၁၉၇၃ ခုနှစ်နောက်ပိုင်း ဒုံးကျည်ထိမှန်ခံရပြီး ပျက်ကျခဲ့တဲ့ လေယာဥ်တွေအကြောင်း ဖြစ်ပါတယ်။

အီရန်နိုင်ငံ တီဟီရန်မြို့အနီးမှာ ဇန်နဝါရီ ၈ ရက်နေ့ မနက်အစောပိုင်းက ယူကရိန်းအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဥ်တစ်စီး ပျက်ကျခဲ့ပါတယ်။

(အီရန်မှာ ပျက်ကျခဲ့သည့် ယူကရိန်းလေယာဥ် အပျက်အစီးများ) (Photo: Reuters)

ထို့နေ့က Boeing 737-800 ယူကရိန်းလေယာဥ်ပျက်မကျမီ နာရီပိုင်းမျှအကြာမှာ အီရန်က အီရတ်နိုင်ငံအတွင်းရှိ အမေရိကန်စစ်အခြေစိုက်စခန်းနှစ်ခုကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ အမေရိကန်က အရေးပါတဲ့ အီရန်ဗိုလ်ချုပ်ကြီးတစ်ဦးကို အီရတ်နိုင်ငံ ဘဂ္ဂဒက်လေဆိပ်မှာ ဒရုန်းဖြင့် တိုက်ခိုက်သတ်ဖြတ်ခဲ့မှုအတွက် လက်တုံ့ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။



ထိုသို့ စစ်ရေးပဋိပက္ခအခြေအနေ ရှုပ်ထွေးနေစဥ်အတွင်းမှာပဲ တီဟီရန်မြို့ကနေ ယူကရိန်းနိုင်ငံ ကိဗ်မြို့ကို ပျံသန်းတဲ့ လေကြောင်းခရီးစဥ် PS752 လေယာဥ်ပျက်ကျခဲ့တာဖြစ်ပြီး ခရီးသည်နဲ့ လေယာဥ်အမှုထမ်း ၁၇၆ ဦးလုံး သေဆုံးခဲ့ကြပါတယ်။ ယူကရိန်းလေယာဥ် ပျက်ကျမှုဟာ အီရန်ဒုံးကျည် ထိမှန်ခံရတာကြောင်း ဖြစ်တယ်လို့ အမေရိကန်နဲ့ ကနေဒါ အပါအဝင် အနောက်အုပ်စုခေါင်းဆောင်တွေက ပြောခဲ့ပါတယ်။

(ယူကရိန်း ခရီးသည်တင်လေယာဥ်တစ်စီး) (Photo: Getty Images)

အီရန်က ၎င်းတို့ရဲ့ဒုံးကျည် ထိမှန်ခံရမှုကြောင့် ယူကရိန်းလေယာဉ် ပျက်ကျခဲ့ကြောင်း ပြောကြားမှုတွေကို အစောပိုင်းမှာ အခိုင်အမာ ငြင်းဆိုခဲ့ပေမယ့် နောက်ပိုင်းမှာတော့ မှားယွင်းပစ်ချမိကြောင်း ဝန်ခံခဲ့ပါတယ်။ လေယာဥ်တွေကို ဒုံးကျည်ထိမှန်ခံရပြီး ပျက်ကျခဲ့ဖူးတဲ့ အဖြစ်ဆိုးတွေ ယခင်ကလည်း ဖြစ်ပွားခဲ့ဖူးပါတယ်။ ၁၉၇၃ ခုနှစ်နောက်ပိုင်း နှစ်ပေါင်း ၄၀ ကျော်အတွင်း ဒုံးကျည်ထိမှန်ခံရပြီး ပျက်ကျခဲ့တဲ့ လေယာဥ်တွေအကြောင်း ကောက်နုတ်ဖော်ပြထားပါတယ်။

လူ ၁၇၆ ဦး ‌သေဆုံးခဲ့တဲ့ ဖြစ်ရပ် (အီရန်ပိုင်နက်အတွင်း)

ဇန်နဝါရီ ၈၊ ၂၀၂၀ ခုနှစ် - ယူကရိန်းအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းမှ လေကြောင်းခရီးစဥ် PS752 အဖြစ် အီရန်နိုင်ငံ တီဟီရန်မြို့ကနေ ယူကရိန်းနိုင်ငံ ကိဗ်မြို့ကို ပျံသန်းတဲ့ Boeing 737-800 လေယာဥ်ဟာ လေဆိပ်မှ ထွက်ခွာလာပြီးနောက် မကြာမီ ပျက်ကျခဲ့ပါတယ်။ ထိုလေယာဥ်ပျကျမှုဟာ အီရန်က မှားယွင်းပစ်ချခဲ့တာကြောင့် ဖြစ်တယ်လို့ အမေရိကန်နဲ့ ကနေဒါနိုင်င်ငံတို့က ပြောခဲ့ပေမဲ့ အီရန်နိုင်ငံက အစောပိုင်းမှာ ငြင်းဆိုခဲ့ပါတယ်။ ထို့နောက် ဇန်နဝါရီ ၁၁ ရက်နေ့မှာတော့ အီရန်က ယူကရိန်းလေယာဥ်ကို မှားယွင်းပစ်ချခဲ့မိကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။ တီဟီရန်မြို့အနီး ယူကရိန်းလေယာဥ် ပစ်ချခံရမှုကြောင့် လိုက်ပါသွားသူ ၁၇၆ ဦးလုံး ‌သေဆုံးခဲ့ပါတယ်။

