အေးချမ်းပြီး ရာသီဥတု ကောင်းတဲ့ ဒီဇင်ဘာလို ကာလမျိုးဟာ အလည်အပတ်ခရီးသွားလိုသူတွေအတွက် အကောင်းဆုံးကာလပဲ ဖြစ်ပါတယ်။ ပိတ်ရက်ရှည်တွေလည်းများတာကြောင့် အေးအေးဆေးဆေး အနားယူချင်သူတွေအနေနဲ့လည်း ဒီလိုကာလမျိုးက အဆင်ပြေဆုံး ဖြစ်သလို နှစ်သစ်ကို စိတ်သစ်လူသစ်နဲ့ စတင်နိုင်ဖို့ နေရာအသစ်အဆန်းလေးတွေ သွားလည်ချင်ကြမှာပါ။ နေရာအသစ်အဆန်းလည်းဖြစ်ပြီး အေးအေးဆေးဆေး Chill လို့ကောင်းမယ့် နေရာအချို့ကို ပြောပြပေးချင်ပါတယ်။
၁။ ဆောင်းတွင်းရဲ့အလှတရားကို အပြည့်အ၀ခံစားနိုင်မယ့် ပူတာအို
Photo - Putao iprd Group
Now & Ever ရုပ်ရှင်ကားကို ကြည့်ပြီးသူတိုင်း ဒီနေရာကို သွားဖို့ စိတ်ကူးယဉ်ကြမယ်ဆိုတာ သေချာပါတယ်။ မြန်မာနိုင်ငံ မြောက်ဖျားပိုင်း ကချင်ပြည်နယ်မှာရှိတဲ့ ပူတာအိုမြို့ရဲ့ အလှဆုံးအချိန်ကတော့ ရေခဲတောင်ကိုမြင်ရတဲ့ အချိန်ပါ။ ဒီခရီးစဉ်ကို သွားဖို့အဆင်ပြေဆုံးကာလကတော့ ရာသီဥတု သာယာတဲ့ ဒီဇင်ဘာကနေ မတ်လအတွင်းဖြစ်တာကြောင့် ယခုလို ပိတ်ရက်ရှည်များတဲ့ ကာလတွေမှာ ပူတာအိုဟာ သွားဖို့ အကောင်းဆုံးနေရာတစ်ခု ဖြစ်ပါတယ်။ပူတာအိုကို ကား၊ ရထား လေယာဥ်အားလုံးရောက်တာမို့ ငွေကြေးချိန်ဆပြီး စိတ်ကြိုက်ရွေးချယ်သွားရောက်နိုင်မှာပဲ ဖြစ်ပါတယ်။ ရန်ကုန်ကနေ ပူတာအိုကို လေယာဥ် တိုက်ရိုက်ရှိပေမယ့် ရထား (မန္တလေးကတစ်ဆင့်) ဒါမှမဟုတ် ကားနဲ့ သွာမယ်ဆိုရင်တော့ မြစ်ကြီးနားကတစ်ဆင့် ပူတာအိုကို ဆက်သွားရမှာဖြစ်ပါတယ်။ တည်းခိုဖို့အတွက် တည်းခိုခန်းနဲ့ ဟိုတယ် တော့ နည်းပါးသလို စျေးလည်းကြီးပါတယ်။ အစားအသောက်က နည်းနည်းရှားပြီး စျေး ကြီး တာကြောင့် အသင့်စားစရာတချို့ကို တစ်ခါတည်း ဆောင်သွားသင့်ပါတယ်။ ကချင်ရိုးရာပစ္စည်းတွေနဲ့ ကချင်အစားအစား ကောင်းကောင်းတွေ ရှိပါတယ်။ လည်ပတ်လို့ ကောင်းတဲ့ နေရာတွေကတော့ ပူတာအိုမြို့မဈေး၊ မူလာရှီးဒီကြိုးတံတားနဲ့ အာဆီယံအမွေအနှစ်ပြတိုက်တို့ပဲ ဖြစ်ပါတယ်။
၂။ တောင်ဇလပ်ပန်းနီနီတွေနဲ့ ပြည့်နေတဲ့ ဝိတိုရိယတောင်ရဲ့အလှ
