ကန်ဆယ်လိုကတော့ ဆုတံဆိပ်နှစ်ခု ရရှိတော့မှာပါ။

မန်စီးတီးကနေ ဘိုင်ယန်မြူးနစ်ကို အငှားနဲ့ သွားရောက်ကစားနေခဲ့တဲ့ ကန်ဆယ်လိုဟာ မနေ့ညက ဘွန်ဒက်စ်လီဂါရာသီပိတ်ပွဲအပြီးမှာ ဘိုင်ယန်မြူးနစ်နဲ့အတူ ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့ပါတယ်။ ဒီကစားသမားဟာ ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့ကမှ မြူးနစ်ကို (၆) လ အငှားစာချုပ်နဲ့ ရောက်လာခဲ့တာပါ။



ကန်ဆယ်လိုအနေနဲ့ မန်စီးတီးမှာ ပုံမှန်ပွဲထွက်ခွင့်မရရှိတာကြောင့် နည်းပြဂွါဒီယိုလာနဲ့ စကားများခဲ့တယ်လို့ သိရှိရပါတယ်။ အဲ့ဒီနောက်မှာတော့ ဂွါဒီယိုလာနဲ့ အသင်းဘက်က ချက်ချင်းဆိုသလိုပဲ ဒီကစားသမားကို အသင်းကနေ ရှင်းထုတ်ဖို့ ပြင်ဆင်ခဲ့ပြီး ဘိုင်ယန်မြူးနစ်ကို အပြီးသတ်ခေါ်ယူခွင့်ပါတဲ့ စာချုပ်တစ်ရပ်နဲ့ အငှားချခဲ့တာဖြစ်ပါတယ်။

အဆိုပါ ပေါ်တူဂီလူမျိုး ညာနောက်ခံလူဟာ ဘိုင်ယန်မြူးနစ်မှာလည်း ပုံမှန်ပွဲထွက်ခွင့်မရရှိဘဲ နည်းစနစ်ပိုင်း အကြောင်းပြချက်တွေနဲ့ အသင်းလူစာရင်းကနေ ချန်လှပ်ခံခဲ့ရပါတယ်။ အဲ့ဒါကြောင့် ကစားသမားကိုယ်တိုင်က မပျော်မရွှင်ဖြစ်နေသလို ဘိုင်ယန်မြူးနစ်ဘက်ကလည်း သူ့အတွက် ပြောင်းရွှေ့ကြေး ပေါင် (၇၂) သန်းကို ပေးချေပြီး အပြီးသတ် ခေါ်ယူဖို့ ဆန္ဒမရှိဘူးလို့ သိရှိရပါတယ်။

ဒီလိုမျိုး အဆင်မပြေမှုတွေရှိနေပေမယ့် ကန်ဆယ်လိုရဲ့ ကစားသမားဘဝကတော့ ဒီရာသီမှာ ကျေနပ်စရာဖြစ်ခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်နဲ့အတူ ဘွန်ဒက်စ်လီဂါမှာ ချန်ပီယံဖြစ်ခဲ့သလို ပထမရာသီဝက်မှာ ကစားခဲ့တဲ့ မိခင်ကလပ် မန်စီးတီးကလည်း ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့တာကြောင့် သူ့အနေနဲ့ ဒီရာသီမှာ ချန်ပီယံဆုတံဆိပ်နှစ်ခုလုံးကို ဆွတ်ခူးနိုင်ဖို့ ရှိနေပါတယ်။

လက်ရှိအချိန်အထိလည်း ကန်ဆယ်လိုရဲ့အနာဂတ်က မ‌ရေရာသေးဘဲ မန်စီးတီးကတော့ ဒီကစားသမားကို ရောင်းချနိုင်ဖို့ ပြောင်းရွှေ့ကြေး လျှော့ချပေးသွားဖို့ ပြင်ဆင်ထားပါတယ်။ သူ့ကို ခေါ်ယူဖို့အတွက် ဘာစီလိုနာကလည်း စိတ်ဝင်စားနေကြောင်း သတင်းထွက်နေပြီး ဘိုင်ယန်မြူးနစ်ကလည်း စျေးသက်သက်သာသာနဲ့ ရနိုင်မယ်ဆိုရင် ကန်ဆယ်လိုကို အပြီးသတ် ခေါ်ယူမလား စောင့်ကြည့်ရမှာပါ။ 

Share

Loading Next Article...
က္က