ဝက်သားတုတ်ထိုး၊ကြက်သားတုတ်ထိုးကြိုက်သူတွေအတွက် ဆိုင်တစ်ဆိုင်ထဲမှာပဲ တုတ်ထိုးနှစ်မျိုးလုံးကို ရွေးချယ်စားသုံးနိုင်မယ့် လက်ရာကောင်းစျေးတန်တဲ့တုတ်ထိုးဆိုင်လေးတစ်ဆိုင်နဲ့မိတ်ဆက်ပေးချင်ပါတယ်။
မျိုးဆက်အလိုက်လက်ဆင့်ကမ်းလုပ်ကိုင်နေတဲ့ တုတ်ထိုးလုပ်ငန်း
ဒီဆိုင်လေးကတော့ မြောက်ဒဂုံမြို့နယ်မှာဖွင့်လှစ်ထားတဲ့ မမိုးလှည်းကလေးနဲ့တုတ်ထိုးဆိုင်လေးပါ။ နှစ်ပေါင်း ၅၀နီးပါး မျိုးဆက်အလိုက် တုတ်ထိုးလုပ်ငန်းကိုလုပ်ကိုင်လာကြသူတွေမို့ တမူထူးခြားတဲ့တုတ်ထိုးအရသာကို ဒီဆိုင်လေးမှာမြည်းစမ်းနိုင်ပါတယ်။တုတ်ထိုးလုပ်ငန်းဟာ မမိုးတို့ မိဘဆွေမျိုးတွေရဲ့ လက်ဆင့်ကမ်းလုပ်ငန်း တစ်ခုလည်းဖြစ်ပါတယ်။ မမိုးတို့ဆွေမျိုးတွေဟာ မြောက်ဒဂုံမြို့နယ်ထဲမှာ တုတ်ထိုးဆိုင်လုပ်ငန်းကိုပဲ လုပ်ကိုင် ကြတာကြောင့် တုတ်ထိုးမျိုးရိုးလို့ဆိုနိုင်တယ်လို့ မမိုးကဂုဏ်ယူစွာပြောပြပါတယ်။
“ဒီလုပ်ငန်းကအမတို့အတွက်မခက်ခဲဘူးလို့ပြောလို့ရတယ်။အပျိုဘဝတည်းကဒီပညာကတတ်ခဲ့တာပေါ့။ မိဘကလည်းလက်ဆင့်ကမ်းသင်ပေးတယ်။တုတ်ထိုးကအမအဒေါ်ကနေစခဲ့တာပေါ့။ တဆွေလုံး တမျိုးလုံးကဒီလုပ်ငန်းပဲလုပ်ကြတာ။မြောက်ဒဂုံမှာ ဝက်သားတုတ်ထိုး၊ကြက်သားတုတ်ထိုးဆို အမတို့အမျိုးတွေချည်းပဲလုပ်ကြတာလက်ညိုးထိုးမလွဲဘူး ၊တုတ်ထိုးမျိုးရိုးလို့ပြောလို့ရတယ်။အဓိကက အချဥ်ရည်ကိုအမတို့က ကောင်းကောင်းလုပ်တတ်တယ်။အချဥ်ရည်ကောင်းမှလဲတုတ်ထိုးကစားကောင်းတာ”လို့ မမိုးကပြောပါတယ်။
ဝါသနာနဲ့လေ့လာမှုတွေကြောင့် ကောင်းသထက်ကောင်းလာတဲ့လက်ရာ
မိဘလုပ်ငန်းကိုဆက်ခံတာအပြင် ကိုယ်တိုင်ကလည်းဒီလုပ်ငန်းကိုဝါသနာပါတဲ့အတွက် အမြဲလေ့လာနေပြီး စားသုံးသူတွေ နှစ်သက်မယ့်အရသာတွေကို ဆန်းသစ်တီထွင်တာတွေလည်းလုပ်တယ်လို့မမိုးကပြောပါတယ်။ တုတ်ထိုးဆိုင် စထွက်စဥ်ကခုနှစ်သောင်းဖိုးသာ ရောင်းခဲ့ရတဲ့ဆိုင်လေးဟာလက်ရှိမှာတော့ တစ်ရက်ကို လေးသိန်းဖိုးလောက် ရောင်းရတဲ့အထိရောင်းအားကောင်းတဲ့ဆိုင်လေးဖြစ်လာပါတယ်။ ဆိုင်သက်တမ်း(၂)နှစ်ကျော်သာရှိသေးပေမယ့် ကောင်းမွန်တဲ့အရသာ၊ သန့်ရှင်းသပ်ရပ်မှုနဲ့ သင့်တင့်တဲ့စျေးနှုန်း တွေကြောင့် စားသုံးသူတွေရဲ့လက်ခံအားပေးမှုကိုရရှိနေတဲ့တုတ်ထိုးဆိုင်လေးဖြစ်ပါတယ်။
