မကြာခင်ရက်ပိုင်းအတွင်းမှာ နှစ်တစ်နှစ်ဟာ ကုန်ဆုံးတော့မှာဖြစ်ပြီး နှစ်သစ်ကိုကူးပြောင်းတော့မှာ ဖြစ်ပါတယ်။ ဒီလို အကူးအပြောင်းမှာ မဒီတို့အနေနဲ့ ပြီးခဲ့တဲ့နှစ်မှာ အလုပ်နဲ့ပတ်သက်ပြီးတော့ဖြစ်ဖြစ်၊ ကိုယ့်ရဲ့နေ့စဉ်ဘဝနဲ့ပတ်သက်ပြီးတော့ဖြစ်ဖြစ်၊ မိသားစုရေးရာ၊ ချစ်ရေးချစ်ရာ၊ သူငယ်ချင်းမိတ်ဆွေ စတဲ့ ဆက်ဆံရေးတွေ၊ ကိုယ့်ရဲ့အမူအကျင့် စတာတွေနဲ့ ပတ်သက်ပြီး တစ်နှစ်ပတ်လုံး ကိုယ်လုပ်ခဲ့တာတွေက ကိုယ့်အတွက် အကျိုးကျေးဇူးတွေရှိခဲ့သလား၊ အချိန်တွေဖြုန်းတာများနေသလား၊ နောက်နှစ်အတွက် ခြေလှမ်းသစ်တွေ စလှမ်းနိုင်ဖို့ အစပျိုးနိုင်ခဲ့ပြီလား စသဖြင့် ပြန်သုံးသပ်ကြည့်ဖို့ လိုပါတယ်။ ဒါကို New Year's Resolution လို့ ခေါ်ကြပါတယ်။ ဒီလိုလုပ်ဖို့ ဘာလို့များလိုအပ်တာလဲဆိုတော့ ဒီလိုကိုယ့်ဘာသာကိုယ် သုံးသပ်ကြည့်မှသာ နောက်နှစ်မှာ ကိုယ်ဘာတွေဆက်လုပ်သင့်ပြီး၊ ဘယ်လိုအရာတွေကို လျစ်လျူရှုလိုက်သင့်တယ်၊ ကိုယ့်အတွက် ဘယ်လိုအကျိုးရှိအောင် ဘယ်လိုအမူအကျင့်တွေကို စွန့်ပစ်ပြုပြင်သင့်တယ်၊ ကိုယ့်ကိုပျော်စေတဲ့အရာတွေက ဘာတွေဖြစ်ပြီး၊ စိတ်ပင်ပန်းစေတဲ့အရာတွေက ဘာဖြစ်တာဆိုတာကို သိသွားမှာဖြစ်ပါတယ်။
ဒါပေမယ့် နှစ်ကုန်ပြီဆိုတိုင်း ကိုယ်တကယ်မလုပ်ဖြစ်၊ အကောင်အထည်မဖော်ဖြစ်ဘဲ နောက်နှစ်တွေမှာ ဘာလုပ်မယ်ဆိုပြီး ချရေးနေတာမျိုးထက် ကိုယ်တကယ်လုပ်နိုင်မယ်၊ ကြိုးစားဖန်တီးလုပ်ယူနိုင်မယ့် အရာတွေကိုသာ သေချာစီစစ်ပြီး လုပ်မယ့်စာရင်းထဲထည့်သင့်ပါတယ်။ ဥပမာ ဒီနှစ်မှာ ကိုယ့်ရဲ့ဝင်ငွေက ဆယ်သိန်းဝန်းကျင်မို့ နောက်နှစ်မှာ သိန်း၃၀ ရရမယ်ဆိုပြီး မဖြစ်နိုင်တာတွေကိုတော့ အကောင်အထည်ဖော်မယ့်စာရင်းထဲ မထည့်သင့်ပါဘူး။ ဒါ့အပြင် ကိုယ့်အလုပ်က ဝန်ထမ်းမို့၊ ဝန်ထမ်းကနေ နောက်တစ်ဆင့်ကို တိုးမှန်းတာကမှန်ပေမယ့် တန်းပြီး ဒါရိုက်တာရာထူးမှန်းတာမျိုးလည်း မဖြစ်သင့်ပါဘူး။