လူ ၂၉၈ ဦး သေဆုံးခဲ့တဲ့ဖြစ်ရပ် (ယူကရိန်းပိုင်နက်အတွင်း)

ဇူလိုင် ၁၄၊ ၂၀၁၄ ခုနှစ် - မလေးရှားလေကြောင်းလိုင်းမှ လေကြောင်းခရီးစဥ် MH17 ခရီးသည်တင်လေယာဥ်ဟာ အမ်စတာဒမ်မြို့မှ ကွာလာလမ်ပူမြို့သို့ ပျံသန်းလာစဥ် ယူကရိန်းအရှေ့ပိုင်း သူပုန်နယ်မြေအတွင်း ဒုံးကျည်ဖြင့် ပစ်ချခံရပါတယ်။

(MH17 လေယာဥ်အပျက်အစီးများ) (Photo: Reuters)

အဆိုပါ Boeing 777 လေယာဥ်ပေါ်မှာ ဒတ်ချ်လူမျိုး ၁၉၃ ဦး အပါအဝင် စုစုပေါင်း လူ ၂၉၈ ဦး လိုက်ပါသွားခဲ့ပြီး အားလုံး သေဆုံးခဲ့ကြပါတယ်။ ထိုဖြစ်ရပ်မှာ ဒုံးကျည်ဖြင့်ပစ်ချမှုအတွက် ယူကရိန်းအာဏာပိုင်တွေနဲ့ ရုရှားကိုထောက်ခံတဲ့ ခွဲထွက်ရေးသူပုန်တွေက အပြန်အလှန် စွပ်စွဲခဲ့ကြပါတယ်။

လူ ၁၁ ဦး သေဆုံးခဲ့တဲ့ ဖြစ်ရပ် (ဆိုမာလီယာပိုင်နက်အတွင်း)

မတ် ၂၃၊ ၂၀၀၇ ခုနှစ် - ဘီလာရုစ်လေကြောင်းလိုင်းမှ Ilyushin II-76 ကုန်တင်လေယာဥ်တစ်စီးဟာ ဆိုမာလီယာနိုင်ငံ မိုဂါဒစ်ရှူးမြို့တော်မှ ပျံတက်သွားပြီး မကြာမီမှာ ဒုံးကျည်ဖြင့် ပစ်ချခံရမှုအတွင်း လူ ၁၁ ဦး သေဆုံးခဲ့ပါတယ်။ လေယာဥ်ပေါ်မှာ လိုက်ပါလာသူတွေဟာ ဘီလာရုစ်နိုင်ငံမှ အင်ဂျင်နီယာတွေနဲ့ နည်းပညာရှင်တွေဖြစ်ပြီး ၎င်းတို့က အစောပိုင်း သီတင်းနှစ်ပတ်က ဒုံးကျည်ထိမှန်ခံရတဲ့ နောက်ထပ် လေယာဥ်တစ်စီးကို ပြင်ဆင်ရန်အတွက် ဆိုမာလီယာကို လာရောက်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

လူ ၇၈ ဦး သေဆုံးခဲ့တဲ့ ဖြစ်ရပ် (ပင်လယ်နက်အတွင်း)

အောက်တိုဘာ ၄၊ ၂၀၀၁ - အစ္စရေးလူမျိုး အများစု အပါအဝင် လူ ၇၈ ဦး လိုက်ပါလာတဲ့ ရုရှားထုတ် Sibir Tupolev-154 လေယာဥ်ဟာ တဲလ်အဗစ်မြို့မှ ရုရှားနိုင်ငံ Novosibirsk မြို့သို့ ပျံသန်းနေစဥ် ပင်လယ်နက် (Black Sea) ကောင်းကင်ယံမှာ ပေါက်ကွဲပျက်ကျခဲ့ပါတယ်။ လေယာဥ် ပေါက်ကွဲပျက်ကျတဲ့နေရာဟာ ခရိုင်မီးယားကမ်းရိုးတန်းမှ ၁၈၆ မိုင်ခန့်အကွာမှာ ဖြစ်ပါတယ်။ နောက်တစ်ပတ်အကြာမှာတော့ ထိုလေယာဥ်ပျက်ကျမှုဟာ ယူကရိန်းက မတော်တဆ ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်ထိမှန်ခံရတာကြောင်း ဖြစ်တယ်လို့ ယူကရိန်းအာဏာပိုင်တွေက ဝန်ခံပြောကြားခဲ့ပါတယ်။

လူ ၂၉၀ သေဆုံးခဲ့တဲ့ ဖြစ်ရပ် (ပါရှန်ပင်လယ်ကွေ့)

