ထမင်းဆိုင်လေးစဖွင့်စဥ်ကလက်ရာနဲ့ စေတနာအတိုင်း အခုထိရောင်းချနေဆဲဆိုင်လေးဖြစ်ပါတယ်။

နှစ်ပေါင်း(၇၀)ကျော် လက်ရာမလျော့၊ နေရာမပြောင်းဘဲ အခုထိလူကြိုက်များနေဆဲ ထမင်းဆိုင်လေးတစ်ဆိုင် ကတော့ ရန်ကုန်မြို့ဘိုကလေးစျေးလမ်းထဲမှာရှိပါတယ်။ ဒီဆိုင်လေးအကြောင်း Duwun ပရိတ်သက်တွေကို ပြောပြချင်ပါတယ်။



စိန်ရတုတိုင်ခဲ့ပြီဖြစ်တဲ့ ထမင်းဆိုင်

စိန်ရတုတိုင်ခဲ့ပြီဖြစ်တဲ့ ဒီထမင်းဆိုင်လေးကတော့ အမဲသားကိုအထူးပြုရောင်းတဲ့ အန်ဒါးဝါးလား ထမင်းဆိုင်လေးပဲဖြစ်ပါတယ်။မျိုးဆက်တွေပြောင်းသွားပေမယ့် နေရာဟောင်းလေးမှာ လက်ရာမပြောင်းဘဲ ရောင်းကောင်းနေဆဲ ထမင်းဆိုင်လေးပါ။ ဆိုင်ရဲ့မူလပဲ့ကိုင်ရှင်အဖိုးဦးသိန်းမြင့်က ဒီဆိုင်လေးကို ဘိုကလေးစျေး လမ်းထဲမှာ လွန်ခဲ့တဲ့နှစ်(၇၀)ကျော်ကစတင်ဖွင့်လှစ်ခဲ့တာပါ။ ဘဲဥကုန်သည်တစ်ဦးမို့ အပေါင်းအသင်းမိတ်ဆွေ တွေက ဘဲဥသူဌေးလို့ အဓိပ္ပါယ်ရတဲ့အန်ဒါးဝါးလားဆိုပြီး ကျီစယ်ခေါ်ခဲ့တဲ့နာမည်လေးကို အစွဲပြုကာ ထမင်းဆိုင်ကို အန်ဒါးဝါးလားလို့ နာမည်ပေးခဲ့တာလို့သိရပါတယ်။ ထမင်းဆိုင်လေးစဖွင့်စဥ်ကလက်ရာနဲ့ စေတနာအတိုင်း အခုထိရောင်းချနေဆဲဆိုင်လေးဖြစ်ပါတယ်။ “ ဒီဆိုင်လေးကတော့ ကျွန်တော်အဖေက စခဲ့တာပေါ့။ ထမင်းနဲ့အသားဟင်းတစ်ပွဲ ပြား၅၀၊၆၀ခေတ်ထဲက ရောင်းခဲ့တာ။ အဖေကဟင်းချက် ဝါသနာပါသလို ဟင်းချက်လက်ရာလည်း ကောင်းတယ်။အဖေက ကြက်ဥ၊ဘဲဥဒိုင်လုပ်တာ အဲ့ဒါကြောင့် သူ့သူငယ်ချင်းတွေက ကျွန်တော်တို့စကားနဲ့ အန်ဒါးဝါးလား(ကြက်ဥ၊ဘဲဥသူဌေး)ဆိုပြီးခေါ်ကြတာ အဲ့နာမည်လေးနဲ့ပဲအဖေက ထမင်းဆိုင်ဖွင့်ခဲ့တာပါ။ အဖေက ဒီဆိုင်လေးကို စဖွင့်ကတည်းက အများစားနိုင်အောင်လူတန်းစားမရွေးစားနိုင်အောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့ဖွင့်ခဲ့တာ အဖေရဲ့စံနှုန်းတွေအတိုင်းပဲ အဖေမရှိတော့တဲ့နောက်မှာလည်း ကျွန်တော်ကဆက်လက်ထိန်းသိမ်းလုပ်ကိုင်နေတာပါ”လို့ အန်ဒါးဝါးလားထမင်းဆိုင်ရှင် ဦးမောင်မောင်ကပြောပါတယ်။