အခုလိုနှစ်တစ်နှစ်ကိုပြန်လည် သုံးသပ်ကြည့်တဲ့အခါ တချို့ကတော့ ကိုယ်လုပ်မယ်ဆိုတဲ့အရာကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်ကြသူတွေရှိသလို ကိုယ့်ကိုယ်ကိုယ် အားမရတဲ့သူတွေလည်း ရှိနေပါတယ်။
ဒီအကြောင်းနဲ့ပတ်သက်ပြီး Maze Of Mara band ရဲ့ အဆိုတော်ဖြစ်တဲ့ Zee က “New Year’s Resolution အဖြစ် တစ်နှစ်ကုန်တိုင်းတော့ တစ်ခါပြန်သုံးသပ်ဖြစ်ပါတယ်။ အလုံးစုံအကောင်အထည် မဖော်ဖြစ်ပေမယ့် နည်းနည်းပြီးမြောက်တာလေးတွေတော့ ရှိပါတယ်။ ထူးထူးခြားခြား အကျိုးကျေးဇူးကတော့ ရှာမတွေ့သေးပါဘူး။ Target ထားထားတဲ့ အရာတွေ မပြီးမြောက်ခဲ့ဘူး။ ၂၀၁၉ကို ကိုယ့်ဘာသာ ကိုယ်အားမရဘူးပေါ့နော်။ အများကြီးကြိုးစားရပါဦးမယ်” လို့ ပြောပြသွားပါတယ်။
New Year’s Resolution ရယ်လို့ သတ်သတ်မှတ်မှတ်မလုပ်ဖြစ်ပေမယ့် ကိုယ့်အတွက်ကိုယ် ဘာတွေဆက်လုပ်သင့်တယ်၊ ကိုယ့်စီးပွားရေးနဲ့ပတ်သက်ပြီး ဘာလုပ်ရမယ်ဆိုပြီး အမြဲဆုံးဖြတ်ချက်ချတတ်သူကတော့ ရတနာဒေဝီပိုးထည်ဆိုင်ရဲ့ ပဲ့ကိုင်ရှင် ခိုင်သဥ္ဇာချိုပါ။
ဒီအကြောင်းနဲ့ပတ်သက်ပြီး သူမကတော့ “Resolution ရယ်လို့ သတ်သတ်မှတ်မှတ်ချက် မလုပ်ဖြစ်ပေမယ့် ၂၀၁၇ နှစ်ကုန်ပိုင်းလောက်ကတည်းက နောက်နှစ်မှာ ငါဘာလုပ်မယ်ဆိုပြီး ဆုံးဖြတ်ချက်ချ လုပ်ဖြစ်ခဲ့တာတွေရှိတယ်။ ကိုယ်လုပ်မယ်ဆိုတဲ့ အကောင်အထည်ဖော်ခဲ့တဲ့ အရာတွေထဲ fail ြဖစ်သွားခဲ့တာကတော့ ၀ိတ်လျှော့တာပေါ့။ ကိုယ်ချချင်တဲ့အထိ မချနိုင်ခဲ့ဘူး။ သေချာမလုပ်နိုင်လိုက်ဘူး။ ဒါပေမယ့် ပိုက်ဆံစုမယ်၊ ပိုက်ဆံတွေကို သိပ်မသုံးဘဲနဲ့ တစ်နေရာမှာပြန်ပြီးတော့ invest လုပ်မယ်၊ အလုပ်ပြန်လုပ်တာတွေ လုပ်မယ်ဆိုတာကိုတော့ ဆုံးဖြတ်ချက်ချကြိုးစားခဲ့တဲ့အတိုင်း သေချာလေးအောင်မြင်အောင် လုပ်နိုင်ခဲ့ပါတယ်” တဲ့။
ကိုယ်ဖြစ်ချင်တာတွေ၊ ကိုယ်လုပ်ချင်တာတွေကို ရည်ရွယ်ကြိုးစားခဲ့တဲ့အတိုင်း အောင်မြင်မှုတွေရခဲ့တဲ့ သူကတော့ Mori Burma ရဲ့ ပဲ့ကိုင်ရှင်သီရိဝင်းမောင်ပဲ ဖြစ်ပါတယ်။