ဇူလိုင် ၃၊ ၁၉၈၈ ခုနှစ် - အီရန်လေကြောင်းလိုင်းမှ Airbus A-300 ခရီးသည်တင်လေယာဥ်ဟာ Bandar Abbas မြို့မှ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ ဒူဘိုင်းမြို့သို့ ပျံသန်းနေစဥ် အီရန်နိုင်ငံ ရေပိုင်နက်အတွင်း ပါရှန်ပင်လယ်ကွေ့မှာ ဟော်မုဇ်ရေလက်ကြားကို ကင်းလှည့်စောင့်ကြပ်နေတဲ့ အမေရိကန် ဖရီးဂိတ်စစ်သင်္ဘောတစ်စီးက ဒုံးကျည်နှစ်စင်းဖြင့် ပစ်ချခဲ့ပါတယ်။

(အီရန်လေကြောင်းလိုင်း လေယာဥ်တစ်စီး) (Photo: AFP)

ထိုလေယာဥ်ဟာ Bandar Abbas မြို့မှ ထွက်ခွာလာပြီး မကြာမီမှာပင် ပစ်ချခံခဲ့ရပါတယ်။ အမေရိကန်စစ်သင်္ဘော အီရန်ခရီးသည်တင်လေယာဥ်ကို တိုက်လေယာဥ်နဲ့ မှားယွင်းပြီး ပစ်ချခဲ့တာဖြစ်ပါတယ်။ လေယာဥ်ပေါ်မှာ လိုက်ပါသွားသူ ၂၉၀ လုံး သေဆုံးခဲ့ပြီး အမေရိကန်က ဒေါ်လာ ၁၀၁.၈ သန်း နစ်နာကြေးပေးခဲ့ပါတယ်။

လူ ၂၆၉ ဦး သေဆုံးခဲ့တဲ့ ဖြစ်ရပ် (ဆက်ခ်ဟာလင်ကျွန်း)

စက်တင်ဘာ ၁၊ ၁၉၈၃ ခုနှစ် - Korean Air ရဲ့ Boeing 747 တောင်ကိုရီးယား လေယာဥ်ကို ဆက်ခ်ဟာလင်ကျွန်း ကောင်းကင်ယံမှာ ဆိုဗီယက်ပြည်ထောင်စု တိုက်လေယာဥ်တွေက ပစ်ချခဲ့ပါတယ်။ အဆိုပါ လေယာဥ်ဟာ လမ်းကြောင်းလွဲသွားပြီးနောက် ပစ်ချခံခဲ့ရတာ ဖြစ်ပါတယ်။ လေယာဥ်ပေါ်မှာ လိုက်ပါလာတဲ့ ခရီးသည်နဲ့ လေယာဥ်အမှုထမ်း ၂၆၉ ဦး သေဆုံးခဲ့ပါတယ်။ ထိုဖြစ်ရပ်ဖြစ်ပြီးနောက် ငါးရက်အကြာမှာ ဆိုဗီယက်က တောင်ကိုရီးယားလေယာဥ်ကို ပစ်ချခဲ့ကြောင်း ထုတ်ဖော်ပြောခဲ့ပါတယ်။

လူ ၁၀၈ ဦး သေဆုံးခဲ့တဲ့ ဖြစ်ရပ် (စီနိုင်းသဲကန္တာရ)

ဖေဖေါ်ဝါရီ ၂၁၊ ၁၉၇၃ ခုနှစ် - လစ်ဗျားအာရပ်လေကြောင်းလိုင်း (Libyan Arab Airline) မှ Boeing 727 လေယာဥ်ဟာ လစ်ဗျားနိုင်ငံ ထရီပိုလီမြို့မှ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့သို့ ပျံသန်းနေစဥ် အစ္စရေးတိုက်လေယာဥ်တွေက စီနိုင်းသဲကန္တာရ ကောင်းကင်ယံမှာ ပစ်ချခဲ့ပါတယ်။ ပစ်ချခံရတဲ့ လေယာဥ်ပေါ်မှာ လိုက်ပါလာသူတွေအနက် လေးဦးသာ အသက်ရှင်ပြီး ၁၁၂ ဦး သေဆုံးခဲ့ပါတယ်။

ထိုလေယာဥ်ဟာ စီနိုင်းသဲကန္တာရအတွင်း စစ်ဘက်စခန်းတွေအပေါ်မှ ပျံသန်းသွားခဲ့ပြီးနောက် အစ္စရေးလေတပ်က ကြားဖြတ်ဟန့်တားကာ ပစ်ချခဲ့တာဖြစ်ပါတယ်။ လေယာဥ်ကို ဆင်းသက်ရန် ညွှန်ကြားခဲ့ပေမဲ့ မလိုက်နာတာကြောင်း တိုက်လေယာဥ်တွေက ပစ်ချခဲ့ကြောင်း အစ္စရေးအာဏာပိုင်တွေက ပြောခဲ့ပါတယ်။

Source: AFP

Share

Loading Next Article...
က္က