"ချောချောလေးမို့ ချစ်တာ ရိုးရိုးလေးမို့ချစ်တာ"ဆိုပြီး သရုပ်ဆောင် သက်မွန်မြင့်နဲ့ တွဲဖက်ညီ လူကြိုက်များခဲ့တဲ့ တစ်ချိန်က မိန်းကလေးတွေအသည်းစွဲ မော်ဒယ်သရုပ်ဆောင် မိုင်းမိုင်ကတော့ ယနေ့ ဧပြီလ ၂၄ရက်နေ့မနက်ပိုင်းက ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ သူ့ရဲ့နေအိမ်မှာ အိပ်ပျော်နေရင်းနဲ့ ဆုံးပါးသွားခဲ့တယ်လို့သိရပါတယ်။
ဓာတ်ပုံ - Mai Mai FB
"မနေ့ကထိတော့ သူ့သူငယ်ချင်းတွေနဲ့ တွေ့နေသေးတယ်။ အကောင်းကြီးပဲ။ အဲဒီကနေ အိမ်ရဲ့ဧည့်ခန်းထဲမှာ သူတစ်ယောက်တည်းအိပ်တယ်။ သူ့မိန်းမနဲ့ကလေးတွေက တစ်ခန်းစီအိပ်တယ်ပေါ့နော်။ မနက် သူ့အမျိုးသမီး ထမင်းတွေ ဟင်းတွေ ထချက်တော့ သူ့ကိုနှိုးတော့ ကိုယ်က နွေးနွေးလေးရှိသေးတယ်။ ဆုံးတာမကြာသေးဘူးပေါ့။ ခန့်မှန်းဆုံးတဲ့အချိန်ကို မနက် ၄ နာရီသတ်မှတ်လိုက်ပါတယ်။ မနက်ဖြန် ၁ နာရီကျရင်တော့ ကချင်ခရစ်တော်နားက သုသာန်မှာပဲ သင်္ဂြိုလ်ဖြစ်ပါမယ်။ သူကရောဂါအခံကတော့ မရှိဘူး။ ဒါပေမယ့် သူက ဝနေတော့ အအေးပတ်သွားတာလား။ နှလုံးလေဟပ်သွားတာလား တစ်ခုခုပဲပေါ့နော် ။ မိသားစုကိုယ်စားလည်း စိတ်မကောင်းဖြစ်ရပါတယ်"လို့ သရုပ်ဆောင်မိုင်းမိုင်ရဲ့အဒေါ်ဖြစ်တဲ့ ဒေါ်နန်းပရီက Duwun ရဲ့ ဖုန်းနဲ့ဆက်သွယ်မေးမြန်းမှုကို ဖြေကြားခဲ့ပါတယ်။
ဓာတ်ပုံ - Laja Zau Awng
သရုပ်ဆောင်မိုင်းမိုင်ရဲ့ ကြွင်းကျန်ရစ်တဲ့ ရုပ်ကလာပ်ကို ဧပြီလ ၂၅ ရက်နေ့ နေ့လယ် ၁နာရီ မှာ ကချင်ပြည်နယ် မြစ်ကြီးနားရှိ ခရစ်ယာန်သုသာန်မှာပဲ မီးသင်္ဂြိုလ်သွားမှာဖြစ်ပါတယ်။
သရုပ်ဆောင်မိုင်းမိုင်က ကွယ်လွန်ချိန်မှာ အသက်၃၆နှစ်ရှိပြီဖြစ်ပြီး ဇနီးနဲ့သားသမီး ၃ဦး ကျန်ရစ်ခဲ့ပါတယ်။ အကြီးဆုံးသမီးလေးက အသက်၆နှစ်၊
သားအလတ်က ၄နှစ်နဲ့ သမီးအငယ်ဆုံးလေး ၂နှစ်တို့ ရှိပြီလို့ သိရပါတယ်။
ဓာတ်ပုံ - Mai Mai FB
သရုပ်ဆောင်မိုင်းမိုင်က မော်ဒယ်လ်သရုပ်ဆောင်လောကထဲကို အသက် ၁၇နှစ်ကစပြီး ဝင်ရောက်ခဲ့ကာ အသက်၂၂နှစ်ထိ အနုပညာအလုပ်တွေကို လုပ်ဆောင်ခဲ့ပြီးတဲ့နောက် ကချင်ပြည်နယ် မြစ်ကြီးနားကိုပြန်သွားခဲ့ရာက ပရိသတ်တွေနဲ့အဆက်အသွယ်ပြတ်သွားခဲ့တာပဲ ဖြစ်ပါတယ် ။
ကချင်ပြည်နယ် မှာရှိတဲ့အနုပညာအသိုင်းအဝိုင်းအချို့မှာတော့ အနုပညာအလုပ်တွေကိုအနည်းငယ်လုပ်ဆောင်ခဲ့ပေမယ့် လွန်ခဲ့တဲ့ ၇နှစ်ကတည်း က အိမ်ထောင်ကျသွားခဲ့ရာက အနုပညာအလုပ်တွေကိုလုံးဝရပ်နားခဲ့တာပါ။ ကြားထဲမှာလည်း အမေရိကကိုသွားဖြစ်ခဲ့တာကတစ်ကြောင်း မိသားစုကိုအချိန်ပေးဖြစ်ခဲ့တာတစ်ကြောင်းနဲ့ပဲ သူချစ်တဲ့ပရိသတ် တွေနဲ့အဆက်အသွယ်ပြတ်သွားခဲ့တာလို့ သိရပါတယ်။