၂၂မှတ်အထိ အနီးကပ်ပြိုင်ဘက်ကို အမှတ်ဖြတ်ထားတာပါ။

လီဗာပူးလ်ရဲ့ တည်ငြိမ်မှုအပြည့်နဲ့ အကောင်းဆုံးကစားပုံတွေကို ပရီးမီးယားလိဂ်မှာ ဘယ်အသင်းကမှ မရပ်တန့်နိုင်သေးဘဲရှိနေပြီး အမှတ်ပေးဖလားအတွက် ပြိုင်ဆိုင်မှုကလည်း စောစောစီးစီးပဲ အဖြေထွက်ပေါ်လာဖို့ရှိနေပါတယ်။


အန်ဖီးလ်မှာ ဆောက်သမ်တန်ကို လေးဂိုးပြတ်နဲ့ အနိုင်ကစားပြီးတဲ့နောက်မှာ လီဗာပူးလ်အသင်းဟာ ဒုတိယနေရာက မန်စီးတီးကို ၂၂မှတ်အထိဖြတ်တောက်ကာ အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့ပါတယ်။ လီဗာပူးလ်အနေနဲ့ ချိန်ဘာလိန်ရဲ့ သွင်းဂိုးနှစ်ဂိုး၊ ဟန်ဒါဆန်၊ ဆာလာတို့ရဲ့ ဂိုးတွေနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့တာဖြစ်ပြီးတော့ ၂၅ ပွဲကစားအပြီးမှာ ရှုံးပွဲမရှိစံချိန်နဲ့အတူ အမှတ်ပေးဖလားကို ထိုက်ထိုက်တန်တန်ဦးဆောင်နေခဲ့တာလည်းဖြစ်ပါတယ်။

စုစုပေါင်းအမြင့်ဆုံးရနိုင်ချေရမှတ် ၇၅ မှတ်မှာ ၇၃ မှတ်အထိ လီဗာပူးလ်က ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ မှတ်တမ်းများအရဆိုရင်တော့ လီဗာပူးလ်အနေနဲ့ ဒုတိယနေရာအသင်းကို ၂၂ မှတ်အထိ ဖြတ်တောက်ထားနိုင်ခဲ့တာဟာ အင်္ဂလန်ပြည်တွင်းရဲ့ အဆင့်မြင့်ဆုံးလိဂ်တစ်ခုမှာ နှစ်ပေါင်း ၁၃၁ နှစ်အတွင်း အကြီးမားဆုံးအမှတ်ကွာဟချက်နဲ့ ဦးဆောင်နိုင်ခဲ့တာဖြစ်တယ်လို့ Optajoe က ဖော်ပြသွားခဲ့ပါတယ်။ 

မန်စီးတီးကတော့ ဒီနေ့မှာ တော့တင်ဟမ်နဲ့ ကစားသွားရမှာဖြစ်ပြီး အနိုင်ရရှိခဲ့မယ်ဆိုပါက ၁၉မှတ်အကွာအနေအထားကို ပြန်လည်ရောက်ရှိမှာဖြစ်ပါတယ်။ လက်ရှိအခြေအနေအရတော့ လီဗာပုူးလ်အနေနဲ့ နောက်ထပ် ၇ ပွဲအနိုင်ရရုံနဲ့ အမှတ်ပေးဖလားကို ဆွတ်ခူးနိုင်တော့မှာဖြစ်ပါတယ်။ ဒါဟာ နှစ်ပေါင်း ၃ဝအတွင်း သူတို့အတွက် ပထမဆုံးအကြိမ် အမှတ်ပေးဖလားကို ပြန်လည်ရယူနိုင်မှာဖြစ်သလို ပရီးမီးယားလိဂ်လို့ နာမည်ပြောင်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အမှတ်ပေးဖလားဆွတ်ခူးနိုင်မှုလည်း ဖြစ်လာမှာဖြစ်ပါတယ်။ 

ဒီရာသီမှာ ယာဂင်ကလော့ပ်ရဲ့အသင်းက ရှုံးပွဲမရှိသေးတာကြောင့် ရှုံးပွဲမရှိစံချိန်နဲ့လည်း အမှတ်ပေးဖလားကိုရယူနိုင်ဖို့ မျှော်လင့်နိုင်မှာဖြစ်ပါတယ်။ လီဗာပူးလ်ရဲ့ တည်ငြိမ်မှုအပြည့်နဲ့ အကောင်းဆုံးကစားပုံတွေကို ပရီးမီးယားလိဂ်မှာ ဘယ်အသင်းကမှ မရပ်တန့်နိုင်သေးဘဲရှိနေပြီး အမှတ်ပေးဖလားအတွက် ပြိုင်ဆိုင်မှုကလည်း စောစောစီးစီးပဲ အဖြေထွက်ပေါ်လာဖို့ရှိနေကာ လက်ကျန်ပွဲစဉ်တော်တော်များများကျန်နေချိန်မှာပဲ လီဗာပူးလ်က ဗိုလ်စွဲသွားနိုင်ဖွယ်ရာရှိနေပါတယ်။

Share

က္က