Photo - ချင်းပြည်နယ် နတ်မတောင် ခရီးစဥ် Facebook Page
တောင်ဇလပ်ပန်း နီနီတွေနဲ့ လှတဲ့ မြန်မာနိုင်ငံရဲ့ ဒုတိယအမြင့်ဆုံးတောင်ကို တက်ဖို့စိတ်ကူးရှိကြတယ်ဆိုရင်တော့ ဒီဇင်ဘာလဟာ အကောင်းဆုံး လပဲ ဖြစ်မှာပါ။ ဝိတိုရိယတောင် (ခ) နတ်မတောင် (ခ) ခေါနုစုမ်ဟာ ချင်းပြည်နယ် ကန်ပက်လက်မြို့မှာ ရှိပြီးတော့ လမ်းပန်းဆက်သွယ်ရေးလည်း ကောင်းမွန်တာကြောင့် ရွေးချယ်သင့်တဲ့ နေရာတစ်ခုပဲ ဖြစ်ပါတယ်။ နှစ်စဉ် ဒီဇင်ဘာ ၂၅ရက်နေ့မှာ နိင်ငံခြားသား ဧည့်သည်တွေရော မြန်မာလူမျိုးတွေပါ တောင်တက်ခရီးကို လာရောက်လေ့ရှိကြတာကြောင့်ဒီဇင်ဘာဟာ ခေါနုစုမ်ရဲ့ ရာသီလို့တောင် သတ်မှတ်လို့ရပါတယ်။ တောင်တက်တဲ့ အရသာအပြင် ချင်းရိုးရာ ဓလေ့တွေနဲ့ ခေါင်ရည်ချိုမြမြတွေဟာ အေးအေးချမ်းချမ်း ရာသီဥတုနဲ့ အလိုက်ဖက်ဆုံး ဖြစ်နေမှာပဲ ဖြစ်ပါတယ်။ တောင်ခြေထိကားလမ်းပေါက်ပြီး ရန်ကုန်ကနေ ကန်ပက်လက်ထိ တိုက်ရိုက်တော့ ကားမရှိပေမယ့် မကွေးတိုင်း၊ ချောက်မြို့ကတစ်ဆင့် ကန်ပက်လက်ကို တောင်တက်ကားတွေနေ့စဥ်ပြေးဆွဲလျက်ရှိပါတယ်။ ဝိတိုရိယတောင်ခြေမှာလည်း ဟိုတယ်တွေရှိသလို စျေးသင့်တဲ့တည်းခိုခန်းတွေလည်း ရှိတဲ့အပြင် ဘတ်ဂျတ်ချွေတာလိုသူတွေအတွက် ဘုန်းကြီးကျောင်းတွေမှာပါ တည်းခိုလို့ရနိုင်မှာပါ။
၃။ တိမ်တွေကို အပေါ်စီးက မြင်ရမယ့် တိမ်ပင်လယ်ခရီးစဥ်
Photo - Min Nadi Kha
နောက်ထပ် လူကြိုက်များနေတဲ့ နေရာတစ်ခုကတော့ ရှမ်းပြည်နယ် နောင်ချိုမြို့က တိမ်ပင်လယ်ပဲ ဖြစ်ပါတယ်။ ပြင်ဦးလွင်ကနေ တစ်ဆင့်သွားရပြီး လမ်းပန်းဆက်သွယ်ရေးကောင်းတာမို့
သွားလာရလွယ်ကူတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ တောင်နှစ်လုံးကြားမှာ ရှိနေတဲ့ တိမ်တွေကို မြင်ရတဲ့ အချိန်ကတော့ နိုဝင်ဘာကနေ ဇန်နဝါရီလောက်ထိပဲ ဖြစ်ပြီး မနက် ၅နာရီခွဲကနေ ၈နာရီခွဲ ဝန်းကျင်မှာသာ မြင်ရလေ့ရှိပါတယ်။ တောင်ပေါ်မှာ ညအိပ်ပြီး ညဘက်မှာ ကြယ်တွေကြည့်၊ မနက်ပိုင်းမှာ တိမ်ပင်လယ်ကို ကြည့်ချင်တယ်ဆိုရင်တော့ အဲဒီမှာ ယာယီဆောက်လုပ်ထားတဲ့ camp လေးတွေနဲ့ အိပ်စက်နိုင်မှာ ဖြစ်ပါတယ်။ တိမ်ပင်လယ် စခန်းကနေ Camping ဆန်ဆန် tent လေးတွေစီစဥ်ပေးပြီး တစ်ညအိပ်အတွက် တစ်ဦးကို တစ်သောင်းကျပ််သာကျသင့်မှာပါ။ စားသောက်ဖို့အတွက်လည်း သင့်တင့်တဲ့ စျေးနှုန်းနဲ့ စီစဥ်ပေးထားတာမို့ ဘတ်ဂျတ်ချွေတာလိုသူတွေအတွက်လည်း သင့်တော်တဲ့ နေရာတစ်နေရာ ဖြစ်ပါတယ်။ တိမ်ပင်လယ်ကို သွားမယ်ဆိုရင်တော့ မန္တလေး- လားရှိုးလမ်းအတိုင်း နောင်ချိုမြို့အထိ သွားပြီး နောင်ချိုကတဆင့် နောင်ချို_ ရက်စောက် ကားလမ်းအတိုင်း တစ်နာရီခန့်ဆက်မောင်းရပါမှာပါ။
၄။ ရှမ်းစော်ဘွားတွေ စံမြန်းခဲ့တဲ့ သီပေါ
နန်းဟူနွဲ့ ရေတံခွန် (Photo - Sam Spicer/ shutterstock)
အခုပြောပြမယ့် နေရာကတော့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ရှိပြီး သွားရလွယ်ကူတဲ့ ရှေးယခင် ရှမ်းစော်ဘွားတွေ စံမြန်းရာ သီပေါမြို့ပဲ ဖြစ်ပါတယ်။မန္တလေး-လားရှိုးလမ်းမပေါ်မှာရှိပြီး မန္တလေးမြို့ကနေ လေးနာရီလောက်သာ ဝေးတဲ သီပေါမြို့ဟာ နိူင်ငံခြားသားဧည့်သည်တွေတော့ အတော်လေးလာရောက်ကြတဲ့ နေရာတစ်ခုလို့ ဆိုပါတယ်။ Twilight Over Burma ဇာတ်လမ်းကြောင့် ပြည်တွင်း ပြည်ပ ခရီးသွားတွေရဲ့ စိတ်ဝင်စားမှုများပြားလာတဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။ အေးအေးချမ်းချမ်းရှိလှတဲ့ သီပေါမြို့ထဲဝင်လိုက်ရုံနဲ့ ရှေးစော်ဘွားတွေရဲ့ ဓလေ့ထုံးတမ်း အငွေ့အသက်တွေကို ခံစားရမှာမို့ သမိုင်းကို စိတ်ဝင်စားသူတိုင်း သွားသင့်တဲ့နေရာ တစ်ခုပါ။ သီပေါမြို့ရဲ့ အဓိကလည်ပတ်သင့်တဲ့ နေရာတွေကတော့ ရှမ်းစော်ဘွားတွေစံမြန်းခဲ့တဲ့ ဟော်၊ Little Bagan၊ ဘော်ကြိုမုဌောစေတီတော်၊ နန်းဟူနွဲ့ ရေတံခွန်နဲ့ သီပေါဈေးတို့ပဲ ဖြစ်ပါတယ်။
၅။ ထူးခြားတဲ့ နယူးရီးယားပွဲရှိတဲ့ ချင်းမိုင်
Photo - yipengchiangmailanternfestival.com
