တင်ဇာမော်နဲ့ ချောစုခင်တို့ရဲ့ သူငယ်ချင်းသံယောဇဉ်ကတော့ နှစ်ပေါင်း ၂၀ ရှိခဲ့ပြီလို့ သိရပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်ကလည်း ပွင့်ပွင့်လင်းလင်းပဲလို့ ဆိုပါတယ်။
Photo:Chaw Su Khin
တင်ဇာမော်နဲ့ ချောစုခင်တို့ကတော့ ဆယ်စုနှစ်ကျော်အထိ အောင်မြင်နေတဲ့ အဆိုတော်တွေဖြစ်ပါတယ်။ သူတို့ နှစ်ယောက်ကလည်း ညီအစ်မအရင်းတွေလိုပဲ ချစ်ချစ်ခင်ခင်ရှိတာ တွေ့ရပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ခင်လာတာ အခုဆိုရင် နှစ်ပေါင်း ၂၀ ကျော်ပြီလို့ တင်ဇာမော်က မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။
“ အစ်မတို့ နှစ်ယောက် ခင်တာက ကြာပြီ အဆိုတော် တစ်သက်ပဲ။ အစ်မက အဆိုတော် သက်တမ်း ၂၃ နှစ်၊ သူက ၂၁ နှစ်၊ သူ အဆိုတော် စဖြစ်ကတည်းက အစ်မတို့ ခင်ခဲ့ကြတာဆိုတော့ အခုဆိုရင် နှစ်ပေါင်း ၂၀ ကျော်ပြီပေါ့။ ၂၀၀၀ ခုနှစ်လောက်ကတည်းက ခင်ကြတာလေ” ဆိုပြီးတော့ ဒီဇင်ဘာလ ၃ ရက်နေ့က “တိမ်တွေပေါ်က ပန်း”ရုပ်ရှင်ဇာတ်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။
Photo:Chaw Su Khin
ချောစုခင်ဟာ တင်ဇာမော်နဲ့ ရန်ဖြစ်လိုက် ပြန်ခေါ်လိုက်ပါပဲ လို့ ဆိုပါတယ်။ သူငယ်ချင်းသံယောဇဉ် နှစ် ၂၀ အကြာမှာ ရှိခဲ့တဲ့ အမှတ်တရတွေကိုလည်း ချောစုခင်က ပြန်လည်ပြောပြလာပါတယ်။
“ နှစ်ပေါင်းများစွာ ခင်မင်မှု သက်တမ်းမှာလည်း တစ်ယောက်နဲ့ တစ်ယောက် ဖြတ်လိုက်၊ သတ်လိုက်၊ ရန်ဖြစ်လိုက်၊ ချစ်လိုက်၊ ပြန်တည့်လိုက်ပဲပေါ့။ ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက် အရမ်းကို လွန်လွန်ကျူးကျူးနဲ့ နာကျင်အောင် မပြောဘူး။ ပြောစရာရှိရင်ပြောတယ်။ သူလည်း ပြောတယ်၊ ကျွန်မလည်း ပြောတာပဲ” ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။
Photo:Chaw Su Khin
အဆိုတော် ချောစုခင်ကတော့ ၂၀၀၀ ခုနှစ်မှာ စုံတွဲသီချင်းတွေ သီဆိုရင်း ဂီတလောကထဲကို စတင်ဝင် ရောက်လာတာပါ။ အသံပါဝါအား ကောင်းတဲ့ အဆိုတော် တစ်ယောက်ဖြစ်တာကြောင့်လည်း ပရိသတ်တွေက ပိုပြီး သတိထားမိခဲ့ကြပါတယ်။ တစ်ကိုယ်တော်အခွေပေါင်းများစွာလည်း ထွက်ရှိခဲ့သလို တစ်ကိုယ်တော်ဖျော်ဖြေပွဲကိုလည်း ၂၀၁၈ ခုနှစ် ဇန်နဝါရီလ အတွင်းက ကျင်းပပြုလုပ်ခဲ့ပါတယ်။
Photo:Chaw Su Khin
အဆိုတော် တင်ဇာမော်ကတော့ ၁၉၉၅ ခုနှစ်က စပြီးတော့ ဂီတအလုပ်တွေ စတင်လုပ်ဆောင်ခဲ့သူ တစ်ယောက်ပါ။ ဂီတပညာရှင်ကြီး ဦးစောနုဆီမှာ ဂီတပညာရပ်ကို သင်ကြားရင်း အဆိုတော် တော်တစ်ယောက်ဖြစ်လာတာလို့လည်း မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။ တစ်ကိုယ်တော်အခွေတွေ၊ တစ်ကိုယ်တော်ဖျော်ဖြေပွဲတွေလည်း ပြုလုပ်ခဲ့ပါသေးတယ်။ အခုလက်ရှိမှာတော့ Myanmar Idol (Season 1) ကနေ Season-4 အထိ အကဲဖြတ်ဒိုင်တစ်ယောက်အဖြစ် ပါဝင်နေတာ တွေ့ရပါတယ်။