“ကိုယ့်အလုပ်ကို ၂၀၁၉အတွင်း အောင်မြင်အောင် လုပ်မယ်လို့ ဆုံးဖြတ်ချက်ချထားတဲ့အတိုင်း ရည်မှန်းထားသလောက်အထိ အချိန်တိုအတွင်း အောင်မြင်ခဲ့ပါတယ်။ ဒါကြောင့် ၂၀၁၉ဟာ ၂၀၁၈ က သတ်မှတ်ထားတဲ့အတိုင်း ကြိုးစားမှုကြောင့် ဖြစ်လာတဲ့အတွက် ၂၀၁၉ အချိန်တစ်နှစ်တာလုံးကို ကျေနပ်မှုရှိပါတယ်” လို့ သူမက ဆိုပါတယ်။
တကယ်တော့ မဒီတို့ဟာ အပြောင်းအလဲအသစ်တစ်ခုခုကို လုပ်ချင်တယ်ဆိုရင် နှစ်တစ်နှစ်ပြန်လည် သုံးသပ်တဲ့အခါ နောက်နှစ်ဘာတွေအသစ်ထပ်လုပ်မယ်ဆိုတာထက် ကိုယ်လက်ရှိလုပ်နေတဲ့အရာတွေ၊ ကိုယ့်ရဲ့အမူအကျင့်ဟောင်းတွေကို ပြုပြင်ဖို့နဲ့ မလိုအပ်ဘဲ အချိန်ဖြုန်းမိနေတဲ့အရာတွေကို ကိုယ့်နေ့စဉ်ဘဝထဲက ဖယ်ထုတ်ပစ်ဖို့ ပိုကြိုးစားသင့်ပါတယ်။
ဒီအချက်နဲ့ပတ်သက်ပြီး Zee ကတော့ “လာမယ့် ၂၀၂ဝမှာ ကိုယ်လုပ်မယ်ဆိုတဲ့အရာတွေ စိတ်ကူးေတွကို မဖြစ်ဖြစ်အောင် လုပ်ပါမယ်။ ပြီးတော့ ကိုယ့်စိတ်အတွက်လေးလံစေမယ့်အရာတွေ အကုန်လွှတ်ချမယ်။ ဆက်သယ်မသွားဘူး။ ကိုယ်ပိုင်အချိန်ကို သေချာဂရုစိုက်အသုံးချသွားပါ့မယ်။ သဘောကောင်း အားနာတတ်တဲ့အကျင့်တွေ လျှော့ပစ်ပါမယ်” တဲ့။
အမူအကျင့်ပိုင်းနဲ့ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုယ် သဘောမကျတဲ့အရာကို ပြင်ဖို့ စတင်ကြိုးစားမယ်ဆိုတဲ့ Zee လိုပဲ သီရိဝင်းမောင်ကလည်း “၂၀၂ဝမှာလည်း ကိုယ်ရည်ရွယ်ထားတဲ့အတိုင်း အလုပ်တွေပဲ ပိုကြိုးစားလုပ်မယ်။ နောက်ပြီး နှစ်တိုင်းဖျောက်ပေမယ့် မရတဲ့ “လူတွေကိုအယုံလွယ်တဲ့အကျင့်” ကိုလည်း ထပ်ဖျောက်နိုင်ဖို့ ကြိုးစားမယ်။ ချစ်သူ၊ သူငယ်ချင်းမိတ်ဆွေတွေနဲ့ relationship မှာ အခုထက် ပိုအဆင်ပြေတာမျိုး ပိုကောင်းလာတာမျိုး ကြိုးစားမယ်။ ဒေါသထွက်လွယ်တာ ဝမ်းနည်းလွယ်တာတွေလည်း လျှော့မယ်။ meditation ပိုလုပ်မယ်။ S.N Goenka ရိပ်သာမှာ တစ်နှစ်အနည်းဆုံး နှစ်ကြိမ်ဝင်နိုင်ဖို့ ကြိုးစားပါမယ်။” လို့ ဖွင့်ဟသွားခဲ့ပါတယ်။
