လီယွန်နယ် မက်ဆီဟာ အာဂျင်တီးနားအသင်းနဲ့အတူ ကမ္ဘာ့ဖလားအောင်ပွဲရရှိခဲ့ပြီးနောက် နှစ်သစ်ကူးပြီးမှ ပီအက်စ်ဂျီကို ပြန်သွားမယ်လို့ သိရပါတယ်။
မက်ဆီဟာ ယခုရာသီမှာ ပီအက်စ်ဂျီအသင်းအတွက် သူရဲကောင်းဆန်တဲ့ ခြေစွမ်းပြသခဲ့ပြီးနောက်ပိုင်း ကာတာက ကမ္ဘာ့ဖလားပြိုင်ပွဲကို ကောင်းမွန်တဲ့ခြေစွမ်းနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ လီယွန်နယ် မက်ဆီဟာ လက်ရွေးစင်အသင်းနဲ့ မပူးပေါင်းမီ ပီအက်စ်ဂျီအတွက် ပြိုင်ပွဲစုံမှာ သွင်းဂိုး ၁၂ ဂိုး သွင်းယူပေးခဲ့တာဖြစ်ပြီး ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း သွင်းဂိုး ၇ ဂိုးနဲ့အတူ ပြိုင်ပွဲရဲ့အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့တာဖြစ်ပါတယ်။
အသက် ၃၅ နှစ်အရွယ် တိုက်စစ်မှူးဟာ ကမ္ဘာ့ဖလားအောင်မြင်မှုကို အောင်ပွဲခံနေတာကြောင့် အာဂျင်တီးနားမှာပဲရှိနေသေးပြီး ခရစ္စတိုဖီ ဂဲလ်တီယာအနေနဲ့ ၎င်းရဲ့ ကြယ်ပွင့်ကစားသမားကို ပြန်ခေါ်ယူဖို့အတွက် စောင့်ဆိုင်းရဦးမယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ လီဂူးဝမ်းမှာ ယခုရာသီ ၁၅ ပွဲမှာ ၁၃ ပွဲအထိ ရှုံးပွဲမရှိ နိုင်ပွဲ ရရှိထားပြီး ဒီဇင်ဘာ ၂၈ ရက်နေ့မှာ စထရာဘိုးအသင်းကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဂဲလ်တီယာဟာ လီယွန်နယ် မက်ဆီ မပါဝင်ဘဲ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး TyC Sports က ဘလွန်ဒေါ ၇ ဆုရှင်ဟာ ဇန်နဝါရီ ၁၁ ရက်နေ့ အွန်ဂျေးစ်နဲ့ ကစားရမယ့် အိမ်ကွင်းပွဲစဉ်မှသာ ပီအက်စ်ဂျီအသင်းအတွက် ပြန်လည်ကစားပေးသွားဖို့ စီစဉ်ထားတယ်လို့ ဖော်ပြခဲ့ပါတယ်။ အာဂျင်တီးနားအသင်းခေါင်းဆောင်ဟာ နှစ်သစ်ကူးကို အာဂျင်တီးနားနိုင်ငံမှာပဲ ကုန်ဆုံးသွားမှာဖြစ်ပြီး ဇန်နဝါရီလ ၃ ရက်နေ့မှသာ ပီအက်စ်ဂျီအသင်းနဲ့ လေ့ကျင့်ရေး ပြန်လည်ပြုလုပ်သွားမှာဖြစ်တယ်လို့လည်း ယင်းသတင်းက ဖော်ပြခဲ့ပါတယ်။
ဒါကြောင့် မက်ဆီဟာ ပီအက်စ်ဂျီအသင်းရဲ့ လီဂူးဝမ်းပွဲစဉ် ၂ ပွဲအထိ လွဲချော်မှာဖြစ်ပြီး ဇန်နဝါရီလ ၆ ရက်နေ့ ရှက်တို့ဟုနဲ့ ကစားရမယ့် ပြင်သစ်ဖလားပွဲစဉ်ကိုလည်း ပါဝင်ကစားပေးနိုင်ဖွယ်မရှိဘူးလို့ ယူဆရပါတယ်။