သတ်သွားတဲ့တရားခံက အသက်(၆၃)နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး အသတ်ခံရတဲ့ အမျိုးသမီးကို သားမယားအဖြစ်ပြုကျင့်ရန်ကြိုးစားရင်း အမျိုးသမီးက ငြင်းဆန်ခဲ့ရာမှာ အခုလိုလူသတ်မှုကျူးလွန်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
မုံရွာခရိုင်၊ ဘုတလင်မြို့နယ်ရှိ ကွမ်းခြံတစ်ခြံအတွင်း ဒီဇင်ဘာလ(၅)ရက်နေ့က ဦးခေါင်းနောက်စေ့ ကြေမွဒဏ်ရာတွေနဲ့ သေဆုံးလျှက်တွေ့ရှိခဲ့တဲ့ အသက်(၂)နှစ်အရွယ် သမီးလေးနဲ့ မိခင်တို့ကို သတ်သွားတဲ့ တရားခံကိုတော့ ဒီဇင်ဘာလ(၆)ရက်နေ့က ဖမ်းဆီးရမိပြီဖြစ်တယ်လို့သိရပါတယ်။
“ ကျူးလွန်တဲ့ အမျိုးသားက အသတ်ခံရတဲ့ အမျိုးသမီးအဖေနဲ့ သူငယ်ချင်းတွေလို့ပြောတယ်။ အသတ်ခံရတဲ့ အမျိုးသမီးက အခုအသတ်ခံရတဲ့ နေရာ ကွမ်းခြံထဲမှာ အလုပ်လုပ်တာ။ အခုကျူးလွန်တဲ့ အမျိုးသားကလည်း အဲဒီကွမ်းခြံထဲကို အမြဲလာတဲ့သူ။ အခင်းဖြစ်တဲ့နေ့က အသတ်ခံရတဲ့ အမျိုးသမီးကို သားမယားအဖြစ်ပြုကျင့်ဖို့ကြံစည်တာမှာ အမျိုးသမီးကငြင်းဆန်ရာကနေ အခုလိုကျူးလွန်ခဲ့တာ” လို့ ဘုတလင်ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက Duwun ကိုပြောပါတယ်။
photo- ဘုတလင်မြို့နယ်ရဲတပ်ဖွဲ့
အမှုရဲ့ဖြစ်စဉ်မှာ အသက်(၂)နှစ်သမီးငယ်လေးနဲ့ သူမရဲ့မိခင်တို့ဟာဒီဇင်ဘာလ (၅)ရက်နေ့က မိခင်ဖြစ်သူအလုပ်လုပ်တဲ့ ကွမ်းခြံအတွင်းမှာ ဦးခေါင်းနောက်စေ့ကြေမွဒဏ်ရာတွေနဲ့ မှောက်လျှက်အနေအထားသေဆုံးနေတာကို တွေ့ရှိခဲ့ရတာပါ။ သေဆုံးသူတွေရဲ့အလောင်းတွေ့ရှိတဲ့ နေရာနဲ့ မလှမ်းမကမ်းမှာပဲ ဖြန့်ခင်းထားတဲ့ ပုဆိုးပေါ်မှာ ချိုင့်တစ်ချိုင့်နဲ့ သွေးစွန်းနေတဲ့ သစ်သားတုတ်တစ်ချောင်းကို တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။
သေဆုံးသူ အမျိုးသမီး မရီရီသန့်နဲ့ သမီးဖြစ်သူ အသက်(၂)နှစ်အရွယ် မအေးသန္တာထွန်းတို့ သားမိနှစ်ဦးကို ရိုက်နှက်သတ်သွားတဲ့ တရားခံကိုတော့ ဘုတလင်မြို့မ ရဲစခန်းက ရာဇသတ်ကြီးပုဒ်မ(၃၀၂)နဲ့ အမှုဖွင်ပြီး ဆောင်ရွက်လျှက်ရှိရာမှာ ဒီဇင်ဘာလ(၆)နေ့မှာတော့ တရားခံကို ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။