မနေ့ညက ကစားခဲ့တဲ့ ဆော်ဒီပွဲမှာ အယ်လ်နာဆာက အယ်လ်တာဝါကို နှစ်ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ပြီး ဆော်ဒီလိဂ်ပွဲမှာ နှစ်ပွဲဆက်အရှုံးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒီပွဲမှာ အယ်လ်နာဆာတို့ ၀-၂ ဂိုးဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့တာပါ။
ဒါဟာ သူတို့အတွက်တော့ စိတ်ပျက်စရာ ရလဒ်ဖြစ်ခဲ့ပြီး အာရပ်ကလပ်ချန်ပီယံရှစ်မှာ ဗိုလ်စွဲခဲ့ပြီးနောက် နှစ်ပွဲဆက်အရှုံးနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ ဒီပွဲမှာလည်း ရော်နယ်ဒို၊ မာနေးတို့ အသင်းအတွက် ဘာမှမလုပ်ပေးနိုင်ခဲ့ဘဲ တစ်ဖက်အသင်းက ကစားသမား (၇) ယောက်ပေါင်းမှ ပေါင် (၁) သန်းကျော်တန်ကြေးရှိတဲ့ အသင်းကို အရေးနိမ့်ခဲ့တာပါ။
အယ်လ်နာဆာဘက်မှာ ရော်နယ်ဒို၊ မာနေး၊ တာလစ်စကာ၊ ဘရိုဇိုဗစ်တို့လို ကစားသမားတွေ လူစုံတက်စုံ ပါဝင်ခဲ့ပေမယ့် မိနစ် (၂၀) မှာတင် ပြိုင်ဘက်ကို ထောင့်ကန်ဘောကတစ်ဆင့် ဦးဆောင်ဂိုးပေးခဲ့ရပါတယ်။ အယ်လ်တာဝါဟာ ဒီပွဲမှာ နောက်ခံလူ (၅) ယောက်အထိ ထည့်သွင်းအသုံးပြုခဲ့ပြီး ရော်နယ်ဒို ဦးဆောင်လာတဲ့ တိုက်စစ်ကို ပွဲချိန်ပြည့် ထိန်းချုပ်ခဲ့ပါတယ်။
ပွဲကစားချိန် မိနစ် (၉၀) ရဲ့ နာကျင်အချိန်ပိုမှာတော့ အယ်လ်တာဝါအတွက် ပွဲသိမ်းဂိုးရရှိခဲ့ပြီး အယ်လ်နာဆာတို့ နှစ်ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ရတာပါ။ အယ်လ်နာဆာဟာ ပြီးခဲ့တဲ့အပတ်ကလည်း ဂျရတ်ကိုင်တွယ်နေတဲ့ အယ်လ်အီတီဖတ်ကိုလည်း ၂-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့ပါတယ်။
အဲ့ဒါကြောင့်လည်း အယ်လ်နာဆာတို့ ဒီရာသီ ဆော်ဒီလိဂ်မှာ တစ်ပွဲမှ မနိုင်သေးဘဲ နှစ်ပွဲကစား၊ နှစ်ပွဲလုံး အရေးနိမ့်ခဲ့ပါတယ်။ အယ်လ်နာဆာဟာ ပြီးခဲ့တဲ့ရာသီကလည်း ဆော်ဒီပရိုလိဂ်မှာ ချန်ပီယံဖြစ်ဖို့ ကြိုးစားခဲ့ပေမယ့် အယ်လ်ဟီလယ်ကို မကျော်နိုင်ခဲ့ဘဲ ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရပါတယ်။