အချိန်အကြာဆုံး တစိတ်တပိုင်း လကြတ်မှုဖြစ်စဥ်ကို ကမ္ဘာ့နေရာအများအပြားကနေ မြင်တွေ့ရနိုင်ပါတယ်

နှစ်ပေါင်း ၅၀၀ ကျော်အတွင်း အချိန်အကြာဆုံး တစိတ်တပိုင်း လကြတ်မှုဖြစ်စဥ်ကို ကမ္ဘာ့နေရာအများအပြားကနေ နိုဝင်ဘာ ၁၉ ရက်မှာ မြင်တွေ့ရနိုင်ကြောင်း အမေရိကန် အာကာသအေဂျင်စီ NASA က ပြောထားပါတယ်။

(Image: NASA/Fred Espenak/Guiseppe Donatiello/Scott Sutherland)

နိုဝင်ဘာ ၁၉ ရက်နေ့မှာ လ၊ ကမ္ဘာနဲ့ နေတို့ဟာ တတန်းတည်းနီးပါး ကျရောက်ပြီး လအပြည့်နီးပါးကြတ်တဲ့ဖြစ်စဥ်ကို မြင်တွေ့နိုင်မယ်လို့ NASA က ဆိုပါတယ်။ ထိုလကြတ်မှုဟာ အစအဆုံး ၃ နာရီ ၂၈ မိနစ် ၂၃ စက္ကန့် ကြာမြင့်မှာဖြစ်ပြီး နှစ်ပေါင်း ၅၈၀ အတွင်း အချိန်အကြာဆုံး တစိတ်တပိုင်း လကြတ်မှုဖြစ်စဥ်လည်း ဖြစ်လာမယ်လို့ သိရပါတယ်။

ယခင်က အချိန်အကြာဆုံး တစိတ်တပိုင်း လကြတ်မှုဖြစ်စဥ်ဟာ ၂၀၁၈ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့ဖူးပြီး ၂ နာရီနီးပါး ကြာမြင့်ခဲ့ပါတယ်။ လကြတ်မှုဖြစ်စဥ် အစအဆုံးကတော့ ၆ နာရီ၊ ၁ မိနစ် ကြာမြင့်မှာဖြစ်ပါတယ်။ နိုဝင်ဘာ ၁၉ ရက် လကြတ်မှုဖြစ်စဥ် အမြင့်ဆုံးအချိန်မှာ လရဲ့ ၉၇ ရာခိုင်နှုန်းကို ကမ္ဘာရဲ့အရိပ်က ဖုံးလွှမ်းနေလိမ့်မယ် ဆိုပါတယ်။

(Image: NASA's Scientific Visualization Studio)

လကြတ်မှုဖြစ်နေစဥ် လရဲ့အရောင်ကို နီညိုရောင်အဖြစ် မြင်တွေ့ရလိမ့်မယ်လို့ NASA က ပြောပါတယ်။ ရာစုနှစ်များအတွင်း အချိန်အကြာဆုံး လကြတ်မှုကို ဥရောပ နေရာအတော်များများ၊ အာရှ နေရာအတော်များများ၊ ဩစတြေးလျ၊ မြောက်နဲ့ အနောက် အာဖရိက၊ မြောက်အမေရိက၊ တောင်အမေရိက၊ ပစိဖတ်သမုဒ္ဒရာ၊ အတ္တလန်တိတ်သမုဒ္ဒရာ၊ အိန္ဒိယသမုဒ္ဒရာ၊ အာတိတ်ဒေသတို့မှာ မြင်တွေ့ရမယ်လို့ ဆိုပါတယ်။

နိုဝင်ဘာ ၁၉ ရက် လကြတ်မှုကို မြန်မာနိုင်ငံမှာလည်း မြင်တွေ့ရနိုင်ကြောင်း vercalendario.info ဝက်ဘ်ဆိုက်က ဖော်ပြထားတာ တွေ့ရပါတယ်။ ရန်ကုန်နဲ့ မန္တလေးမှာ လကြတ်မှုဖြစ်စဥ် မြင်တွေ့ရနိုင်မှုကိုတော့ Date and Time ဝက်ဘ်ဆိုက်မှာ ကြည့်ရှုနိုင်ပါတယ်။ နောက်တစ်ကြိမ် လကြတ်မှုဖြစ်စဥ်ဟာ ၂၀၂၂ ခုနှစ် မေလအထိ ဖြစ်ပေါ်မှာမဟုတ်ကြောင်း သိရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က