုလ်မှ ကျွမ်းကျင်သူတွေက ကူညီခဲ့ကြကြောင်း Inah က သတင်းထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ ကနူးလှေရဲ့ 3D model ပုံဖော်ခြင်းဖြင့် လှေပုံစံတူများ ပြုလုပ်နိုင်ပြီး နောက်ထပ် သုတေသနပြုလေ့လာရန် လွယ်ကူအဆင်ပြေစေတယ်လို့ ဆိုပါတယ်။

(Photo: Reuters)

မာယာလူမျိုးတွေဟာ ယခု မက္ကစီကိုတောင်ပိုင်း၊ ဂွာတီမာလာ၊ ဘီလစ်ဇ်နဲ့ ဟွန်ဒူးရပ်စ် နယ်မြေတွေကို မာယာခေတ်မှာ အုပ်ချုပ်ခဲ့ကြပါတယ်။ ယခုတွေ့ရှိရတဲ့ ကနူးလှေဟာ အေဒီ ၈၃၀-၉၅၀ (830-950 AD) ကြား အချိန်ကာလမှ ဖြစ်နိုင်ကြောင်း သိရပါတယ်။ မက္ကစီကိုအစိုးရက အကောင်အထည်ဖော်နေတဲ့ "မာယာရထား" ရထားလမ်းစီမံကိန်းဟာ ဒေါ်လာဘီလီယံနဲ့ချီ တန်ဖိုးရှိပြီး မက္ကစီကိုတောင်ပိုင်း ပြည်နယ်ငါးခုကို ဆက်သွယ်ထားမယ်လို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က