ရန်ကုန်မြို့မှာ စားလို့လည်းကောင်းပြီး နှစ်ပေါင်းများစွာရပ်တည်နိုင်တဲ့ မုန့်ဟင်းခါးဆိုင်များစွာရှိပါတယ်။ အဲဒီဆိုင်တွေထဲကမှ မိဘဘိုးဘွားတွေလက်ထက် လွန်ခဲ့တဲ့ နှစ်ပေါင်း (၅၀) ဝန်းကျင်ခန့်ကနေ အခုချိန်ထိတိုင်အောင် လက်ရာမပျက်ဘဲ နာမည်ကျော်ကြားနေဆဲ မူလလက်ဟောင်း မုန့်ဟင်းခါးဆိုင် (၃) ဆိုင်အကြောင်းကို မျှဝေပေးချင်ပါတယ်။
တစ်ပွဲ ပြား (၃၀) နဲ့စခဲ့တဲ့ “ရန်ကင်းကျော်ကျား” မုန့်ဟင်းခါး
ဒီမုန့်ဟင်းခါးဆိုင်လေးကို အဘိုးအဘွားတွေ လက်ထက်ကတည်းက ရန်ကင်းမြို့ ဆယ့်နှစ်လုံးတန်းထိပ်က ညောင်ပင်ကြီးအောက်မှာ အထမ်းလေးနဲ့ စရောင်းခဲ့တာပါ။ အဲဒီကနေ မိဘတွေလက်ထက်မှာတော့ ရန်ကင်းကျော်ကျား ဆိုပြီး နာမည်နဲ့ မုန့်ဟင်းခါး ရောင်းတဲ့အလုပ်ကို ဆက်လက်လုပ်ကိုင်ခဲ့ပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း (၅၀) စရောင်းတုန်းက မုန့်ဟင်းခါးတစ်ပွဲကို ပြား (၃၀) ဖြစ်ပါတယ်။ အကြွေစေ့၊မတ်စေ့ ခေတ်ကတည်းက ရောင်းခဲ့တဲ့ ကျော်ကျားမုန့်ဟင်းခါးက အဲဒီအချိန်တုန်းက တစ်နေ့ကို အချိန် (၁၀၀) နီးပါးလောက် ကုန်တဲ့အထိ ရောင်းကောင်းခဲ့တာပါ။ ဒီနေ့အချိန်အထိ မိခင်ဖြစ်သူရဲ့ ကြီးကြပ်မှုကြောင့် မုန့်ဟင်းခါးရဲ့ လက်ရာ လုံးဝမကျသွားဘဲ ခေတ်အဆက်ဆက်အားပေးတဲ့ စားသုံးသူတွေနဲ့ အမြဲစည်ကားနေတဲ့ဆိုင်လေးပါ။
လမ်းဘေးအထမ်းဆိုင်လေးကနေ စခဲ့တဲ့ ကျော်ကျားမုန့်ဟင်းခါးဆိုင်လေးက အခုတော့ နာမည်ကျော်မုန့်ဟင်းခါးဆိုင် တစ်ခုအဖြစ် ရပ်တည်နေနိုင်ပြီး ဒီလုပ်ငန်းကနေပဲ မိသားစုစားဝတ်နေရေး၊ သားသမီးပညာရေး ထောက်ပံ့နိုင်တဲ့အထိ ဝင်ငွေကောင်းခဲ့ပါတယ်။ မိဘနှစ်ပါးစစလုံး ဒီမုန့်ဟင်းခါးရောင်းတဲ့ အလုပ်တစ်ခုတည်းကိုသာ လုပ်ကိုင်ခဲ့တာဖြစ်ပြီး အစဉ်အဆက်ထိန်းသိမ်းနိုင်မှုကြောင့် အခုချိန်ထိတိုင်အောင် ရန်ကင်းကျော်ကျား မုန့်ဟင်းခါးဆိုင်ရယ်လို့ လူသိများကျော်ကြားနေဆဲဖြစ်ပါတယ်။ ရန်ကင်းကျော်ကျားမုန့်ဟင်းခါးဆိုင်ကတော့ ရန်ကင်းမြို့နယ် ဆယ့်နှစ်လုံးတန်းမီးပွိုင့်ထိပ်မှာရှိပြီး ဆိုင်ခွဲလုံးဝမရှိတဲ့ တစ်ခုတည်းသော နာမည်ကြီးမုန့်ဟင်းခါးဆိုင်ပါ။
ပြည်ပနိုင်ငံ (၅) နိုင်ငံအထိ တင်ပို့နိုင်တဲ့ “စံပြ-ဒေါ်ကြည်” မုန့်ဟင်းခါး
လမ်းမတော်မြို့နယ် သံဈေးအနီးမှာ ဆိုင်ခန်းလေးငှားပြီး စဖွင့်ခဲ့တဲ့ စံပြ-ဒေါ်ကြည့်မုန့်ဟင်းခါးဆိုင်ကလည်း ရန်ကုန်မြို့ရဲ့ နာမည်ကြီး မုန့်ဟင်းခါးဆိုင်တစ်ခုအဖြစ် တည်ရှိနေဆဲပါ။ (၁၉၆၈) ခုနှစ်ကစတင်ခဲ့တာကနေ အခုဆို (၅၄) နှစ်ခန့်ရှိနေပြီး သားသမီး၊ ချွေးမတွေက လက်ဆင့်ကမ်းအမွေအဖြစ် ဆက်လက်လုပ်ကိုင်နေဆဲပါ။