ဖခင်ရဲ့ဟင်းချက်လက်ရာအမွေအပြည့်ရခဲ့သူ

အခုတော့ဒီဆိုင်လေးကို အဖိုးဦးသိန်းမြင့်ရဲ့သား ဦးမောင်မောင်ကဆက်လက်ဦးစီးလုပ်ကိုင်နေပါတယ်။ အသက်(၁၃)နှစ်သားထဲက ဖခင်ဖြစ်သူနဲ့အတူ ထမင်းဆိုင်အလုပ်ကို ကူညီလုပ်ကိုင်ခဲ့သူပါ။ဖခင်ရဲ့ ဟင်းချက်လက်ရာအမွေကို အပြည့်အဝရခဲ့သူဖြစ်တာကြောင့် အခုချိန်ထိ အန်ဒါးဝါးလားဆိုင်လေးရဲ့ လက်ရာကို စားသုံးသူတွေက နှစ်ခြိုက်စွာ လက်ခံအားပေးနေဆဲဖြစ်ပါတယ်။ “ကျွန်တော်က အဖေနဲ့ဒီလုပ်ငန်းကို ငယ်ငယ်ထဲက လုပ်ခဲ့တာဆိုတော့ အဖေရဲ့ နည်းစနစ်အကုန်လုံးကို ကျွန်တော်ကရတယ်။ အဖေကလည်းဆိုင်လုပ်ငန်းကို ကျွန်တော်နဲ့ဆိုစိတ်ချတယ်။ အဖေဟင်းချက်တဲ့အခါ ပြင်ဆင်ချက်ပြုတ်ပုံတွေအားလုံးကို ကျွန်တော်က အနီးကပ်လုပ်ရင်းသင်ယူခဲ့ရတာပေါ့။ အဖေက ကျွန်တော်အတွက်တော့ တန်ဖိုးဖြတ်မရတဲ့အဖေပါ။ ဒါ့ကြောင့်လည်း အဖေမရှိတော့တဲ့အချိန်မှာ အဖေ့ပေးခဲ့တဲ့အမွေကို ပိုပြီးတိုးတတ်ကြီးပွားတည်တံ့အောင်ကြိုးစားတယ်။”လို့ ဦးမောင်မောင်ကပြောပါတယ်။

မျိုးရိုးစဉ်ဆက်တည်တံ့နိုင်ဖို့ကြိုးစား

ဖခင်ဖြစ်သူက အန်ဒါးဝါးလား ထမင်းဆိုင်ကိုသူဆီလက်ဆင့်ကမ်းခဲ့သလို ဦးမောင်မောင်ကလည်း သူရဲ့သားတွေကို လက်ဆင့်ကမ်းနိုင်ဖို့ သင်ကြားပေးနေပါတယ်။မိသားစုအမွေအနှစ်လုပ်ငန်းမို့ အန်ဒါးဝါးလား ထမင်းဆိုင်ကို မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ဆက်လက်တည်တံ့အောင်လုပ်ဆောင်သွားမယ်လို့ သူကဆိုပါတယ်။ “အခုကျွန်တော်သားသုံးယောက်ကိုလည်း ဒီအမွေကို လက်ဆင့်ကမ်းနိုင်ဖို့ ဆိုင်မှာ အောက်ခြေကစပြီး အကုန်လုံးလုပ်တတ်အောင်သင်ပေးထားတယ်။သားတွေကလည်း စိတ်၀င်စားတော့ကြိုးစားကြတယ်။ကျွ န်တော်အလှည့်မှာ ဆိုင်ကသက်တမ်း၇၅နှစ်ရှိပြီ ကျွန်တော်သားတွေက ဆက်ထိန်းသိမ်းလုပ်ကိုင်ပြီး ဒီလုပ်ငန်းကို နှစ်ပေါင်းရာချီတည်တံ့စေချင်တယ်။ အဖေကကျွန်တော်တို့မောင်နှမ၁၀ယောက်ကို ဒီလုပ်ငန်းနဲ့ပဲ ရပ်တည်လုပ်ကျွေးခဲ့တာ ကျွန်တော်ကလည်း ကျွန်တော်မိသားစုနဲ့အခုအမေရှိသေးတယ် ဒီလုပ်ငန်းနဲ့ပဲ ရပ်တည်လုပ်ကြွေးနေဆဲမို့ ကျွန်တော်တို့မိသားစုအတွက် ဒီလုပ်ငန်းက အဓိပ္ပါယ်တွေပြည့်စုံတဲ့ လုပ်ငန်းလို့ဆိုနိုင်တယ်။”လို့ ဦးမောင်မောင်က ပြောပါတယ်။

မိသားစုဆန်တဲ့ထမင်းဆိုင်

ဆိုင်ရှင်မျိုးဆက်တွေလက်ဆင့်ကမ်းပြောင်းလဲလာသလို ဆိုင်ရဲ့စားသုံးသူဖောက်သည်တွေရဲ့ မျိုးဆက်တွေ ကလည်း ဒီဆိုင်လေးကိုဆက်လက်အားပေးနေကြဆဲဖြစ်တာကြောင့် မိသားစုဆန်တဲ့ထမင်းဆိုင်လေးဖြစ်ပါ တယ်။ဆိုင်ရှင်နဲ့စားသုံးသူကြားနွေးထွေးရင်းနှီးတဲ့မြင်ကွင်းက ဖခင်ရှိစဥ်ထဲကလို့ ကိုမောင်မောင်က ဂုဏ်ယူစွာနဲ့ပြောပြပါတယ်။ “ကျွန်တော်တို့ဆိုင်ရဲ့ဖောက်သည်တွေက မူဆလင်တွေတင်မဟုတ်ဘူး လူမျိုးဘာသာမရွေးအားပေးကြတယ်။ အဲ့အတွက် ကျွန်တော်တော်တော်ကျေနပ်တယ်။ ဆိုင်ရဲ့ဖောက်သည်တွေထဲမှာ လူမျိုးဘာသာ၊ လူတန်းစား အစုံပါတယ်။အားလုံးနဲ့လည်းရင်းနှီးတယ် ဆိုင်ကိုလာရင်မိသားစု၀င်တွေလိုပဲ။မျိုးဆက်၃ဆက်လောက်အထိ လက်ဆင့်ကမ်းအားပေးတဲ့ ဖောက်သည်တွေလဲရှိတယ်။”လို့ ဦးမောင်မောင်က ဖောက်သည်တွေနဲ့ နွေးထွေးတဲ့ဆက်ဆံရေးကို ဂုဏ်ယူစွာပြောပြပါတယ်။

