အခုတစ်ခေါက် မိတ်ဆက်ပေးချင်တဲ့ ဆိုင်ကလေးကတော့ ဆိုင်တစ်ဆိုင်တည်းမှာတင် အစားအစာမျိုးစုံ မြည်းစမ်းခွင့်ရမယ့် ဆိုင်တန်းလေးဖြစ်ပါတယ်။ ဗိုလ်တစ်ထောင်ဘုရားလမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာ ရှိတဲ့ စားသောက်ဆိုင်တန်းလေးရဲ့ နာမည်ကတော့ ရွှေလက်ရာလို့ခေါ်ပါတယ်။ နှစ်ပေါင်းအားဖြင့် ၄၀ သက်တမ်းထဲကို ရောက်ရှိလာပြီလို့ ဆိုင်ရှင်က ဆိုပါတယ်။
ဆိုင်သေးသေးလေးကနေ စတင်ခဲ့တဲ့ ဈေးဆိုင်တန်း
“၁၈၈၀ ကျော်ကျော်လောက်က စပြီး ဖွင့်ခဲ့တာပဲ၊ နှစ်ပေါင်း ၄၀ ကျော်လောက်တော့ ရှိပြီ။ အစက မော်လမြိုင်ဇာတိကပေါ့။ အဘိုးက မော်လမြိုင်ကနေ ရန်ကုန်တက်လာပြီး ဒီမှာ ဆိုင်ဖွင့်တာ၊ စတုန်းကတော့ ဆိုင်က ဒီလို အတန်းလိုက်ကြီးမဟုတ်ဘူး ။ ဆိုင်သေးသေးလေးပဲ ။ ဒါပေမယ့် ခုလိုပဲ အစုံရတာ” လို့ ဆိုပါတယ်။
ခုဖွင့်လှစ်ထားတဲ့ ဆိုင်ရှင်ရဲ့ အဘိုးဖြစ်သူက မော်လမြိုင်ကနေ ရန်ကုန်တက်လာပြီးပြီးချင်းမှာပဲ ဒီနေရာလေးမှာ ဆိုင်သေးသေးလေး စဖွင့်ပြီး ရောင်းခဲ့တာလို့ သိရပါတယ်။ ခုလို သက်တမ်း ၄၀ အတွင်းမှာတော့ အားလုံးမြင်တွေ့ရတဲ့ အတိုင်း ဈေးဆိုင်တန်းကြီးတစ်ခုအနေနဲ့ ဖြစ်နေပါပြီ။
ဆိုင်ရဲ့ နာမည်အကြီးဆုံး အစားအစာတွေ
ဆိုင်ရဲ့ နာမည်အကြီးဆုံး ပန်းသေးခေါက်ဆွဲဖြစ်ပြီး ပန်းသေးခေါက်ဆွဲကြော်၊ ပန်းသေးထမင်းကြော် နဲ့ ပန်းသေးကြာဇံကြော်တွေလည်း ရရှိနိုင်ပါတယ်။ ဈေးနှုန်းကတော့ ၄၅၀၀ တန်ရှိသလို ၃၅၀၀ တန်လည်းရှိပါတယ်။
နောက်ထပ်နာမည်ကြီးတာကတော့ ဒိန်ချဉ်ပါ၊ ဘယ်ဆိုင်ရဲ့ အရသာနဲ့မှမတူတဲ့ ဒိန်ချဉ်အရသာကိုတော့ ဒီဆိုင်မှာ စားသုံးဖူးသူတိုင်း သိကြပါတယ်။ ဒိန်ချဉ် တစ်ခွက်ကို ၁၅၀၀ ၊ ဒိန်ခဲတစ်ခွက်ကို ၂၀၀၀ ၊ဒိန်မလိုင်ကတော့ ၃၀၀၀ ပါ၊ စတော်ဘယ်ရီဒိန်ချဉ်ကိုလည်း လူကြိုက်များပြီး ရှက်ခတ်ကတော့ လူကြိုက်အများဆုံးဖြစ်ပါတယ်၊ ရှက်ခတ်တစ်ခွက်ကို ၆၀၀၀ ပါ ။
“ဒီမှာ လူကြိုက်များတာကတော့ ပန်းသေးခေါက်ဆွဲပေါ့။ ကီးမားလည်း လူကြိုက်များတယ်။ ဆိတ်ကီးမား ၊ ဆိတ်ဆာတေးတို့ပေါ့ ။ ဆိတ်သားက အရသာကို အိမ်မှာပဲ နှပ်တာ ။ ဒိန်ချဉ်လည်း အရမ်းကြိုက်ကြတယ်။ စတော်ဘယ်ရီဒိန်ချဉ် နဲ့ ရှပ်ခတ်ကတော့ လူကြိုက်အများဆုံးပဲ”
ဆာတေးတွေလည်း ရရှိနိုင်တဲ့ဆိုင်လေး
နောက်ထပ်ရနိုင်တာကတော့ ဆာတေးအကင်တွေဖြစ်ပါတယ်။ ဆိတ်ဆာတေး ၊ ကြက်ဆာတေး နှစ်မျိုးရပြီး ၅၀၀ တန်ကနေ ၃၀၀၀ ထိ အစားစား ရှိပါတယ်။ အရသာနှပ်တာတွေကိုလည်း အိမ်မှာ သေချာနှပ်ကြတယ်လို့ သိရပါတယ်။
ဒီဆိုင်မှာဆိုရင် ကီးမားတွေ ပလာတာတွေ ရနိုင်ပါတယ်။ ဆိတ်သားခါးပတ် ကို ၉၀၀၀၊ ကြက်သားကီးမား နဲ့ ဆိတ်သားကီးမားကို ၂၅၀၀ နဲ့ သကြားပလာတာကို ၅၀၀ စသဖြင့် ဈေးနှုန်းအမျိုးမျိုးနဲ့ ဝယ်ယူစားသုံးနိုင်ပါတယ်။
“ပိတ်ရက်မရှိဘူး။ နေ့တိုင်းဖွင့်တယ်၊ အခါကြီးရက်ကြီးတို့ ပွဲတော်ရက်တို့ကျမှ ပိတ်လေ့ရှိတယ်။ နေ့တိုင်း ညနေ ၄ နာရီကနေ စဖွင့်တာပါ”
ဒီလို အစားအသောက်မျိုးစုံကို တစ်နေရာတည်းမှာ စားသုံးနိုင်တဲ့ ရွှေလက်ရာ စားသောက်တန်းလေးဟာဆိုရင် ညီအစ်ကိုမောင်နှမဆွေမျိုးသားချင်းတွေ ဝိုင်းဖွဲ့ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ကစလို့ ဖွင့်လာခဲ့တဲ့ ဆိုင်ကလေးဖြစ်ပါတယ်။ ညနေ ၄နာရီကနေ ည ၁၀ နာရီထိဖွင့်လှစ်တာဖြစ်ပြီး အခါကြီးရက်ကြီးနေ့တွေကလွဲရင် ပိတ်ရက်မရှိဖွင့်တဲ့ ဆိုင်ကလေးဖြစ်ပါတယ်။