ပြည်ပခရီးစဉ် သွားချင်သူတွေအတွက် ဒီဇင်ဘာ နှစ်သစ်ကူးမှာ ရွေးချယ်သင့်တဲ့ နေရာကတေ့ ချင်းမိုင်ပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ အနီးစပ်ဆုံး ထိုင်းနိုင်ငံမှာ ရှိတာကြောင့် budget trip အတွက် ထည့်သွင်းစဉ်းစားနိုင်တဲ့နေရာ တစ်ခုလည်း ဖြစ်ပါတယ်။ ချင်းမိုင်ရဲ့ နယူးရီးယားပွဲတော်ဟာလည်း သွားရောက်လည်ပတ်ဖို့ အကောင်းဆုံးတစ်ခု ဖြစ်တယ်လို့ ပြည်တွင်းပြည်ပ ခရီးသွားလမ်းညွှန်တွေက ဖော်ပြကြပါတယ်။ ဒီပွဲတော်ဟာ လက်ဆွဲ မီးပုံးတွေ တစ်ရှူးတွေနဲ့ ဝိုင်ယာကြိုးတွေကို ကောင်းကင်ပေါ်လွှတ်တင်ရတာ ဖြစ်ပါတယ်။ ကောင်းကင်မှာ လွင့်မျောနေတဲ့ မီးပုံးရောင်စုံတွေကို မြင်ရတာဟာ ပျော်စရာကောင်းပြီး ရင်သတ်ရှုမောဖွယ် ဖြစ်မှာပါ။ ရန်ကုန်ကနေ ချင်းမိုင်ထိ တိုက်ရိုက်လေကြောင်းလိုင်းတွေလည်း ရှိနေပြီး Travel packageတွေလည်း ရှိတာကြောင့် ကြိုက်နှစ်သက်တဲ့ ခရီးစဥ်ကို ရွေးချယ်နိုင်မှာပါ။ လေယာဥ်ခကတော့ အသွားအပြန် ပျမ်းမျှ ဒေါ်လာ ၂၀၀ ဝန်းကျင်လောက်ကျသင့်ပြီး စျေးသင့်တဲ့ တည်းခိုခန်းတွေ အဆောင်တွေလည်း ရှိတာမို့ စိတ်ကြိုက်ေရွးချယ်နိုင်မှာပဲဖြစ်ပါတယ်။
၆။ နှစ်သစ်ကူးပွဲတွေနဲ့ ပြည့်နေတဲ့ ဘန်ကောက်မြို့
Photo - timeout.com
ဘန်ကောက်ကို အမြဲလည်ပတ်ဖြစ်တယ်ဆိုရင်တောင် ဘန်ကောက်ဟာ new year မှာ ထူးခြားတဲ့ အစီအစဥ်တွေရှိတာကြောင့် တခြားအချိန်နဲ့မတူတဲ့ ဆွဲဆောင်မှုတွေ ရှိလို့ သွားသင့်တဲ့နေရာအဖြစ် ရွေးချယ်ပေးလိုက်ပါတယ်။ ဘန်ကောက်မြို့ ကျောက်ဖရားမြစ်ရဲ့ နယူးရီးယားညမြင်ကွင်းဟာ သေချာပေါက် လက်မလွှတ်သင့်တဲ့ နေရာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ခေါက်ဆန်ရဲ့ Street Party ဟာ ဆိုရင်လည်း ဒေသခံတွေသာမက နိုင်ငံခြားခရီးသွားတွေပါ သဘောကျနှစ်ခြိုက်ကြမှာ အမှန်ပါ။ ဒါ့အပြင် countdown အတွက် ခမ်းနားစည်ကားလှတဲ့ rooftop ပါတီတွေ EDM festival တွေ ရှိတာမို့ နှစ်သစ်ကူးပိတ်ရက်အတွက် ရွေးချယ်သင့်တဲ့ နေရာကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ နှစ်ကူးရုံးပိတ်ရက်တွေမှာ ရန်ကုန်-ဘန်ကောက် အသွားအပြန် လေယာဥ်လက်မှတ်ခက တစ်ဦးကို ဒေါ်လာ ၁၅၀ ကျော်က စလို့ ၂၀၀ ကျော်အထိ ကျသင့်နိုင်ပါတယ်။