တစ်ရက်အမဲသားအချိန်(၅၀)ကျော်ကုန်တဲ့ဆိုင်

အန်ဒါးဝါးလားထမင်းဆိုင်လေးမှာတော့ အမဲသားအစိတ်အပိုင်း ဟင်းအမယ်အမျိုးအစားအစုံအလင် ရရှိနိုင်ပါတယ်။ဟင်းအတွက်လိုအပ်တဲ့ ဟင်းခတ်အမွှေးအကြိုင်၊ငရုပ်သီးအားလုံးကို အသင့်လုပ်ပြီးသားတွေ မသုံးပဲ ကိုယ်တိုင်သာပြုလုပ်သုံးစွဲတာဖြစ်ပါတယ်။အသားရဲ့လက်ဆက်မှု၊ဟင်းခတ်အမွှေးအကြိုင်တွေရဲ့ အချိုးစားညီညွတ်မှု၊ချက်ပြုတ်သူရဲ့ ကျွမ်းကျင်မှုတွေ ပေါင်းစပ်ပြီး မီးအချိန်အဆမှန်မှန်နဲ့ချက်ပြုတ်ထားတဲ့ အန်ဒါးဝါးလားထမင်းဆိုင်ရဲ့ အမဲသား၊ဆိတ်သားဟင်းလျာတွေရဲ့ နှုးညံ့မှုအရသာက သူမတူအောင်ကောင်းမွန် လှပါတယ်။တစ်ရက်ကို အမဲသားအချိန်၅၀ကျော်ကုန်တဲ့အထိ ဖောက်သည်အခိုင်အမာနဲ့ ယနေ့တိုင်ရပ်တည်နေတဲ့ ထမင်းဆိုင်ပါ။

ဆိုင်မှာရနိုင်တဲ့ဟင်းလျာတွေနဲ့စျေးနှုန်း

အန်ဒါးဝါးလားထမင်းဆိုင်ရဲ့ နာမည်အကြီးဆုံးကတော့ အမဲနှပ်ဖြစ်ပါတယ်။အမဲကြော်မွမွလေးကလည်း လူကြိုက်များလှတဲ့ဟင်းအမယ်ပါ။အမဲအဆီအသား၊အမဲအကျောအသား၊နို့အုံသား၊ထိပ်ဖူးသား၊အမဲခြေထောက်စွတ်ပြုတ်၊နွားမြီး၊အမဲကလီစာ၊အူကြမ်း၊ဦးနှောက်စသဖြင့် အစုံအလင်ကို အရသာအမျိုးစုံစွာရရှိနိုင်ပါတယ်။ ဒါ့အပြင် ၃၀သားကနေ တစ်ပိသာ အရွယ်ရှိတဲ့ အမဲနံကပ်ပေါင်းနဲ့အမဲကြွက်လုံးပေါင်းတို့ကလည်း ဒီဆိုင်မှာသာရနိုင်တဲ့ ဟင်းအမယ်ဖြစ်ပြီးစားသုံးသူတွေ နှစ်သက်တဲ့လက်ရာဖြစ်ပါတယ်။ အမဲအသားဟင်း တစ်ပွဲနဲ့ ထမင်းတစ်ခါပြင် ၄၀၀၀ကျပ်ဖြစ်ပါတယ်။ အမဲပေါင်းကတော့ အရွယ်အစားလိုက်စျေးနှုန်းလေး တွေရှိပြီး ဆိုင်မှာရဲ့ဖုန်း 09516 6467ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။ ဆိုင်လိပ်စာလမ်းညွှန်လေးက ဆိုင်ဖွင့်ချိန်ကတော့ မနက်၉နာရီကနေည၈နာရီအထိဖြစ်ပါတယ်။ဆိုင်လိပ်စာက အမှတ်၃၇ ၊ဗိုလ်ကလေးစျေးလမ်း၊ဗိုလ်တစ်ထောင်မြို့နယ်၊ရန်ကုန်မြို့ဖြစ်ပါတယ်။နှစ်၇၀တိုင်တိုင် မပြောင်းလဲတဲ့လက်ရာနဲ့ လူကြိုက်များနေဆဲ အန်ဒါးဝါးလားထမင်းဆိုင်လေးရဲ့ လက်ရာကို မြည်းစမ်းနိုင်ဖို့ ညွှန်းဆိုပေးလိုက်ပါတယ်။

Share

Loading Next Article...
က္က