လူတစ်ယောက်ဟာ ကိုယ့်ကိုယ်ကိုယ်ပြန်လည်သုံးသပ်မှုလုပ်တဲ့အခါ တခြားလူက မမြင်နိုင်တဲ့အရာတွေ၊ ကိုယ့်အားနည်းချက်၊ ကိုယ်အားသာချက်တွေကို ရှင်းရှင်းလင်းလင်းပိုမြင်နိုင်ပါတယ်။ ကောင်းကျိုးတွေ အနေနဲ့ ကိုယ့်အတွက်ကိုယ်ဘယ်အရာတွေက အရေးကြီးပြီး ဦးစားပေးသင့်တယ်ဆိုတာကို သိမြင်သွားစေတာပါပဲ။ ဒါ့ကြောင့် နှစ်တစ်နှစ်အဆုံးမှ မဟုတ်ရင်တောင် အနည်းဆုံး ၆ လ တစ်ခါတော့ ကိုယ့်ကိုယ်ကိုယ်ပြန်လည် သုံးသပ်ပြီး ပြင်ဆင်တည့်မတ်သင့်တာတွေကို ပြုပြင်သင့်ပါတယ်။
သူတစ်ပါးအတွက် ရှင်သန်နေမိတာများရင် ကိုယ့်အတွက် သီးသန့်အချိန်လေးတွေရှာပါ၊ အလုပ်မှာ အချိန်ဖြုန်းနေမိတာများရင် အလုပ်ကို ပို focus လုပ်ပြီး အောင်မြင်အောင် ကြိုးစားပါ။ ချစ်သူရည်းစားနဲ့ အဆင်မပြေတာတွေများနေရင် ဘာ့ကြောင့်ဒီလိုဖြစ်သလဲဆိုပြီး သေချာသုံးသပ်ဆုံးဖြတ်ပါ။ သူငယ်ချင်းတွေကို အချိန်မပေးဖြစ်တော့ဘူးဆိုရင် တစ်လတစ်ခါ ချိန်းပြီး အတူစားသောက်ပါ။ မိဘတွေနဲ့ ထမင်းလက်ဆုံမစားဖြစ်တာ ကြာပြီဆိုရင် မိဘတွေနဲ့ အားလပ်ရက်မှာ အတူကုန်ဆုံးဖို့ ကြိုးစားကြည့်ပါ။ ကိုယ့်စိတ်အကြည်ဓာတ်တွေ ပျောက်ဆုံးနေရင် ဒီအကြောင်းရင်းကိုရှာပြီး ကိုယ့်ကို ပြန်လည်လန်းဆန်းစေမယ့်အရာတွေသိအောင်လုပ်ပြီး ဘဝမှာနေလို့ကောင်းလာအောင် ကြိုးစားကြည့်ပါ။
အသေးဆုံးဆိုတာလေးတွေကစပြီး ကိုယ့်ကိုယ်ကိုယ်ပြန်လည်တည်ဆောက်ဖို့ အခွင့်အရေးပေးလိုက်ပါ။ တွန်းအားတစ်ခုရှိနေတဲ့အခါ၊ ဆုံးဖြတ်ချက်၊ သတ်မှတ်ချက်လေးတစ်ခုရှိနေတဲ့အခါ ကိုယ့်အတွက် ပိုကောင်းတယ်ဆိုတာ မမေ့ပါနဲ့။ ဒါကြောင့် ၂၀၁၉ တစ်နှစ်တာကို ပြန်လည်သုံးသပ်ကြည့်ရင်း ခုလာမယ့် နှစ်သစ်မှာ ဘယ်လိုအရာတွေနဲ့ အကောင်းဆုံး စတင်တည်ဆောက်ပြီး ကြိုးစားဖြတ်ကျော်မယ်ဆိုတာကတော့ မဒီတို့အပေါ်မှာပဲ မူတည်နေပါတယ်။
Share