စံပြ-ဒေါ်ကြည်မုန့်ဟင်းခါးလို့ နာမည်ကြီးရတဲ့ အကြောင်းရင်းက မုန့်ဟင်းခါးရဲ့ အဓိကအသက်ဖြစ်တဲ့ ငါးကို ငါးကျည်း၊ငါးခူနဲ့သာ အဓိကထားချက်ပြုတ်ပြီး ပါဝင်ပစ္စည်းတွေကိုလည်း လုံးဝမလျှော့ဘဲ စားသုံးသူတွေ အကြိုက် ပစ္စည်းကောင်းတွေကိုသာ အသုံးပြုထားချက်ပြုတ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့်မို့ မုန့်ဟင်းခါးက စားလိုက်တာနဲ့ ပျစ်ပျစ်နှစ်နှစ်ရှိပြီး အရသာ ထိထိမိမိဖြစ်စေပါတယ်။
စံပြ-ဒေါ်ကြည် မုန့်ဟင်းခါးလက်ရာကို လူကြိုက်များတာကြောင့် အသင့်စား မုန့်ဟင်းခါးဟင်းရည်ထုပ်တွေ ထုတ်လုပ်ခဲ့ပြီးနောက် ဂျပန်၊ ဩစတြေးလျ၊ စင်ကာပူ၊ မလေးရှားနဲ့ ဒူဘိုင်းနိုင်ငံတွေအထိ တင်ပို့နေပါတယ်။ စံပြ-ဒေါ်ကြည်ရဲ့ မုန့်ဟင်းခါးဆိုင်လေးကို သားသမီးတွေလက်ထက်မှာတော့ မုန့်ဟင်းခါးတစ်မျိုးတည်းမဟုတ်တော့ဘဲ မနက်ခင်းအစားအစာ အမျိုး (၃၀) ကျော်လောက်ရတဲ့ စားသောက်ဆိုင်ကြီးအဖြစ် လမ်းမတော်နဲ့ လသာမြို့နယ်တို့မှာတစ်ဆိုင်စီ ဖွင့်လှစ်ထားပါတယ်။
လမ်းဘေးဆိုင်လေးက အစပြုခဲ့တဲ့ နာမည်ကျော် “ပဒေသာလမ်းဆုံ” မုန့်ဟင်းခါး
ရန်ကုန်မြို့ရဲ့ နာမည်ကြီးမုန့်ဟင်းခါးဆိုင်တွေအကြောင်းပြောရင် တောင်ဥက္ကလာပမြို့နယ်က ပဒေသာလမ်းဆုံမုန့်ဟင်းခါးဆိုင်ကိုလည်း ချန်ထားခဲ့လို့မရပါဘူး။ ဆိုင်ရဲ့သက်တမ်းကလည်း နှစ် (၅၀) နီးပါးရှိနေပြီး မိဘတွေလက်ထက်က စခဲ့တဲ့ မုန့်ဟင်းခါးဆိုင်လေးဖြစ်ပါတယ်။
မိဘတွေတုန်းကတော့ အိမ်ရှေ့မှာပဲ ခုံလေးအနည်းငယ်ခင်းပြီး မုန့်ဟင်းခါးဆိုင်လေးကို အစပြုခဲ့ပြီးနောက် ပဒေသာလမ်းဆုံက ညောင်ပင်ကြီးအောက်မှာလည်း လမ်းဘေးဆိုင်လေးအဖြစ်နဲ့ ရောင်းခဲ့ဖူးပါတယ်။ မုန့်ဟင်းခါးအရည်ကို ငါးကျည်း၊ ငါးကြင်းနဲ့ ငါးခူ (၃) မျိုးနဲ့ ရောချက်ထားတာကြောင့် လက်ရာကတော့ အခုချိန်ထိ ကောင်းမွန်နေဆဲပါ။ ငါးသလောက်ဥနဲ့ တွဲဖက်စားတာကို ပိုပြီး ကြိုက်ကြပါတယ်။
လမ်းဘေးဆိုင်လေးကစခဲ့တဲ့ ဒီမုန့်ဟင်းခါးဆိုင်လေးက အခုတော့ ဆိုင်ကြီး (၂) ဆိုင်အဖြစ် ဖွင့်လှစ်နိုင်ပြီး မုန့်ဟင်းခါးရောင်းလို့ရတဲ့ဝင်ငွေနဲ့ပဲ မိသားစုစားဝတ်နေရေးဖူလုံလာတဲ့အပြင် အိမ် (၄) လုံးအထိ ဝယ်နိုင်တဲ့ အောင်မြင်ခဲ့တဲ့ လုပ်ငန်းတစ်ခုပါ။ ပဒေသာလမ်းဆုံမုန့်ဟင်းခါးဆိုင်ကတော့ တောင်ဥက္ကလာပမြို့နယ် မေတ္တာလမ်းနဲ့ သုမင်္ဂလာလမ်းတို့မှာ တစ်ဆိုင်စီ ဖွင့်လှစ်ထားပါတယ်။