အစားမစား ၊ ရေမသောက်ဘဲ PUBG ကို ဆက်တိုက်ကစားခဲ့တဲ့ အိန္ဒိယမှ ဆယ်ကျော်သက်တစ်ဦး သေဆုံးသွားခဲ့ပါတယ်။
အန်ဒရာပရာဒေ့ချ်မှာ နေထိုင်တဲ့ ဒီလူငယ်ဟာ PUBG ကို ရက်ပေါင်းများစွာ ကစားပြီးနောက် ပြင်းထန်တဲ့ ရေဓါတ်ခမ်းခြောက်မှုဝေဒနာခံစားရပြီး သေဆုံးသွားတာ ဖြစ်တယ်လို့ IndiaTV သတင်းက ဆိုပါတယ်။ သူဖျားနေတာကို မိသားစုက သိသွားပြီးနောက် Eluru မြို့မှာ ရှိတဲ့ ပုဂ္ဂလိကဆေးရုံတစ်ခုကို အမြန်ပို့ဆောင်ခဲ့တာပါ။
Photo: BGR
ဒီလူငယ်ဟာ ပြင်းထန်တဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါပါ နောက်ဆက်တွဲခံစားခဲ့ရပြီး ခွဲစိတ်ကုသမှုလည်း ဝင်ခဲ့ရပေမယ့် အသက်မမီခဲ့ပါဘူး။ PUBG ဂိမ်းစွဲလမ်းမှု လွန်ကဲခြင်းကြောင့် လူ့အသက်ဆုံးရှုံးရတဲ့ အဖြစ်ဟာ ဒီတစ်ကြိမ် ပထမဆုံးတော့ မဟုတ်ပါဘူး။ တမီနာဒူးပြည်နယ် Kumarapalayam မှာ ရှိတဲ့ ပုဂ္ဂလိက ပိုလီတက္ကနစ်ကောလိပ်မှ အထည်အလိပ်ဒီဇိုင်းဒုတိယနှစ်ကျောင်းသားတစ်ဦးဟာလည်း PUBG ကို ၂ ရက် ဆက်တိုက်ကစားပြီးနောက် သေဆုံးခဲ့ပါတယ်။
ယခုနှစ် ဇန်နဝါရီလထဲမှာလည်း ပူနေးမြို့မှာ နေထိုင်တဲ့ ဟာရှယ်လ် မီမိန်းဆိုသူ အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦးဟာ PUBG Mobile ဂိမ်းကို ဆက်တိုက်ကစားပြီးနောက် ဦးနှောက်သွေးကြောပေါက်ပြီး သေဆုံးသွားပါတယ်။ သေဆုံးသွားတဲ့ ဒီအမျိုးသားဟာ ဂိမ်းကစားနေစဉ်အတွင်း ညာဘက်လက်နဲ့ ခြေထောက် လှုပ်မရကြောင်း ပြောသွားခဲ့ပါတယ်။
Photo: Business Insider
PUBG လို့ ခေါ်နေကြတဲ့ PlayerUnknown’s Battlegrounds ဂိမ်းဟာ ကမ္ဘာတစ်လွှားမှာ လူကြိုက်အများဆုံး တိုက်ခိုက်ရေးဂိမ်းတစ်ခု ဖြစ်ပါတယ်။ ဒီဂိမ်းဟာ PC နဲ့ Console ဗားရှင်းအပြင် မိုဘိုင်းဗားရှင်းအနေနဲ့လည်း ထွက်ရှိထားပါတယ်။ PUBG ဂိမ်းကို အိန္ဒိယနိုင်ငံအတွင်း ဒေါင်းလုပ်ဆွဲမှု ၁၇၅ သန်းနီးပါး ရှိပါတယ်။
ဂိမ်းစွဲလမ်းမှုဟာ လူ့အဖွဲ့အစည်းအကြား စိုးရိမ်စရာအဖြစ် ရှုမြင်လာကြပါတယ်။ တရုတ်နိုင်ငံမှာလည်း လူငယ်များ ဂိမ်းကစားလွန်ခြင်းကြောင်း နောက်ဆက်တွဲကျန်းမာရေးပြဿနာများ ရှိကြောင်း သမ္မတကိုယ်တိုင် ထောက်ပြခဲ့ပြီး အရေးယူသွားမယ်လို့ ပြောထားပါတယ်။ နောက်ပိုင်းမှာ PUBG နဲ့ League of Legends စတဲ့ ဂိမ်းတွေကို ထုတ်လုပ်နေတဲ့ Tencent ဟာ အသက်မပြည့်တဲ့ ကလေးငယ်များ ဂိမ်းကစားချိန်ကို ကန့်သတ်ဖို့ လုပ်လာပါတယ်။