ဘာမင်ဂမ်နည်းပြသစ် ရွန်းနီဟာ ဟူးလ်စီးတီးကို ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ ကိုယ့်ပရိသတ်တွေရဲ့ ပြစ်တင် ဆဲဆိုခြင်းကို ခံခဲ့ရကြောင်း သိရှိရပါတယ်။ ရွန်းနီဟာ ဘာမင်ဂမ်ကို စတင်ကိုင်တွယ်တာ ရက်ပိုင်းသာ ကြာမြင့်ပါသေးတယ်။

ရွန်းနီအနေနဲ့ ဘာမင်ဂမ်နည်းပြအဖြစ် မစ်ဒယ်ဘရော့၊ ဟူးလ်စီးတီးနဲ့ပွဲတွေကို စတင်ကိုင်တွယ်ခဲ့ပြီး ဒီနှစ်ပွဲစလုံးမှာ ဘာမင်ဂမ်တို့ အရေးနိမ့်ခဲ့ပါတယ်။ ဒါ့အပြင် တိုက်စစ်ပိုင်းကလည်း ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိဘဲ နည်းပြသစ်လက်ထက်မှာပါ​ ဘာမင်ဂမ်တို့ ရလဒ်ပိုင်းတွေ ဆက်လက် ဆိုးရွားနေခဲ့တာပါ။
အဲ့ဒါကြောင့် ဟူးလ်စီးတီးကို အိမ်ကွင်းမှာ အရေးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ ဘာမင်ဂမ် ပရိသတ်တွေက သူတို့ရဲ့ ကစားသမားတွေကို ပြန်လည်လှောင်ပြောင်ခဲ့ကြပါတယ်။ ဒါ့အပြင် နည်းပြ ရွန်းနီတစ်ယောက်လည်း ပရိသတ်တွေရဲ့ ဒေါသစက်ကွင်းကနေ မလွတ်မြောက်နိုင်ခဲ့ပါဘူး။​
ရွန်းနီ ကွင်းထဲက ထွက်လာချိန်မှာ ဘာမင်ဂမ်ပရိသတ်တွေက “သောက်တလွဲကောင် အမေရိကကိုသာ ပြန်လိုက်တော့ကွာ” လို့ ဆဲဆို အော်ဟစ်ခဲ့ကြပါတယ်။ ရွန်းနီမကိုင်တွယ်ခင်မှာ ဘာမင်ဂမ်က အဆင့် (၆) နေရာမှာ ရပ်တည်နေခဲ့ပေမယ့် အခုချိန်မှာတော့ အသင်းက အဆင့် (၁၂) နေရာကို ရောက်သွားခဲ့ပါပြီ။
ရွန်းနီဟာ နည်းပြဘဝမှာ အမြဲတမ်း ရုန်းကန်နေရပြီး ဘဏ္ဍာရေးပြဿနာတွေတက်ခဲ့တဲ့ ဒါဘီကို လိဂ်ချန်ပီယံရှစ်ကနေ တန်းမဆင်းရအောင် ကယ်တင်နိုင်ခြင်းမရှိခဲ့ပါဘူး။ ဒါ့အပြင် မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်ကို ကိုင်တွယ်ချိန်မှာလည်း (၅၃) ပွဲမှာ နိုင်ပွဲ (၁၄) ပွဲသာ ရှိခဲ့ပြီး ရှုံးပွဲ (၂၆) ပွဲအထိ ရှုံးနိမ့်ခဲ့ပါတယ်။

Share

Loading Next Article...
က္က