မနက် ၇ နာရီလောက်ဆိုရင်တောင် ဟင်းစုံစုံလင်လင် မရနိုင်တော့ပါဘူး။

မနက် (၅) နာရီခွဲကနေ မနက် (၁၀) နာရီလောက်အထိပဲ ဖွင့်တဲ့ တာမွေထမင်းကြော်ဆိုင်က ထမင်းကြော်ကို မနက်စောစောအိပ်ရာနိုးမှ ဟင်းပွဲအစုံအလင်နဲ့ စားရတာဆိုတာ ဒီဆိုင်မှာ စားဖူးတဲ့သူတိုင်း သိကြပါတယ်။ စားဖူးတဲ့သူတိုင်း နောက်တစ်ခါ ပြန်စားချင်ကြတဲ့ သက်တမ်းရင့် တာမွေထမင်းကြော်ဆိုင်လေးအကြောင်းကို ဒီကနေ့ ဝေမျှပေးပါရစေ။



တာမွေထမင်းကြော်ရဲ့ မူလအစ

တာမွေထမင်းကြော်ဆိုင်ကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ကျော်က အဘွားဖြစ်သူစတင်ဖွင့်လှစ်ခဲ့တာဖြစ်တယ်လို့ လက်ရှိဆိုင်ကို ဦးစီးနေသူ မဆွေဇင်လတ်က ဆိုပါတယ်။ အဘွားဖြစ်သူကနေ အမေဖြစ်သူက လက်ဆင့်ကမ်းယူခဲ့တာဖြစ်ပြီး လက်ရှိတော့ သူကိုယ်တိုင် ဦးစီး‌ဆောင်ရွက်နေတာလို့ ပြောပါတယ်။ အဘွားလက်ထက်တုန်းက ကျိုက္ကဆံလမ်းကွေ့နားမှာ လမ်းဘေးဆိုင်လေးအနေနဲ့ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ၁၉၉၄ ခုနှစ်မှာတော့ တာမွေအဝိုင်းထိပ်နားမှာ ဆိုင်ခန်းလေးအဖြစ်ပြောင်းလဲ ဖွင့်လှစ်ခဲ့တာပါ။


မင်းကြော်တစ်ပွဲကို နှစ်ကျပ်၊သုံးကျပ်ခေတ်ကနေ နှစ်ထောင်ခေတ်ကို ရောက်ခဲ့

အဘွားလက်ထက်တုန်းက ထမင်းကြော်တစ်ပွဲကို နှစ်ကျပ်၊သုံးကျပ်နဲ့ စရောင်းခဲ့တာပြီး အဲဒီကတစ်ဆင့် ကုန်စျေးနှုန်းအလိုက်၊ ခေတ်အလိုက် ပြောင်းလဲလာခဲ့တာ တစ်ပွဲကို ၂၀၀၊ ၃၀၀၊ ၅၀၀ ကနေအ ခုတော့ ထမင်းကြော်တစ်ပွဲကို ကြက်ဥကြော်နဲ့ ၁၂၀၀၊ ဟင်းပွဲနဲ့ဆို ၂၀၀၀၊ ၂၂၀၀၊ ၃၀၀၀၊၃၅၀၀ ကျပ်နဲ့ ရောင်းချနေတယ်လို့ ဆိုပါတယ်။

ဒီဆိုင်မှာ ဟင်းပွဲပေါင်း အမျိုး ၂၀ ကျော်ရှိပြီး ဝက်ချို၊ အမဲသား၊ ကြက်ကြော်၊ ဆိတ်သား၊ ကြက်အူချောင်းကြော်၊ ဝက်ကြော်၊ အမဲကြော်၊ ငါးကြော်၊ ငါးမွှေ၊ ဘဲဥ စတာတွေကို ထမင်းကြော်၊ ဂေါ်ဖီချဥ်၊ ငရုတ်သီးကြော်နဲ့ တွဲဖက်စားသုံးရတာကို စားသုံးသူတွေ အကြိုက်တွေ့ကြပါတယ်။

