ပီအက်စ်ဂျီနောက်ခံလူ ရာမို့စ်ဟာ မနေ့ညက ရိုင်းမ်စ်နဲ့ ကစားခဲ့တဲ့ ပြင်သစ်လီဂူးအဝေးကွင်းပွဲစဥ်မှာ ပထမပိုင်းမပြီးခင်တည်းက နှစ်ဝါတနီနဲ့ အထုတ်ခံခဲ့ရပါတယ်။ ဒီပွဲမှာ ပွဲထွက်လာခဲ့တဲ့ ရာမို့စ်ဟာ ပွဲကစားချိန် (၄၂) မိနစ်မှာ အဝါကတ်ပြသခံခဲ့ရတဲ့အတွက် ကွင်းလယ်ဒိုင်ကို စောဒကတက်ခဲ့ပြီး ဒီအချိန်မှာပဲ ကွင်းလယ်ဒိုင်က ရာမို့စ်ကို နောက်တဝါထပ်ပြကာ အနီကတ်နဲ့ ထုတ်ပယ်ခဲ့ပါတယ်။
ဒီလိုမျိုး ရာမို့စ်ရဲ့အဝါကတ်နှစ်ကတ်က စက္ကန့် (၃၀) အတွင်း ဖြစ်ပျက်ခဲ့ပြီး အခြားသော ပီအက်စ်ဂျီကွင်းလယ်လူ ဗာရက်တီကလည်း ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်ကို ပြင်းပြင်းထန်ထန် စောဒတက်ရင်း အဝါကတ်ထိခဲ့ပါသေးတယ်။ အသက် (၃၆) နှစ်အရွယ် ရာမို့စ်အတွက်တော့ ဒီရာသီမှာ ပထမဆုံးအနီကတ်ဖြစ်ခဲ့သလို ကစားသမားဘဝတလျှောက် (၂၈) ကြိမ်မြောက် အနီကတ်လည်းဖြစ်ခဲ့ပါတယ်။
ပီအက်စ်ဂျီဟာ ရာမို့စ်ရဲ့အနီကတ်ကြောင့် ဒုတိယပိုင်းတပိုင်းလုံးကို တယောက်လျော့နဲ့ ကစားခဲ့ရပြီး အိမ်ရှင်ကို ဂိုးမသွင်းနိုင်ဘဲ သရေရလဒ်နဲ့ ကျေနပ်ခဲ့ရပါတယ်။ ဒါဟာ ပီအက်စ်ဂျီအတွက် ဒီရာသီမှာ ဂိုးမသွင်းနိုင်တဲ့ ပထမဆုံးပွဲဖြစ်ခဲ့ပြီး ပြင်သစ်လီဂူးမှာ နိုင်ပွဲပျောက်ဆုံးခဲ့တဲ့ ဒုတိယမြောက် ပွဲစဥ်တပွဲလည်းဖြစ်ခဲ့ရပါတယ်။
ရာမို့စ်ရဲ့အနီကတ်အတွက်တော့ ဆိုရှယ်မီဒီယာပေါ်မှာ ပရိသတ်တွေက အမျိုးမျိုး မှတ်ချက်ပေးနေကြပါတယ်။ ပရိသတ်တွေက “ရာမို့စ်က အနီကတ်ထိပြန်ပြီ။ အဲ့ဒါကြောင့်လည်း သူက ထာဝရ အကောင်းဆုံး နောက်ခံလူတယောက်ဖြစ်နေတာ” “ရာမို့စ်ရဲ့အနီကတ်ကို မြင်ရတာ ရွှေရောင်နေ့ရက်ဟောင်းတွေကို ပြန်ရောက်သွားသလိုပါပဲ”
“ရာမို့စ်အနီကတ်ထိရင်ကျတော့ ရာမို့စ်ပြန်လာပြီ၊ ဒါက ဖိုက်တာကြီး၊ ဘောလုံးလောကရဲ့ အမွေအနှစ်လို့ ပြောကြပါတယ်။ အခြားတယောက် အနီကတ်ထိရင် သူ့ကို ရောင်းထုတ်လိုက်ဆိုပြီး ဖြစ်တော့တာပဲ” လို့ အမျိုးမျိုး မှတ်ချက်ပေးခဲ့ကြပါတယ်။ ပီအက်စ်ဂျီဟာ လာမယ့်အပတ်မှာ သူတို့နဲ့ (၃) မှတ်အကွာ ဒုတိယနေရာမှာ ရပ်တည်နေတဲ့ မာဆေးလ်နဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး အဲ့ဒီပွဲကို ရာမို့စ်တယောက် လွဲချော်ရတော့မှာဖြစ်ပါတယ်။