“ရှင်ဥပဂုတ္တရဟန္တာမထေရ်မြတ်ကြီး” ကြီးဟာ သာသနာပြု ဇာတ်ကားဖြစ်လို့ ပရိသတ်တွေ အားပေးစေချင်တယ်လို့ ပါဝင်ကြတဲ့ အနုပညာရှင်တွေက စကားလက်ဆောင်ပါးခဲ့ပါတယ်။ ဒီဇာတ်ကား အကြောင်းလေးကိုလည်း ပြောပြခဲ့ကြပါသေးတယ်။
Photo: Wah Wah Win Shwe
“ရှင်ဥပဂုတ္တရဟန္တာမထေရ်မြတ်ကြီး” ရုပ်ရှင်ကားကြီး အထူးပြပွဲကို ဒီဇင်ဘာလ ၇ ရက်နေ့ မနက်ပိုင်းက သမ္မတရုပ်ရှင်ရုံမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်ခွင့်ရလို့ ဝမ်းသာနေတဲ့ ဆုပန်ထွာကလည်း ဒီဇာတ်ကားလေးအပေါ် သူ့ရင်ထဲက ခံစားချက်ကို မီဒီယာတွေကနေတဆင့် ဖွင့်ပြောပြလာပါတယ်။
“အန်တီဝါက မပန်ကို သမီးရေ ရှင်ဥပဂုတ္တမထေရ် ဇာတ်ကားရိုက်ချင်တယ်ဆိုတော့ လာကမ်းလှမ်းတဲ့အချိန်မှာ အရမ်းလည်း အံ့သြသွားတယ်။ ရိုက်မယ် ဆိုပြီးတော့လည်း ချက်ချင်းလက်ခံလိုက်တယ်။ ဝမ်းလည်း ဝမ်းသာတယ်။ မပန်က ရှင်ဥပဂုတ္တမထေရ်ကို အမြဲတမ်း ဆွမ်းကပ်ခဲ့သူဆိုတော့ ဒီဇာတ်ကားရိုက်ရတာ ရေစက်ပါတယ်လို့ ထင်တယ်” လို့ သူကဆိုပါတယ်။
ဝါဝါဝင်းရွှေဟာ ရှင်ဥပဂုတ္တရဟန္တာမထေရ်မြတ်ကြီး ရုပ်ရှင်ကားကြီးရိုက်ဖို့ ၁၀ နှစ်ကြာအောင် ကြိုးစားပြင်ဆင်ခဲ့ရတယ်လို့ သားဖြစ်သူ ဝါဇင်က ပြောပါတယ်။ သူကိုယ်တိုင်လည်း ဒီဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
“ ဒီဇာတ်ကားကတော့ ဘာသာရေးပေါ့နော်။ သာသနာပြုတဲ့ ဇာတ်ကားလေးပါ။ ကျွန်တော်ကတော့ ဒီဇာတ်ကားထဲမှာ ဒေါသဂုမ္မာရ အိမ်ရှေ့စံ မင်းသားတစ်ယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ စစ်ရှုံးလို့ ရသေ့ကြီးဆီမှာ တောလာခိုတဲ့သူပေါ့။ ဒီဇာတ်ကားက ရာဇဝင်ကားဖြစ်တဲ့အတွက် ရိုက်တဲ့အချိန်မှာလည်း အရမ်းပူတော့ ဝတ်ရတဲ့အဝတ်အစားတွေနဲ့ ပြောရတဲ့ စကားတွေ မမှားအောင် ကြိုးစားခဲ့ရပါတယ်။ အမေကလည်း ဒီဇာတ်ကားကို လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက ရိုက်ချင်နေတာပါ”
ရှင်ဥပဂုတ္တရဟန္တာမထေရ်မြတ်ကြီး ရုပ်ရှင်အထူးပြပွဲကို တက်ရောက်လာတဲ့ ကျော်ထက်အောင်ကလည်း ဒီဇာတ်ကားကို ထွေလာကြည့်ကတည်းက အရမ်းသဘောကျခဲ့တယ်လို့ဆိုပါတယ်။အနုပညာအပေါ်ထားတဲ့ ဝါဝါဝင်းရွှေရဲ့ ချစ်ခြင်းတရားတွေကိုလည်း မြင်ရတယ်လို့ သူကပြောပါတယ်။
“ အန်တီဝါကလေ ဒီနေ့ ဒီအချိန်ထိ လှမြဲ၊ လှဆဲပဲ။ ပြီးတော့ အနုပညာကို ချစ်တဲ့စိတ်က အတိုင်းသားမြင်ရတယ်။ မျက်နှာလေးမှာ ပေါ်နေတာပေါ့နော်။ အနုပညာနဲ့ပတ်သက်လာရင် အနုပညာအသိုင်းအဝိုင်းနဲ့ ပတ်သက်ရင် အန်တီဝါရဲ့ ချစ်ခြင်းမေတ္တာတွေက အရမ်းကို ကြီးမားပါတယ်” လို့ ဆိုပါတယ်။
ရှင်ဥပဂုတ္တရဟန္တာမထေရ်မြတ်ကြီး ကို ဒီဇင်ဘာလ ၁၂ ရက်နေ့ကစပြီး မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ ဝါဝါဝင်းရွှေကိုယ်တိုင် ဒါရိုက်တာအဖြစ်ရိုက်ကူးပြီး ထုတ်လုပ်သူအဖြစ်နဲ့ရော သရုပ်ဆောင်အဖြစ်နဲ့ပါ ပါဝင်ထားတဲ့ဇာတ်ကားပါ။ ဝါဝါဝင်းရွှေနဲ့အတူ သရုပ်ဆောင် ရဲအောင်၊ နေမျိုးအောင်၊ ဝါဇင်၊ ခိုင်ထူးသာ၊ ဆုပန်ထွာနဲ့ လီလီကျော်ခိုင်တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။