မူလလက်ရာမပျက်တဲ့ သက်တမ်းရင့်ထမင်းကြော်

လွန်ခဲ့တဲ့ နှစ် ၄၀ ကတည်းက ထမင်းကြော်နဲ့ဟင်းကို တွဲဖက်ရောင်းခဲ့တာဖြစ်ပြီး အဘွားလက်ထက်က ရောင်းတဲ့ မူလပုံစံအတိုင်း လက်ရာမပျက်ဘဲ ချက်ပြုတ်ရောင်းချခဲ့တယ်လို့ လက်ရှိဆိုင်ကို ဦးစီးနေသူ မဆွေဇင်လတ်က ဆိုပါတယ်။


“ သူတို့စရောင်းတုန်းက ပုံစံအတိုင်းပဲ ရောင်းခဲ့တာပါ။ နည်းတာ များတာပဲ ကွာပါတယ်။ သူတို့ရောင်းတုန်းကတော့ ဟင်းပွဲ ဒီလောက် မစုံသေးဘူးပေါ့။ အခုကတော့ ဟင်းပွဲတွေ ပိုပြီး စုံစုံလင်လင်နဲ့ ရောင်းပါတယ်” လို့ မဆွေဇင်လတ်က ဆိုပါတယ်။

“ အစ်မတို့ကတော့ ဟင်းပွဲလက်ရာတွေကို မကျသွားအောင် ဆက်လက်ထိန်းသိမ်းမယ်။ အဓိကဖြစ်တဲ့ ဆန်ကိုလည်း အကောင်းဆုံးဆိုတဲ့ ဆန်ကိုပဲ သုံးပြီးတော့ ထမင်းကြော်လက်ရာ လုံးဝမကျသွားအောင် ထိန်းသိမ်းတယ်။ ထမင်းကြော်က ဆန်ညံ့သွားရင် စားလို့မကောင်းတော့ဘူး။ အဲဒီတော့ ဆန်ရဲ့ ကွာလတီ၊ ဟင်းရဲ့ ကွာလတီကို အစ်မတို့ အဓိကထားလုပ်ပါတယ်” လို့ မဆွေဇင်လက်က ပြောပါတယ်။

လူတိုင်းအတွက် အရေးကြီးဆုံးမနက်စာအတွက် သူတို့ရဲ့စေတနာ

“ အစ်မတို့ရဲ့ မနက်စာထမင်းကြော်စားလိုက်တယ်ဆိုတာနဲ့ မနက်တစ်မနက်လုံး တစ်နေ့လုံးနီးပါးလောက် ကောင်းကောင်းမွန်မွန်အလုပ်လုပ်နိုင်ပါစေဆိုတဲ့ စိတ်နဲ့ ပဲ ရောင်းချပါတယ်။ မနက်စာ တနပ်စားပြီးသွားရင် ကောင်းကောင်းအလုပ်လုပ်နိုင်တဲ့အနေအထားလေးဖြစ်အောင် ထမင်းပွဲကို လူတစ်ယောက်စာ ပြည့်ပြည့်ဝဝ လုံလုံလောက်လောက်စားလို့ရအောင် ထည့်ပေးထားတယ်။” လို့ မဆွေဇင်လတ်က ပြောပါတယ်။

စားသုံးသူတွေအနေနဲ့ သင့်တင့်မျှတတဲ့စျေးအလျောက် စားလို့လည်း အဆင်ပြေ‌အောင်၊ နေ့တိုင်းစားချင်စိတ်လည်းဖြစ်အောင် လက်ရာကို အတတ်နိုင်ဆုံး အဘွား၊အမေတို့ ခေတ်တုန်းကအတိုင်း ထိန်းသိမ်းပြီး ချက်ပြုတ်ထားတယ်လို့ ဆိုပါတယ်။

တန်ဖိုးမဖြတ်နိုင်တဲ့ မိသားစု ဘိုးဘွားအမွေအနှစ်

လက်ရှိမှာဆိုင်ကိုတော့ ဦးလေးဖြစ်သူနဲ့အတူ ဦးစီးလုပ်ကိုင်နေပြီး စားပွဲထိုးပေးတဲ့သူတွေကအစ ဆွေမျိုးတွေက ဝိုင်းဝန်းလုပ်ကိုင်ပေးနေတာဖြစ်ပါတယ်။


သားစုတစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းလည်းဖြစ်သလို လက်ဆင့်ကမ်းအမွေလည်းဖြစ်တဲ့ နှစ် ၄၀ ကျော်သက်တမ်းရှိတဲ့ ဒီထမင်းကြော်ဆိုင်လေးကို အရည်အသွေးမပျက်အောင် ဆက်လက်ထိန်းသိမ်းသွားဖို့လည်း ဆန္ဒတွေ ရှိနေပါတယ်။

“ တစ်ခြားဆိုင်ခွဲဖွင့်ရင် လူမနိုင်တာတွေ၊ လက်ရာလျော့သွားတာတွေ ဖြစ်မှာဆိုးလို့ အစ်မက ဒီဆိုင်လေးကိုပဲ ဆက်လက်ထိန်းသိမ်းသွားဖို့ ရှိပါတယ်။ ဒီဆိုင်လေးမှာပဲ စားသုံးသူတွေ ကောင်းကောင်းစားနိုင်အောင် လက်ရာလုံးဝမပျက်အောင် လုပ်ထားပါတယ်” လို့ မဆွေဇင်လတ်က ပြောပါတယ်။

ဟင်းစုံစုံစားချင်ရင် မနက်အစောကြီးသွားစားပါ

ဆိုင်ဖွင့်ချိန်က မနက် ၅ နာရီခွဲကနေ မနက် ၁၀ နာရီအထိဆိုပေမယ့် မနက် ၆ နာရီလောက်ဆို လာစားတဲ့သူတွေ တော်တော်လေးစည်ကားတာတွေ့ရပါတယ်။ ဒါကြောင့်မို့ မနက် ၇ နာရီ၊ ၈ နာရီလောက် လာစားမယ်ဆိုရင်တောင် ဟင်းပွဲ အမယ်တွေ မစုံတော့ပါဘူး။ မနက်စောစောအိပ်ရာထနိုင်တဲ့သူတွေသာ ဟင်းပွဲအမယ်စုံစုံလင်လင်နဲ့ စားရမှာဖြစ်ပြီး အိပ်ရာထနောက်ကျရင်တော့ ကိုယ်စားချင်တဲ့စားနဲ့ဟင်းလို့စားမရတော့တာ ဒီဆိုင်ရဲ့ ထုံးစံလိုတောင်ဖြစ်နေပါပြီ။

နှစ် ၄၀ တိုင်တိုင်အားပေးလာတဲ့ စားသုံးသူတွေ

တချို့စားသုံးသူတွေဆို ဆိုင်စဖွင့်ကတည်းက စားလာတာ အခုတော့ သူတို့တောင် အသက်တွေ တော်တော်ကြီးနေတဲ့ အရွယ်ရောက်လာနေပြီဖြစ်ပါတယ်။ ဒီဆိုင်ရဲ့ ထမင်းကြော်ကို စားလိုက်ရမှ သူတို့ကောင်းကောင်းအလုပ်လုပ်နိုင်တာလို့ ဖောက်သည်တချို့တချို့ ပြန်ပြောကြတာတွေ ကြားဖူးတယ်လို့ ဆိုပါတယ်။


တာမွေထမင်းကြော်ရဲ့ ဆိုင် လိပ်စာကတော့ အမှတ် ၂၁/၄ အရှေ့မြင်းပြိုင်ကွင်းလမ်း၊ တာမွေမြို့နယ်၊ တာမွေအဝိုင်းအနီးမှာဖြစ်ပြီး ဖုန်းနံပါတ် ၀၁-၄၀၀၆၂၆၊ ၀၉-၇၇၈၀၂၈၆၉၉ နဲ့ ၀၉ - ၃၃၉၆၇၇၂ တို့ကို ဆက်သွယ်မှာယူနိုင်သလို Foodpanda ကတစ်ဆင့်လည်းမှာယူနိုင်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က