ကြည့်မြင့်တိုင် ညစျေးဆိုတာ ဟင်းချက်စရာ သားငါးတွေ၊ ဟင်းသီးဟင်းရွက်တွေ ပေါပေါများများ ဝယ်လို့ ရနိုင်တဲ့နေရာဖြစ်သလို လက်ရာကောင်းပြီး စျေးတန်တဲ့ အစားအသောက်တွေ၊ အဝတ်အထည်မျိုးစုံ၊ လူသုံးကုန် ပစ္စည်းတွေကို တစ်နေရာတည်းမှာ စုံစုံလင်လင် ရနိုင်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။
ကြည့်မြင့်တိုင်ညစျေးထဲမှာ စားသောက်ဆိုင်လေးတွေ မျိုးစုံတွေ့ရနိုင်ပြီး စားသမျှဆိုင်တိုင်းကလည်း လက် ရာတွေ ကောင်းမွန်သလို စားဖူးတဲ့သူတိုင်း နောက်တစ်ခါထပ်စားချင်တဲ့စိတ်ဖြစ်လာတဲ့အထိ စားသုံးသူတွေကို ဆွဲဆောင်ထားပါတယ်။ ဒီတစ်ခေါက် Duwun ကနနာမည်ကျော် ကြည့်မြင့်တိုင်ညစျေးထဲက နှစ်ပေါင်းများစွာတိုင်အောင် အခုချိန်ထိ လက်ရာမပြောင်းလဲဘဲ လူကြိုက်များနေဆဲ မုန့်ဆိုင် (၄) ဆိုင်ကို ဝေမျှပေးသွားမှာပါ။
ပုဇွန်ခွက်ကြော်သုပ်နဲ့ အသုပ်စုံရောင်းတဲ့ဆိုင်
ညစျေးတန်း အပြင်ဘက်ကနေ တည်တည့်ဝင်လာတဲ့အခါ အသား၊ငါးဟင်းသီးဟင်းရွက်တွေ ရောင်းချတဲ့ ဆိုင်တွေနဲ့ ကပ်ရက်မှာ ရောင်းချနေတဲ့ အသုပ်ဆိုင်လေးဖြစ်ပါတယ်။ ပုဇွန်ခွက်ကြော်လေးတွေကို စီစီရီရီ ထားပြီး ကော်ပြန့်လိပ်၊ ထမင်းချဥ်လုံး၊ ခေါက်ဆွဲတွေနဲ့ အသုပ်သုပ်တဲ့အခါ သုံးတဲ့ အစာပလာတွေကို ခင်းကျင်းထားပုံကလည်း စားသုံးသူတွေ ဝင်စားချင်စိတ်ဖြစ်စေလာအောင် ဆွဲဆောင်နေပါတယ်။ ပုဇွန်ခွက်ကြော်ကို အဓိကထားပြီး ခေါက်ဆွဲ၊ ကော်ပြန့်၊ ထမင်းချဥ်လုံး စတာတွေနဲ့ တွဲဖက်ထားတဲ့ အသုပ်တွေက အဲဒီဆိုင်မှာ ရောင်းအားအကောင်းဆုံး ဖြစ်ပါတယ်။ အသုပ်လေးကို ကြာရိုးဟင်းခါးပူပူလေးနဲ့ တွဲဖက်စားသုံးရတာကလည်း စားသုံးသူတွေရဲ့ အကြိုက်ပါ။ စျေးနှုန်းကလည်း အနည်းဆုံး (၇၀၀) ကျပ် ကနေ အများဆုံး (၁၅၀၀) ကျပ်လောက်ထိပဲ ကျသင့်ပါတယ်။ ဆိုင်လေးကို နာမည်တော့ တကူးတကမပေးထားဘဲ စျေးထဲကလူတွေကတော့ မောင်နှမတွေ စုရောင်းတဲ့ဆိုင်၊ စားသုံးသူတွေကတော့ ပုဇွန်ခွက်ကြော်သုပ် ဆိုင်လို့ပဲခေါ်ကြပါတယ်။ ဒီဆိုင်လေးကို မိဘတွေလက်ထက်ကတည်းက မောင်နှမတွေ စုစည်းပြီး ရောင်းချလာတာ အခုဆို နှစ်ပေါင်း (၄၀) ကျော် ရှိလာပြီလို့ သိရပါတယ်။ နေ့စဥ်စားသုံးသူ ရာကျော် ရှိပြီး မိဘတွေမရှိတော့ပေမယ့် အခုချိန်ထိတိုင်အောင် မောင်နှမတွေ စုစုစည်းစည်းနဲ့ ရောင်းချနေဆဲဖြစ်ပါတယ်။ နှစ်တွေ ဘယ်လောက်ကြာကြာ သင့်တင့်တဲ့စျေးလေးနဲ့ လက်ရာကောင်းကောင်းလေးနဲ့ ရောင်းချပေးနေတာမို့ စားသုံးသူတွေ အကြိုက်တွေ့နေဆဲ အသုပ်ဆိုင်လေးဖြစ်ပါတယ်။
