OPPO ဟာ ဒီနှစ်ထဲမှာ ကုမ္ပဏီရဲ့ ပထမဆုံး စမတ်နာရီကို ကြေညာသွားဖို့ ရှိပါတယ်။
၂၀၂၀ ပထမသုံးလပတ်အတွင်းမှာ မိတ်ဆက်သွားမယ့် ဒီနာရီဟာ လေးထောင့်စပ်စပ် နာရီအိုးဒီဇိုင်း သုံးသွားဖို့ ရှိပါတယ်။ OPPO ရဲ့ ဒုဥက္ကဌ ဘရိုင်ယန်ရှန်ကလည်း လေးထောင့်နာရီအိမ်ဟာ စက်ဝိုင်းပုံစံထက် အချက်အလက်ပြသရာမှာ ပိုပြီး ကောင်းမွန်တယ်လို့ ပြောထားတာ ရှိနေပါတယ်။OPPO ရဲ့ ပထမဆုံး စမတ်နာရီမှာ စိတ်ဝင်စားဖို့ ကောင်းတာက electrocardiogram (ECG) လုပ်ဆောင်ချက်ပါပဲ။
Photo: Gizchina
Digital Chat Stations ကနေ ပေါက်ကြားလာတဲ့ အချက်အလက်ကတော့ OPPO စမတ်နာရီဟာ Apple Watch Series 4 လိုပဲ ECG နှလုံးကျန်းမာရေး စောင့်ကြည့်တိုင်းတာ စနစ် ပါလာမယ်လို့ ဆိုပါတယ်။ ECG လုပ်ဆောင်ချက်ပါတဲ့ စမတ်နာရီတွေမှာ နာရီပတ်ထားသူတွေရဲ့ နှလုံးခုန်နှုန်း ပုံမှန်ဟုတ်မဟုတ် တွက်ချက်ဖော်ပြပေးနိုင်ပါတယ်။
စမတ်လက်ပတ်နာရီဈေးကွက်ထဲမှာ ECG feature ပါတဲ့ ထုတ်ကုန် များများစားစား မရှိပါဘူး။ Apple Watch Series 4 ဟာ လျှပ်စစ်နှလုံးခုန်တိုင်းစနစ်ကို ပထမဆုံး သုံးခဲ့ပြီး ပြီးခဲ့တဲ့နှစ်က ထွက်လာတဲ့ Samsung ရဲ့ ဒုတိယမျိုးဆက် Galaxy Watch Active 2 မှာလည်း ECG feature ထည့်ထားတယ်လို့ ကြေညာခဲ့ပါတယ်။
OPPO ရဲ့ ပထမဆုံး စမတ်နာရီဟာ ECG feature အပြင် ဈေးကွက်ထဲက ပြိုင်ဘက် စမတ်နာရီထုတ်ကုန်တွေနဲ့ ယှဉ်နိုင်ဖို့အတွက် ဆန်းသစ်တဲ့ workout features တွေ ထည့်သွင်းလာဖို့ ရှိပါတယ်။ ဒီနာရီကိုတော့ မတ်လကုန်ပိုင်းမှာ မိတ်ဆက်သွားဖို့ ရှိပါတယ်။