အဂတိလိုက်စားမှု အရှုပ်တော်ပုံကြောင့် သမ္မတရာထူးကနေ ဖယ်ရှားခံခဲ့ရပြီး နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံခဲ့ရပါတယ်

တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းက အဂတိလိုက်စားမှုများဖြင့် ထောင်ဒဏ် ၂၂ နှစ် ကျခံနေရတဲ့ သမ္မတဟောင်း ပတ်ဂွမ်ဟေးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ကြောင်း တရားရေးဝန်ကြီးဌာနက ယနေ့ (ဒီဇင်ဘာ ၂၄ ရက်) ပြောပါတယ်။

တောင်ကိုရီးယားရဲ့ ပထမဆုံး အမျိုးသမီးသမ္မတဖြစ်ခဲ့သူ အသက် ၆၉ နှစ်အရွယ် ပတ်ဂွမ်ဟေးဟာ ရာထူးကနေ ဖယ်ရှားခံခဲ့ရတဲ့ ဒီမိုကရေစီနည်းလမ်းကျ ရွေးကောက်ခံ ပထမဆုံး တောင်ကိုရီးယားသမ္မတအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာ အခြေခံဥပဒေဆိုင်ရာခုံရုံးရဲ့ မဲခွဲဆုံးဖြတ်မှုအရ ပတ်ဂွမ်ဟေးဟာ သမ္မတရာထူးကနေ ဖယ်ရှားခံခဲ့ရပါတယ်။



(တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်း) (Photo: EPA-EFE)

၎င်းဟာ လက်ရှိမှာ ထောင်ကျနေတဲ့ Samsung Electronics အကြီးအကဲ အပါအဝင် စီးပွားရေးလုပ်ငန်စုကြီးတွေရဲ့ အကြီးအကဲနှစ်ဦးလည်း ပါဝင်ပတ်သက်နေတဲ့ အဂတိလိုက်စားမှု အရှုပ်တော်ပုံကြောင့် သမ္မတရာထူးကနေ ဖယ်ရှားခံခဲ့ရတာ ဖြစ်ပါတယ်။ ထို့နောက် ၂၀၁၈ ခုနှစ်မှာတော့ အဂတိလိုက်စားမှု၊ အာဏာအလွဲသုံးမှုနဲ့ အကျပ်ကိုင်မှုတို့ အပါအဝင် ပြစ်မှု ၁၈ ခုအနက် ၁၆ ခုအတွက် အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်ပြီး သမ္မတဟောင်းပတ်ဂွမ်ဟေးကို နှစ်ရှည်ထောင်ဒဏ် ချမှတ်ခဲ့ပါတယ်။

သမ္မတဟောင်း ပတ်ဂွမ်ဟေးဟာ ထောင်ကျနေစဥ် ယခုနှစ်အတွင်း နာတာရှည်ဖြစ်နေတဲ့ ပခုံးနဲ့ နောက်ကျောအောက်ပိုင်း နာကျင်မှုဝေဒနာကြောင့် ဆေးရုံ သုံးကြိမ်တက်ခဲ့ရတယ်လို့ ဆိုပါတယ်။ တောင်ကိုရီးယားသတင်းဌာန Yonhap က ဖော်ပြမှုအရ ပတ်ဂွမ်ဟေးဟာ သမ္မတမွန်ဂျေအင်းရဲ့ နှစ်သစ်ကူးအထိမ်းအမှတ် အထူးလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ထောင်မှလွတ်မြောက်ခဲ့ကြောင်းနဲ့ ၎င်းရဲ့ကျန်းမာရေးအခြေအနေကြောင့် လွတ်ငြိမ်းချမ်းသာခွင့်ပြုတဲ့စာရင်းမှာ ပါဝင်ခဲ့ကြောင်း သိရပါတယ်။

(မွန်ဂျေအင်းနှင့် ပတ်ဂွမ်ဟေး) (Photo: YC News)

ယခုနှစ် ဇန်နဝါရီလအတွင်း ပတ်ဂွမ်ဟေးရဲ့ ထောင်ဒဏ် နှစ် ၂၀ ပြစ်ဒဏ်အတွက် အရေးဆိုခဲ့ပေမဲ့ တရားရုံးချုပ်က ပြစ်ဒဏ်ကို အတည်ပြုခဲ့ပါတယ်။ ယခင်က လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် ပယ်ချခဲ့တဲ့ သမ္မတမွန်ဂျေအင်းက ပတ်ဂွမ်ဟေးကို လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်တဲ့ ကြေညာချက်အပေါ် တောင်ကိုရီးယားမှာ အံ့အားသင့်နေကြတယ်လို့ ဆိုပါတယ်။

ပတ်ဂွမ်ဟေး မတိုင်မီက သမ္မတဖြစ်ခဲ့ပြီး အဂတိလိုက်စားမှုများဖြင့် ထောင်ဒဏ်ကျခံနေရတဲ့ လီမြောင်ဘတ်ကိုတော့ လွတ်ငြိမ်းချမ်းသာခွင့် မပေးခဲ့ပါဘူး။ တောင်ကိုရီးယားအစိုးရဟာ ၂၀၁၅ မှ ၂၀၁၇ ခုနှစ်အထိ ထောင်ဒဏ် ၂ နှစ် ကျခံခဲ့ရတဲ့ တောင်ကိုရီးယားရဲ့ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် Han Myeong-sook ကိုလည်း အပြစ်မရှိကြောင်း ယနေ့ ကြေညာခဲ့တယ်လို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က