ဒူးရင်းချစ်သူတွေအတွက် တိုးတိုးအအေးဆိုင်
ညစျေးအတွင်းဘက်ကို ဝင်လိုက်တဲ့အခါ စျေးရုံအတွင်းမှာ ရောင်းတဲ့ဆိုင်ကို နာမည်တော့ အတိအကျမသိပေမယ့် ဒူးရင်းမလိုင် ဆိုင်လေးလို့ပြောလိုက်တာနဲ့ ဒူးရင်းသီးကြိုက်သူတိုင်း သိကြပါတယ်။ အဲဒီဆိုင်လေးနာမည်ကတော့ တိုးတိုးအအေးဆိုင်ပဲဖြစ်ပါတယ်။ တိုးတိုးအအေးဆိုင်လေးမှာ နာမည်အကျော်ကြားဆုံးနဲ့ အရောင်းရဆုံးကတော့ ခုနကပြောတဲ့ ထူးခြားပြီး အရသာကောင်းမွန်လှတဲ့ ဒူးရင်းမလိုင်လေးပါ။ ဒူးရင်းသီးပေါ်ချိန်မှာဆို (၆၀၀၀)ကျပ် တန် ဒူးရင်းသီးကို တစ်ခြမ်းခြမ်းပြီး မလိုင်ပျစ်ပျစ်နှစ်နှစ်ကလေး ထည့်ကာ ရေခဲနဲ့ဖျော်ထားတဲ့ ဒူးရင်းမလိုင်ပျစ်ပျစ်ကလေးက စားဖူးသူတိုင်း စွဲလမ်းနှစ်သက်စေတာ အမှန်ပါပဲ။ တိုးတိုးအအေးဆိုင်လေးမှာ ရာသီအလိုက် ပေါ်တဲ့ သီးနှံဖျော်ရည်တွေကိုလည်း စားသုံးသူတွေ ကြိုက်နှစ်သက်ကြပါတယ်။ တိုးတိုးအအေးဆိုင်မှာ ဖျော်ရည်မျိုးစုံအပြင်၊ ဖာလူဒါ၊ ဒူးရင်းမလိုင်၊ ရေခဲမုန့်မျိုးစုံ စတာတွေ ရနိုင်ပါတယ်။ ဖျော်ရည်စျေးနှုန်းတွေကတော့ အနည်းဆုံး (၅၀၀) ကျပ်တန်က စရှိပြီး ဒူးရင်းမလိုင်လေးကတော့ (၃၅၀၀) ကျပ် နဲ့ အများဆုံးပဲ ဖြစ်ပါတယ်။ တိုးတိုးအအေးဆိုင်ကိုတော့ ခုလက်ရှိ ဆိုင်ရှင် ဒေါ်တိုးတိုးဆိုသူ (၇) နှစ်သမီး အရွယ်ကတည်းက မိဘတွေက ဖွင့်လှစ်ရောင်းချခဲ့ကြတာဖြစ်ပြီး အခုဆို နှစ်ပေါင်း (၄၀) ကျော်လာပြီဖြစ်ပါတယ်။ နှစ်ပေါင်း (၅၀) နီးပါး ထိတိုင်အောင် စားသုံးသူတွေ အခုချိန်ထိ အားပေးနေကြတဲ့ လျှို့ဝှက်ချက်ကတော့ ဒေါ်တိုးတိုးရဲ့ အပြုံးချိုချိုလေးတွေအပြင် စေတနာပိုလှတဲ့ ဒေါ််တိုးတိုးရဲ့ လက်ရာလေးတွေကြောင့်ဖြစ်ပါတယ်။
အဘွားလက်ထက်ကတည်းက အရသာမပြောင်းလဲတဲ့ မုန့်ဟင်းခါးဆိုင်
တိုးတိုးအအေးဆိုင်နဲ့ မျက်နှာချင်းဆိုင်က မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲဆိုင်ကလည်း ညစျေးကမုန့်ဆိုင်တွေထဲမှာ လက်ရာကောင်းမွန်တဲ့ ဆိုင်လေးဖြစ်ပါတယ်။ ဒီဆိုင်လေးကို အဘွားဖြစ်သူ ဒေါ်နှင်းခင် ဆိုသူက စတင်ရောင်းချလာတာဖြစ်ပြီး မိခင်ဖြစ်သူ ဒေါ်ငယ်ကနေ အခု သမီးဖြစ်သူအထိ အဆင့်ဆင့်လက်ဆင့်ကမ်း ရောင်းချလာတဲ့ မုန့်ဟင်းခါးဆိုင်လေးဖြစ်ပါတယ်။ ဆိုင်သက်တမ်းကတော့ နှစ်ပေါင်း (၅၀) နီးပါး ရှိပြီး ကြည့်မြင့်တိုင် ညစျေးရုံထဲမှာအပြင် စမ်းချောင်းမြို့နယ် သပြေလမ်းမှာလည်း ဆိုင်ခွဲဖွင့်လှစ်ထားပါတယ်။ မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲကို အကြော်မျိုးစုံနဲ့ စားသုံးနိုင်ပြီး တစ်ပွဲကို ၇၀၀ ကနေ အများဆုံး ၁၀၀၀ အတွင်း ကျသင့်မှာဖြစ်ပါတယ်။ ဒီဆိုင်လေးမှာ အသင့်စားသုံးနိုင်တဲ့ မုန့်ဟင်းခါ ဟင်းရည် အခြောက်ထုပ်တွေလည်း ဝယ်ယူနိုင်တဲ့အပြင် မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊ နို့စိမ်းခေါက်ဆွဲကိုလည်း အထူးအော်ဒါလက်ခံပေးတယ်လို့ သိရပါတယ်။ အခုချိန်ထိ စားသုံးသူတွေ အကြိုက်တွေ့နေဆဲမုန့်ဟင်းခါးဆိုင်လေး ဖြစ်နေပြီး အရသာကလည်း အဖွားလက်ထက်ကတည်းက အရသာအတိုင်း မပြောင်းလဲဘဲ လက်ရာကောင်းမွန်နေဆဲဖြစ်ပါတယ်။
ညစျေးထဲကနာမည်ကျော် ဆီချက်ဆိုင်
ညစျေးရုံအတွင်းမှာပဲ နာမည်ကြီး ဆီချက်ဆိုင် တစ်ဆိုင်ရှိပါတယ်။ ညစျေး ထွန်းဗိုလ်ဗိုလ် ဆီချက်ဆိုင် ဖြစ်ပြီး ဆီချက်တစ်ပွဲကို (၁၂၀၀) ကျပ်တည်းနဲ့ အရသာကောင်းကောင်း ရနိုင်တဲ့ဆိုင်လေး ဖြစ်ပါတယ်။ အဲဒီဆိုင်မှာ အဓိက ဆီချက်ခေါက်ဆွဲနဲ့ ကော်ရည်ကို လူကြိုက်အများဆုံးဖြစ်ပါတယ်။ ဆိုင်မှာ ရနိုင်တာတွေကတော့ ဆီချက်မျိုးစုံနဲ့ ကော်ရည်မျိုးစုံအပြင် ကြက်သားသုပ်မျိုးစုံ၊ ဝက်ခေါင်းသုပ်၊ ကြာဇံချက်၊ ဆန်ပြုတ်တို့လည်းရရှိနိုင်ပါတယ်။ စျေးနှုန်းတွေကိုတော့ အနည်းဆုံး (၇၀၀) ကျပ်ကနေ အများဆုံး (၁၅၀၀) ကျပ်လောက်အထိပဲ ရောင်းချပေးနေတာဖြစ်ပါတယ်။ ဒီဆိုင်လေးကိုတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၀) ကျော်ကတည်းက အစ်ကိုဖြစ်သူ ထွန်းဗိုလ်ဗိုလ်က စတင်ရောင်းချခဲ့တာဖြစ်ပြီး အခုချိန်မှာတော့ ညီမဖြစ်သူက ဆက်လက်ဦးစီး ရောင်းချနေတာဖြစ်ပါတယ်။ နှစ် (၂၀) ကျော်တိုင်အောင် စားသုံးသူ မပြတ်လပ်အောင် ရောင်းချနိုင်တာကတော့ အရသာပိုမိုကောင်းမွန်အောင် အစားအသောက်တိုင်းမှာ ထည့်သုံးရတဲ့ အစာပလာတွေကို မခိုမကပ်ဘဲ ထည့်သုံးတာကြောင့်လို့ ဆိုင်ရှင်ဖြစ်သူက ဆိုပါတယ်။
အခုပြောပြသွားတဲ့ ဆိုင်တင်မကသေးပါဘူး။ ညစျေးက ဆိုင်တွေ အများစုဟာ မိဘဘိုးဘွားတွေလက်ထက်ကတည်းက အခုချိန်ထိတိုင်အောင် သင့်တင့်တဲ့စျေးနှုန်း၊ ကောင်းမွန်ပြီး မပြောင်းလဲတဲ့လက်ရာတွေအဖြစ် တည်ရှိနေဆဲဖြစ်ပါတယ်။ ဒါကြောင့် အစားအသောက် ကောင်းကောင်းလေးတွေ ကြိုက်တတ်တဲ့သူတွေအနေနဲ့ ညစျေးကို တစ်ခေါက်တစ်ခါလောက် လာရောက်ပြီး စျေးတန်တန်နဲ့ အရသာကောင်းမွန်လှတဲ့ ဆိုင်လေးတွေကို လာရောက်မြည်းစမ်းကြည့်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။