“ဒီအလုပ်ကအမကိုယ်တိုင်လည်းဝါသနာပါတော့ လုပ်ငန်းနဲ့ပတ်သက်တာအမြဲလေ့လာတယ်။ဘယ်လိုအရသာ အသစ်၊အမယ်အသစ်လေးတွေထပ်ထည့်ရင် စားသုံးသူတွေပိုစားကောင်းမလဲဆိုတဲ့ စေတနာအရင်းခံတဲ့စိတ်နဲ့ ရောင်းတယ်။ မိဘတွေကလဲအကြံဉာဏ်အမြဲပေးတယ်။ အချဥ်ရည်ဆိုလည်း ဗိုက်မနာအောင် သန့်သန့်ရှင်းရှင်းနဲ့ သေချာလေးလုပ်တယ်။တစ်ရက်စာတစ်ရက်ပဲလုပ်ပြီး ရောင်းတယ်။ အဲ့တော့တစ်ခါစားဖူးရင် အမဆိုင်ကို ထပ်လာကြတယ်။ရောင်းအားလည်းသိသိသာသာတက်လာတယ်”လို့ မမိုးကပြောပါတယ်။
သန့်ရှင်းမှုကအဓိက
ဒီလိုရောင်းအားမြင့်တက်လာတဲ့အထိစားသုံးသူတွေနှစ်သက်အားပေးကျတဲ့အချက်ထဲမှာ သန့်ရှင်းမှု ကလည်းအဓိကပါ၀င်ပါတယ်။မမိုးတုတ်ထိုးဆိုင်မှာရောင်းချတဲ့ ဝက်သား၊ကြက်သားကုန်ကြမ်းတွေကို မချက်ပြုတ်ခင် အနံအသက်ကင်းစင်အောင် အချိန်ပေးပြီးသေချာသန့်စင်တယ်လို့ဆိုပါတယ်။ဒါ့ကြောင့် ကြက်အူလို အချိန်ပေးသန့်စင်ရတဲ့ အမယ်တွေကအစ ညှီနံ့ကင်းစင်ပြီး စားကောင်းလှပါတယ်။
“တုတ်ထိုးရဲ့အသက်က အသားညီနံ့မရှိမှစားကောင်းတာ။ကြက်သားပဲဖြစ်ဖြစ်ဝက်သားပဲဖြစ်ဖြစ် ညီနံ့မရှိမှစား ကောင်းတာမို့ ဆေးကြောသန့်စင်တဲ့အပိုင်းကို အမကိုယ်တိုင်သေချာလုပ်တယ်။အမဆိုင်မှာရောင်းတဲ့ကြက်အူဆို စျေးကပြုတ်ပြီးသားတွေကိုလုပ်တာမျိုးမဟုတ်ဘူး။အစိမ်းကို ကိုယ်တိုင်သေချာဆေးကြောသန့်စင်ပြီးမှ အိမ်မှာစားတဲ့အတိုင်းလုပ်တာ အဲ့တော့စားတဲ့အခါအရသာကိုစားသုံးသူကသိတယ်။ကြိုက်ကြတယ်။ အမဆိုင်လေးမှာလာစားတဲ့သူတိုင်း ကိုယ်အိမ်မှာလိုသန့်သန့်ရှင်းရှင်းနဲ့စားရတဲ့ ခံစားချက်မျိုးလေးရအောင် ဂရုစိုက်လုပ်ထားပါတယ်။”လို့ မမိုးကပြောပါတယ်။
မမိုးတုတ်ထိုးဆိုင်လေးရဲ့လိပ်စာနဲ့စျေးနှုန်းလေးက
မမိုးလှည်းကလေးဝက်သားတုတ်ထိုးဆိုင်မှာတော့ ဝက်သားနဲ့ပတ်သက်ရင်တုတ်ထိုးအပြင် ဝက်ခြေထောက် စွပ်ပြုပ် ၊ ဝက်ခေါင်းသုပ် ၊ ဝက်သားသုပ် ၊ ဝက်ကြွပ်ကြော် ရနိုင်ပြီး ကြက်သားတုတ်ထိုးဆိုင်ရင်တော့ ကြက်မဲ၊ကြက်ကျောလုံးတို့ပါရရှိနိုင်ပါတယ်။စျေးနှုန်းတွေကတော့ ဝက်သားတုတ်ထိုး တစ်ချောင်း၃၀၀ ၊၂၀၀ဖြစ်ပြီး ကျပ်သားတုတ်ထိုးကကြိုက်တာစား ၁၀၀ကျပ်ဖြစ်ပါတယ်။ဆိုင်လိပ်စာက မြောက်ဒဂုံမြို့နယ် ၃၄ရပ်ကွက် သင်း၀င်လမ်းမပေါ်မှာဖြစ်ပြီး နေ့လည်(၁)နာရီကနေည(၇)နာရီအထိဆိုင်ဖွင့်ပါတယ်။ တုတ်ထိုးကြိုက်သူတွေအတွက် စိတ်ကျေနပ်စေမယ့်ဆိုင်လေးမို့ ညွှန်းဆိုပေးလိုက်ပါတယ်။